တပ်တွင်းပုန်ကန်ရန် ကြိုးစားမှုဖြင့် နိုင်ဂျီးရီးယား စစ်သည်(၅၄)ဦးကို သေဒဏ်ချမှတ်
နိုင်ဂျီးရီးယား နိုင်ငံတွင် တပ်တွင်းပုန်ကန်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲမှုဖြင့် စစ်သည် (၅၄)ဦးအား သေဒဏ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဘိုကိုဟာရမ် စစ်သွေးကြွများကို တိုက်ခိုက်ရမည့် စစ်ဆင်ရေး တစ်ခုတွင် ပါဝင်ရန် ငြင်းဆန်ကြခြင်းကြောင့် အဆိုပါ စစ်သည်များအား စစ်ခုံရုံးတင် စစ်ဆေးပြီး ပြင်းပြင်းထန်ထန် ပြစ်ဒဏ် စီရင်ခဲ့ခြင်းဟု သိရသည်။
အစ္စလာမ်မစ် အစွန်းရောက် တပ်ဖွဲ့တစ်ခုဖြစ်သည့် ဘိုကိုဟာရမ်တို့သည် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း
ဒေသများတွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိပြီး စစ်တပ်က ၎င်းတို့ကို ချေမှုန်းနိုင်ရန် အရှိန်မြှင့် လုပ်ဆောင်
နေသည်။
“စစ်ခုံရုံးက စစ်သား(၅၄)ယောက်ကို တပ်တွင်းပုန်ကန်ဖို့ အားထုတ်မှုနဲ့ သေဒဏ်ချလိုက်ပါတယ်။ (၅)
ယောက်ကိုတော့ တရားသေ လွှတ်ပေးလိုက်တယ်”ဟု လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေ ဖီမီဖလာနာ က ပြောကြားခဲ့သည်။ စစ်ခုံရုံးအတွင်း နောက်ဆုံးစီရင်ချက် ချမှတ်မှု မတိုင်မီ မီဒီယာသမားများကို ထွက် ခွာစေခဲ့ပြီး စီရင်ချက် ဖတ်ကြား အတည်ပြုပြီးချိန်တွင်လည်း စစ်ဘက်ထိပ်တန်း ပုဂ္ဂိုလ်များက ယင်းအပေါ် မှတ်ချက်မပေးခဲ့ကြချေ။
စက်တင်ဘာ ၁၂ ရက်ကလည်း အရှေ့မြောက်ပိုင်း ဒေသရှိ မိုင်ဒူဂူရီတွင် ဘိုကိုဟာရမ် တပ်ဖွဲ့များနှင့် ရင် ဆိုင်တိုက်ခိုက်နေစဉ် အတောအတွင်း မိမိတို့၏ အရာရှိကို ပစ်ခတ်မှုဖြင့် နိုင်ဂျီးရီးယား စစ်သည်(၁၂)ဦး ကို သေဒဏ် ချမှတ်ခဲ့ဖူးသည်။
နိုင်ဂျီးရီးယား ရှေ့တန်းရောက် စစ်သည် အများအပြားသည် လက်နက်နှင့် အခြားသော ထောက်ပံ့ရေး ပစ္စည်းများ ပြတ်လပ်မှုများနှင့် ကြုံနေရပြီး ဘိုကိုဟာရမ် သူပုန်တပ်များ၏ အခြေစိုက် စခန်းများကို ထိုးစစ် ဆင် တိုက်ခိုက်ရာတွင် အဟန့်အတားများစွာနှင့် ရင်ဆိုင်နေရသည်။
ဘိုကိုဟာရမ်တို့သည် (၅)နှစ်အတွင်း သိသိသာသာ အင်အားကြီးမားလာပြီး နိုင်ဂျီးရီးယား မြောက်ပိုင်းတွင် အစ္စလာမ်မစ် နိုင်ငံတော်တစ်ရပ် ခွဲထုတ်ထူထောင်ရန် ကြိုးပမ်းနေသည်။ ဘိုကိုဟာရမ်တို့တွင် တင့်ကား များ၊ RPG လောင်ချာများနှင့် အခြားသော လက်နက်ကြီးများ ရှိနေသော်လည်း နိုင်ဂျီးရီးယား စစ်သည်များ တွင် အခြေခံ ရိုင်ဖယ်သေနတ်များ အတွက်ပင် ခဲယမ်းမီးကျောက် မလုံလောက်မှုများ ရှိနေသဖြင့် အထက် အမိန့်ကို ဖီဆန်မှုများ ပေါ်ပေါက်နေခြင်းဟု သိရှိရသည်။
7day

မှတ်ချက်များ