ကွန်ကရစ်တုံးများ ချထား သော်လည်း ကားပါကင်များ၊ ဈေးသည် များကြောင့် ခရီးသည် တင်ကားများ ပိုမိုကြန့်ကြာနေရ


ကွန်ကရစ်တုံးများ ကာရံ ထားသည့် လမ်းကြော များ၌ ခရီးသည်တင် ယာဉ်များ ပြေးဆွဲရာတွင် လမ်း၏ ညာဘက်တွင် ရှိသော ကားပါကင်များ၊ လမ်းဘေး ဈေးသည်များနှင့် ပုဂ္ဂလိကပိုင် ယာဉ်များကြောင့် ခရီး သည်တင် ကားများ ပိုမိုကြန့်ကြာ နေကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ လက်ရှိမှာ ခရီးသည်ယာဉ်တွေ ညာဘက်မှာ ကပ်မောင်းရမယ် ဆိုပေမယ့် အားနည်းချက်က ကားပါကင်တွေ၊ နေထိုင် တဲ့ အိမ်က ကားတွေ၊ ပုဂ္ဂလိက ပိုင်ယာဉ် တွေကြောင့် ခရီးသည် ကားမောင်းတဲ့ သူတွေ ပိုပြီး ကြန့်ကြာ နေရတယ် ဟု ၎င်းက ပြောသည်။

ကွန်ကရစ်တုံး ချထားသော လမ်းကြောင်း အတွင်း၌ ခရီးသည်တင် ကားများ မောင်းနှင်ရန် သတ်မှတ်ထား သော်လည်း ယင်းကဲ့သို့ ပြုလုပ်ပြီး နောက်ပိုင်း ကားပိတ်ဆို့ မှုမှာ ယခင် ကထက် ဆိုးရွားစွာ ခံစားနေ ရပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြ ရကြောင်း ခရီးသည်များနှင့် ယာဉ်မောင်းများ ထံမှ သိရသည်။ ဒီလို ကွန်ကရစ်တုံးတွေ ချထားပေး တာကြောင့် ရန်ကုန်မြို့တွင်း ကားလမ်းကြောင်း ကြန့်ကြာပေမယ့် အချို့ အစိတ်အပိုင်းတွေ ဥပမာ၊ ရွှေတိဂုံနဲ့ လသာအကြား လမ်းကြောင်းတွေမှာ ပိုမိုမြန်ဆန် လာတယ် ဟု ဦးလှအောင် က ပြောသည်။

ခရီးသည်တင် ဘတ်စ်ကားများ အတွက် ကွန်ကရစ်တုံးများ စတင်ကာရံမှုအား မဟာ ဗန္ဓုလလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အနော်ရထာလမ်း စသည့် လမ်းမကြီး သုံးခုတွင် နိုဝင်ဘာလ (၂၉) ရက်နေ့က စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ကွန်ကရစ်တုံးများ မကာရံမီ မျဉ်းဝါ ရေးဆွဲခြင်းအား နိုဝင်ဘာလ နောက်ဆုံးပတ်၌ စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါတွင် အဆိုပါ လမ်းကြောင်း၌ ခရီးသည်တင် ဘတ်စ်ကားများ ကိုသာ ပြေးဆွဲခွင့် ပေးထားပြီး နောက်ပိုင်းတွင် BRT စနစ်ဖြင့် ပြေးဆွဲမည့် ဘတ်စ်ကား များကိုပါ ကွန်ကရစ်တုံး ချထားသည့် လမ်းကြောင်းတွင် ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

Messenger News Journal

မှတ်ချက်များ