ဉာဏ်လင်းအောင်နှင့် တွေ့ဆုံခြင်း
“သူငယ်ချင်းအတွက်” နဲ့ “သူစိမ်းလူ” ဆိုတဲ့ တကိုယ်တော် စီးရီးခွေ နှစ်ခွေ ထွက်ထားပြီး ဂီတပရိသတ် လက်ခံ အားပေးမှု ရရှိထားတဲ့ တေးသံရှင် ဉာဏ်လင်းအောင်က အဆိုရှင်အသစ်တွေ ပါဝင် သီဆို ထားတဲ့ အတွဲခွေ တော်တော် များများမှာလည်း ပါဝင်သီဆိုလေ့ ရှိပါတယ်။ အဆိုရှင် မျိုးဆက်သစ်တွေကို လက်တွဲ
ခေါ်ယူ တတ်တဲ့ သဘော ဖြစ်တဲ့ အပြင် ပရိသတ်နဲ့လည်း ဝေးမသွားစေဖို့ အတွက် ဒီလိုသီဆိုဖြစ်တာလို့ သိရပါတယ်။
သူ့ရဲ့ ရုပ်ရည်က ကိုရီးယားမင်းသားတွေပုံစံ ဖြူဖြူသွယ်သွယ် ပေမယ့် သီချင်းသီဆိုတဲ့အခါမှာတော့ အသံပါ ဝါ ကောင်းကောင်းနဲ့ Rock သီချင်းတွေကို သီဆိုတတ်တာကြောင့် အမျိုးသမီးပရိသတ် သာမက အမျိုးသား ပရိသတ်တွေပါ သဘောကျ နှစ်သက်ကြတဲ့ အဆိုရှင်တဦးလည်း ဖြစ်ပါတယ်။ အခုလည်း “ဆေး ရောင်စုံအ ချစ်များ” ဆိုတဲ့ အဆိုရှင် အသစ်များနဲ့ သီချင်းခွေမှာ ပါဝင်သီဆိုထားတဲ့ တေးသံရှင်ဉာဏ်လင်းအောင်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ဉာဏ်လင်းအောင် တတိယအခွေ စလုပ်နေပြီလား။ လုပ်နေပြီဆိုရင် အဲဒီက စပြီး ပြောပြပေးပါ။
ဖြေ။ ။ အခုက တတိယ အခွေက စနေပါပြီ။ သေချာတော့ မစီစဉ်ရသေးဘူး။ အခုက Show ပွဲရာသီဆို
တော့ ပွဲတွေပဲ လိုက်ဆို ဖြစ်နေတယ်။ နောက်အကျဆုံး ဒီနှစ် ဒီဇင်ဘာမှာ ထွက်နိုင်အောင် ကြိုးစားမယ်။ သင်္ကြန်ပြီးရင်တော့ စပြီးတီးမယ်။ စလုပ်တော့မယ်။
မေး။ ။ အခု တတိယအခွေမှာ ရှေ့ကနှစ်ခွေထက် ထူးခြားမှုတွေ ရှိမယ်၊ ပါမယ် ဆိုရင် သိချင်ပါတယ်။
ဖြေ။ ။ အခု တတိယအခွေမှာက ရှေ့မှာ မပါသေးတဲ့ တေးရေးအသစ်တွေ သုံးမယ်။ နောက်ပြီး အတီး ပိုင်း တွေ လည်း ပြောင်းမယ်။ တေးရေးမှာ ဘယ်သူတွေ ပါမယ် ဆိုတာတော့ သေချာမသိသေးဘူး။ သီချင်း တွေက ကျနော် လိုချင်တဲ့ ပုံစံနဲ့ ကိုက်ညီမယ့် သီချင်း တွေဆိုရင် ထည့်သွားမှာပါ။ သီချင်းတွေက ကျနော် ဆိုနေကျ ပုံစံတွေလည်း ပါမယ်။ မဆိုဖူးတဲ့ ပုံစံတွေလည်း ကျနော်ဆိုသွားမယ်။ တချို့ သီချင်းတွေက ကျနော်ဆိုချင်ပြီး မဆိုဖြစ်သေးတဲ့ ဂီတပုံစံ သီချင်းတွေ ရှိတယ်လေ။
မေး။ ။ ဉာဏ်လင်းအောင်က ဆေးရောင်စုံအချစ်များ ဆိုတဲ့ အဆိုရှင်အသစ်တွေ စုပေါင်းပါဝင်တဲ့ အခွေမှာလည်း ပါဝင် သီဆိုထားတော့ ဒါက အဆိုရှင် အသစ်တွေကိုလည်း လက်တွဲခေါ်တဲ့ ပုံစံလား။
ဖြေ။ ။အဲဒီလို ကျနော် ခဏခဏ အတွဲခွေ ဆိုဖူးပါတယ်။ သူတို့ကိုလည်း ပရိသတ်က သတိထားမိသွား တာပေါ့ နော်။ ကျနော်တို့ အနေနဲ့ ဆိုရင် လက်တွဲ ခေါ်တဲ့ သဘောလည်း ရောက်တယ်။ ပံ့ပိုးရာလည်း
ရောက်တာပေါ့။ ကိုယ်တိုင်လည်း ပရိသတ်နဲ့ မစိမ်း သွားဘူးပေါ့။ ဒါကြောင့် ဒီလိုအခွေတွေမှာ ကျနော် ဆိုဖြစ်တယ်။
မေး။ ။ နယ် Show တွေ ပိုဆိုဖြစ်တယ် ဆိုတော့ ဘယ်တွေမှာ အဆိုများလဲ။
ဖြေ။ ။ နယ်မှာဆိုရင် ကျနော် အများဆုံးက မန္တလေးဘက်မှာ အဆိုများတယ်။ နောက်ပြီး နယ်ဘက် တော်
တော်များများ မှာလည်း ဆိုဖြစ်တယ်။ ကျနော့် ပရိသတ်က အဓိက နယ်ဘက်မှာ ပိုများတယ်လေ။
မေး။ ။ နယ်တွေမှာ သွားဖျော်ဖြေရတဲ့အခါ ကိုယ့်အတွက် အခက်အခဲက ဘာတွေလဲ။
ဖြေ။ ။ အခက်အခဲရယ်လို့ ကြီးကြီးမားမားတော့ မရှိ ပါဘူး။ နယ်ကပရိသတ်က သိပ်အားပေးတယ်လေ။ အဲဒီက တနေရာရာကိုပဲ ဖြစ်ဖြစ် သွားလည်လို့တော့ မရဘူးပေါ့ နော်။ တွေ့ရင်တော့ သူတို့က ဓာတ်ပုံ တွဲ ရိုက်တာပဲလေ။ ဒါကတော့ သူတို့ရဲ့ အားပေးမှုပဲ ပေါ့။
မေး။ ။ ဂီတအလုပ်တွေ မရှိတဲ့အခါ ဉာဏ်လင်းအောင်ရဲ့ တနေ့တာကရော ဘယ်လိုမျိုးရှိလဲ။
ဖြေ။ ။ အလုပ် မရှိတဲ့အခါ ကျနော့် တနေ့တာက ဂီတာတီးတယ်၊ ဘိလိယက် ထိုးတယ်။ ကျနော်က ဘော လုံးပွဲတော့ မကြိုက်တော့ မကြည့်ဖြစ်ဘူး။ နောက် သီချင်းကတော့ ၂၄ နာရီ အမြဲတမ်း ဖွင့်ထားဖြစ်တယ်။ နားထောင်နေတာ ပဲ။ အခုနောက်ပိုင်း အင်တာနက်တွေ ပေါ်လာတော့ Youtube တွေ ထိုင်ကြည့်ဖြစ် တယ်။ အိမ်မှာနေတာ များတယ်။ ကျနော်က သိပ်မထွက်ဖြစ်ဘူး။
မေး။ ။ အပြင်ထွက်ရတာ ဝါသနာမပါတာလား။
ဖြေ။ ။ မပါတာ မဟုတ်ဘူးဗျ။ ကျနော် ပေါင်းတဲ့သူတွေက အကြီးကြီးတွေပဲ ဆိုတော့ သူတို့က မိန်းမရ၊ ကလေးရတော့ ကျနော်က တယောက်တည်း ဖြစ်သွားရော။ အဲဒါကြောင့် အပြင် မထွက်ဖြစ်တော့တာ။
မေး။ ။ ဒါဆို သူတို့ကို အားမကျဘူးလား။
ဖြေ။ ။ သူတို့ကို ကြည့်ပြီး စိတ်ကုန်သွားတာလေ.. ဟား ဟား.၊ သူတို့ကလည်း တယောက်မှ ကောင်း တယ်လို့ မပြောကြဘူးလေ။
မေး။ ။ ဉာဏ်လင်းအောင်ကို ခင်တဲ့သူတွေက ငစားလို့လည်း ခေါ်တယ်နော်။ သူတို့ခေါ်သလို အခုချိန်ထိ စားတုန်းပဲ လား။
ဖြေ။ ။ ဟုတ်တယ်ဗျ။ စားတုန်းပဲ။ စားတာက ကျနော်က အစားလည်း စားတယ်။ ဦးနှောက်လည်း စား တယ်လေ။ အဲဒါကလည်း ရင်းနှီးတဲ့ သူတွေကိုပဲ စားတာပါ။ မရင်းနှီးရင်တော့ မစားပါဘူး။
မေး။ ။ဒါနဲ့ ဉာဏ်လင်းအောင်က မိန်းမ မလိုချင်ဘူး။ ဒါပေမယ့် ကလေးတော့ လိုချင်တယ် ပြောဖူးတယ်။ အဲဒါဘာဖြစ်လို့လဲ။
ဖြေ။ ။ ကျနော်က ငယ်ငယ်ကတည်းက ကလေးဆိုရင် ချစ်ဖို့ ကောင်းကောင်း၊ မကောင်းကောင်းချစ်တယ်၊ ဒါကြောင့် ဘယ်လို လုပ်ရမှန်းတောင် မသိဘူး။ ကလေးဆို အကုန်ချစ်တယ်။ လိုချင်တယ်။ ဖြစ်နိုင်ရင် ကလေးကို ရရင်ရသလို လိုချင်တာလေ။
မေး။ ။ မွေးစားဖို့ရော အစီအစဉ်မရှိဘူးလား။
ဖြေ။ ။ အဲလိုမွေးစားဖို့တော့ မရှိသေးဘူး။ ကျနော် ကလေး လိုချင်တာ သိတော့ သူငယ်ချင်းတွေ ကတောင် နောက်တယ်။ မင်းကလေး လိုချင်ရင် ငါတို့ မွေးပေးမယ်။ မင်းကျွေးထားဆိုပြီး လေ။
မေး။ ။ ဒါဆို ကလေးသူငယ်တွေ ရှိတဲ့ ပရဟိတကျောင်းတွေမှာရော သွားလှူဖြစ်လား။
ဖြေ။ ။ ဟုတ်ကဲ့၊ သွားလှူဖြစ်သလို ကလေးတွေလှူတဲ့ ပွဲတွေမှာလည်း ကျနော် သီချင်းတွေလည်း သီဆိုဖြစ် ပါတယ်။ ဟိုတလောက တော်ဝင်စင်တာ ကြီးမှူးပြီး လုပ်တဲ့ ပရဟိတပွဲက တွံတေးထိ သွားလှူဖြစ်တယ်။ အဲဒီ ကျောင်းမှာ ဆိုရင်လည်း ကလေးငယ်တွေ တော်တော်များတာ တွေ့ရတယ်။ အဲလို ပွဲတွေမှာလည်း ကျနော် လိုက်သီဆို ဖြစ်ပါတယ်။
မေး။ ။ ကလေးငယ်တွေကို ချစ်တတ်တဲ့သူ တယောက် အနေနဲ့ ဒီလို မိဘမဲ့ကလေးသူငယ်တွေကို မြင် ရတဲ့ အခါ ဘယ်လို ခံစားမိလဲ။
ဖြေ။ ။ ပြောပြလို့ မရအောင် သနားမိပါတယ်။ ဖြစ်နိုင်ရင် ကျနော် သိပ်ချမ်းသာရင် အဲလိုကျောင်း၊ ဂေဟာ
ဆောက်ပြီး သူတို့ကို ပျော်အောင် ထားချင်တယ်။ ကျောင်းကို ကိုယ်တိုင် ဦးစီးပြီး လုပ်ချင်တယ်။
မေး။ ။ အခုဆိုရင် ဂီတဆုပေးပွဲတွေလည်း တော်တော် ရှိလာတယ်။ အဲဒီအပေါ် ဉာဏ်လင်းအောင်ရဲ့ အမြင်ကို လည်း သိချင်ပါတယ်။
ဖြေ။ ။ကျနော့် ရည်မှန်းချက်အရ ဆိုရင် ဒီနိုင်ငံရဲ့ ဂီတလောကကြီး အရမ်းတိုးတက်အောင် လုပ်ချင်တယ်။ ဒီ ဆုပေးပွဲတွေနဲ့ ပတ်သက်ရင်လည်း မှန်မှန်ကန်ကန်လေး လုပ်စေချင်တယ်။ ဒီပွဲကြီးက လုပ်ပွဲ ကြီးပါကွာ၊ ဒီလူတွေပဲ ပေးနေတာပဲ ဆိုတာမျိုး မဖြစ်စေ ချင်ပါဘူး။ ဒီလို ဂီတဆုပေးပွဲတွေ လုပ်လာတာ ကောင်းပါ တယ်။ ထိုက်တန်တဲ့ ရသင့် ရထိုက်တဲ့သူကို ပေးလိုက်တာက ကျနော်တို့ အတွက်ရော၊ ပရိသတ် အတွက်
ရော တန်ဖိုးထားစရာ တခုပေါ့နော်။ အဲလိုလည်း ဖြစ်စေချင်တယ်။
အခု ဆောင်းရာသီ ဂီတဆု ပေးပွဲဆိုရင် ကျနော့်ဆီကို ဖိတ်စာ မရောက်လာဘူး။ ကျနော် မသိလိုက်ဘူး။ ကျနော် မတက်လိုက်ရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်တဲ့သူတွေရော သေချာလေး လုပ်ပြီး သေချာလေး စီစဉ်မယ် ဆိုရင် ပိုကောင်းတာ ပေါ့။
တနိုင်ငံလုံးရဲ့ အသိအမှတ်ပြုခံရတဲ့သူကို ပေးလိုက်တာက ပိုတန်ဖိုးရှိတာပေါ့နော်။ မှန်မှန်ကန်ကန် ဖြစ်စေ ချင်တယ်။ တချို့ဆိုရင် ဒီလိုပေးတယ် ဆိုတာတောင် မသိလိုက်ဘူးလေ။ ဒီလူတွေပဲ ရတယ် ဆိုတဲ့ အသံတွေလည်း ပြန်မကြားချင်ဘူး လေ။
မေး။ ။ ဒီလို ဖိတ်ကြားမခံရတဲ့ အတွက် ဒီလို ဂီတ ဆုပေးပွဲတွေ အပေါ်ကိုရော ဉာဏ်လင်းအောင်အနေနဲ့ စိတ်ဝင်စားမှုက။
ဖြေ။ ။ ပြောရရင် စိတ်မဝင်စားဘူး ဆိုတာထက် ကျနော်တို့လို ဂီတသမားတွေ ဆိုတာက ကိုယ့်ကို အသိအ မှတ် မပြုတဲ့အတွက် သိပ်မပါတော့တာ ပေါ့။ နောက်ပိုင်းတော့ ဂီတက နိုင်ငံတကာနဲ့ ယှဉ်လာရင်တော့ ကျနော်တို့ အကောင်းဆုံးပဲ လုပ်ရမှာပေါ့။
မေး။ ။ ဂီတအပေါ် စလုပ်ကတည်းက ဉာဏ်လင်း အောင်ရဲ့ စိတ်သဘောထားက ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျနော် ဂီတကို စလုပ်ကတည်းက ပထမအခွေ လုပ်ကတည်းက ငါနာမည်ကြီးရမယ်၊ ပေါက်ရမယ် လို့ မတွေးဖြစ်ဘဲ ငါသီချင်း ဆိုချင်တာ၊ သီချင်းဆိုမယ် ပေါ့။ ဒါပေမယ့် နောက်ပိုင်းအခွေ ထွက်ပြီးတော့ သီချင်းဆိုတာနဲ့ပဲ မပြီးတော့ဘူးလေ။ ဂီတမှာ သူများနိုင်ငံက ဂီတနဲ့ ယှဉ်လာရင် ငါတို့နိုင်ငံက ဂီတက ဒီလိုဆိုတာကို ပြချင်လာတယ်။ ဒါပေမယ့် ဒီလိုမီဖို့ အများကြီး လိုပါသေးတယ်။ Audio ပိုင်းက အစပေါ့၊ ကျနော်တို့ အများကြီး လိုပါသေးတယ်။ အဓိက ကတော့ ကျနော်တို့ နိုင်ငံ ဒီထက် တိုးတက်အောင် လုပ်ဖို့ပေါ့။
မေး။ ။ ဂီတက ဒီထက် ပိုတိုးတက်အောင် လုပ်မယ် ဆိုရင် ဘာတွေ လိုအပ်တယ်၊ ပြုပြင်ဖို့ လိုတယ်လို့
မြင်မိလဲ။
ဖြေ။ ။အဓိက ဂီတသမားတွေ စည်းလုံးဖို့ ပေါ့။ အခု ဟာက မစည်းလုံးကြဘူး ဗျ။ ဒါက ဂီတမှ မဟုတ်ပါ ဘူး။ လူငါးယောက် ရှိရင် ငါးယောက်က တယောက်ကို တမျိုး ဖြစ်နေတယ် ပေါ့။ တကယ်တမ်း ဂီတသမား
တွေ စည်းလုံး သွားမယ် ဆိုရင် ကျနော်ပြော သလို စောစောက ဂီတပွဲတွေက ဒီထက်ပိုပြီး ကြီးကျယ်ခမ်း နား လာနိုင်တယ်။ အခုဟာက အဆိုတော်တွေ ကလည်း အများကြီး အခွေတွေ ကလည်း အများကြီး ရှိတယ်လေ။ နောက်ပြီး နိုင်ငံရေး ကလည်း ပြောင်းလဲလာတော့ အဲဒီအခါ ကျနော်တို့လည်း ပြောင်းလဲ စရာရှိတာ ပြောင်းလဲရမယ် လေ။
မေး။ ။ သူ့ နေရာနဲ့သူ ဖန်တီးမှုအပိုင်းမှာ လွတ်လပ် ခွင့်တွေ ရှိလာတယ်။ ဂီတလောကမှာရော လွတ်လပ် စွာ ဖန်တီးခွင့် အခြေအနေက ဘယ်လိုရှိတယ် လို့ မြင်မိလဲ။ အနေအထား ကောင်းလာပြီလား။
ဖြေ။ ။ ပြောရရင် ကျနော်တို့ ဂီတက မတိုးတက်သေး၊ မပြောင်းလဲသေးဘူး ဗျ၊ ရုပ်ရှင်တောင်မှ လွတ်လပ် ခွင့် ရပြီ ဆိုပြီး ရိုက်လိုက်ကြတာ အခု ဆင်ဆာနဲ့ ပြန်တောင် ပိတ်တော့မယ် ကြားတယ်။ လွတ်လပ်ခွင့် ကတော့ ရှိရမယ်။ နိုင်ငံတကာမှာလည်း လွတ်လပ်ခွင့် ကြောင့် ဒီထက်ဆိုးတာတွေ တပုံကြီးပါ။ အဲဒါလေး ကို နည်းနည်း ထိန်းညှိပြီးတော့သာ လုပ်စေချင်တယ်။ အဲလို ပြန်ပိတ်တာကြီးတော့ မလုပ်စေချင်ဘူး။
ဂီတဘက်ကို ဆိုရင်လည်း အဲလို လမ်းတွေ ဖွင့်ထားပေးပေါ့။ ဒါပေမယ့် ဂီတဘက်ကတော့ ဘာမှ မကြား ရပါဘူး။ ရုပ်ရှင်နဲ့ စာရင် ဂီတဘက်က ပိုတိုးတက်တယ် လို့လည်း ပြောလို့ ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အသစ်တွေလည်း အခွေတွေ အများကြီး ထွက်လာကြတယ်။ ဒါပေမယ့် သတ်မှတ် ထားတဲ့ စံချိန်ကိုတော့ မရောက်ဘူး ဖြစ်နေတယ် လေ။ စံချိန်က ကိုယ့်နိုင်ငံ အတွင်းမှာတင် သတ်မှတ်ထားတဲ့ စံချိန်ကို မရောက်ဘူး ဖြစ်နေတယ်။
မေး။ ။ အဲဒီလိုရော ဘယ်တော့လောက် ရောက်နိုင်လိမ့် မယ်လို့ မြင်မိလဲ။
ဖြေ။ ။ မေးခွန်းက ကြီးသွားပြီ။ ရောက်တော့ ရောက်မှာပါ။ စောစောက ကျနော် ပြောသလို ပေါ့၊ အားလုံး လည်း စည်းလုံးရမယ်။ နောက်ပြီး အဓိကက စိတ်ပိုင်းဆိုင်ရာ ကလည်း လိုတယ်လေ။ သူများနိုင်ငံက စတူဒီ ယိုတွေ ဆိုရင် အိမ်တလုံး၊ တိုက်တလုံး လောက်ကို ရှိတယ်လေ။ အဲလိုဟာတွေလည်း လိုအပ်တာပေါ့။ ရန်ကုန်မှာက စတူဒီယိုတွေ များလာတယ်။ တီးသာ တီးနေကြတယ်၊ ဆိုသာဆိုနေကြတယ်။ ဒီစက်တွေ နဲ့ပဲ လေ။ စက်တွေက သူများနိုင်ငံမှာ မသုံးတော့တဲ့ စက်တွေ အရမ်းဟောင်းနေပြီလေ။ ဒီမှာက အဲဒါကိုသုံး ပြီး အခွေထွက် ရတုန်းလေ။ အခု ဆိုရင် ပိုသိသာ တယ်။ အင်တာနက်တွေ ရှိလာတော့ Youtube တွေ ကြည့်လာရတယ်။ သူများနိုင်ငံက သီချင်းတွေ ပိုနားထောင်ရ ပိုကြည့်လာရတယ်။ အဲဒီတော့ ပိုသိသာ လာတာပေါ့။
မေး။ ။ရုပ်ရှင်အပေါ် နိုင်ငံတော်က ရုပ်ရှင်မြို့တော် တည်ဆောက်ဖို့ မြေကွက်လပ်တွေပေးတယ်။ ပံ့ပိုး ပေးတယ် ပေါ့။ ဂီတအပေါ် ပံ့ပိုးမှု အပိုင်းကိုရော ဘယ်လိုမျိုးပြောချင်လဲ။
ဖြေ။ ။ ရုပ်ရှင်သမိုင်းပြတိုက်ဆိုတာ ရှိတယ်။ ဂီတ သမိုင်းပြတိုက် ဆိုတာ မရှိဘူးလို့ ကျနော်ထင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှိသင့်တယ်လို့ ကျနော်ထင်တယ်။ အခုနောက်ပိုင်း ကလေးတွေ ဆိုရင် အဆိုတော်ကြီး
တွေကို မသိကြ တော့ဘူး။ ဂန္ထဝင်သီချင်းတွေ သီဆို ခဲ့တဲ့ စန္ဒရား ဘဘဦးလှထွဋ်တို့ပဲ ဖြစ်ဖြစ်၊ သူတို့ ဆိုရင် နိုင်ငံတကာကို ယှဉ်လို့ ရတယ်လေ။ အဲဒါကို ဂုဏ်ပြုတဲ့အနေနဲ့ တခုခုတော့ ထားသင့်တယ်လေ။
အခုဟာက သီချင်းဆိုတာ၊ စီးပွားရေးသမားတွေလို ကြည့်ပြီး ဒါဟာ အပျော်ဖြေဖျော်ရေး တခုလောက်ပဲ သတ်မှတ် ထားကြတယ်။ ဒါပေမယ့် နိုင်ငံတခုမှာ တိုးတက်မှုကို ကြည့်ရင် ဂီတကလည်း တပိုင်းပါဝင် ပါတယ်။ ဖျော်ဖြေရေး ကလည်း အရေးပါပါတယ်။
ထိုင်းနိုင်ငံက ဆိုရင် ကျနော်တို့နိုင်ငံက လူတွေ လောက်တောင် သူတို့ Music ကို နားမလည်ဘူး။ ဒါပေမယ့် သူတို့ ဘာလို့ ကမ္ဘာကို ရင်ပေါင်တန်းလဲ ဆိုရင် သူတို့မှာ စက်ပိုင်းဆိုင်ရာ ကောင်းမွန်တာတွေ ရှိတယ်။ စည်းစည်းလုံးလုံး ရှိတယ်။ စက်ချိန်တာတွေကို ယှဉ်မယ် ဆိုရင် ကျနော်တို့နိုင်ငံက မမီဘူးလေ။ ကျနော် တို့က မစည်းလုံးတာရော၊ စားဝတ်နေရေး အတွက် အတီးသမားရော၊ အဆို သမားရော လိုက်နေရတာ လည်း ပါတာပေါ့။ အဆို ပိုင်းမှာဆိုရင် ကျနော်တို့နိုင်ငံက ပိုပြီးနားယဉ်တယ်။ အင်္ဂလိပ်လို ဆိုရင်တောင် ကျနော်တို့နိုင်ငံက သူတွေက ပိုပီအောင် ဆိုနိုင်တယ် ဗျာ။ မဖန်တီးနိုင်သေး တာပေါ့။
ကျနော် စောစောကပြောသလို ဂီတလောကကိုလည်း တန်ဖိုးထားဖို့ လိုတာပေါ့။ ပြတိုက်ပဲ ဖြစ်ဖြစ် ထားပြီး ငါတို့ဆီမှာလည်း ဒီလိုလူတွေ ရှိတယ် ဆိုတာကို သိနိုင်အောင် ပေါ့။ နောက်ပိုင်း ကလေးတွေ ကလည်း ပိုပြီး ဆိုးလာတယ် ဗျ။ ကျနော်တို့လည်း ကျနော်တို့် ဖန်တီးတဲ့ ဂီတကို တန်ဖိုးထားသင့်တယ် ဗျ။ တန်ဖိုးမ ထားတဲ့သူတွေ များလာတယ်။ ဂီတသမား ဆိုရင် ပေါ့ပျက်ပျက်လူတွေ လို့ တွေးတဲ့ အမြင်ကို ပြောင်းစေ ချင်တယ်။ သူများနိုင်ငံမှာ ဆိုရင် အောင်မြင်တဲ့ ဂီတသမားဟာ ဘုရင်ပဲလေ။
မေး။ ။ ဂီတဘက်မှာလည်း ပြိုင်ပွဲတွေ အများကြီး ရှိလာတယ်။ အဲဒီပွဲတွေ အပေါ် အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ အဲဒါကလည်း ရှိနေတာပဲ။ ဒါပေမယ့် လိုချင်တဲ့ Quality ကို မရောက်ဘူး ဖြစ်နေတာပေါ့။ တခြားနိုင် ငံမှာ ဆိုရင် အဲလို ပွဲတွေ ဆိုရင် ကတဲ့သူတွေက အစ၊ မီးဆက်တင်တွေက အစ လူအယောက်၂၀၊ ၃၀ လောက်နဲ့ တင်ဆက်ကြတာ လေ။ ဒီမှာက ပါဖောမန့်တွေလည်း တယောက်တည်းလုပ်၊ အဲဒီ အခါ အဆိုပိုင်းတွေက ထပ်ပြီး လျော့လာရောလေ။ ပါဖောမန့်ပိုင်းကို ကြည့်တော့လည်း သေချာ ထိထိရောက်
ရောက် မလုပ်နိုင်ဘူးလေ။ ဒီမှာက ပွဲတပွဲ စီစဉ်ရင်လည်း သေချာဂရုမစိုက်ဘဲ ပေါ့ပျက်ပျက်နဲ့က များတယ်။ သူများဆီမှာက ပွဲတပွဲ စီစဉ်ဖို့ အချိန် ၃-၄ လ ယူပြီး သေချာလုပ်ကြတာလေ။
မေး။ ။ ဗိုလ်ချုပ် နှစ်တရာပြည့် ပွဲအတွက် ဖျော်ဖြေ တင်ဆက်မှုပွဲတွေ လုပ်ကြတဲ့အပေါ်မှာရော ဘယ်လိုမြင် မိလဲ။
ဖြေ။ ။ ဗိုလ်ချုပ်မွေးနေ့ အတွက် ပွဲတွေ လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် စီစဉ်တာ သေချာမရှိ သလိုပဲ။ ၁၂ ရက်နေ့ ကျနော်တို့ ပြည်သူ့ရင်ပြင်မှာ ဆိုရမယ်။ သေချာ ကြော်ငြာထားတာလည်း မတွေ့ရဘူး။ ပညာ
ရေး ရန်ပုံငွေ ပွဲတော်လည်း ဒီအတိုင်းပဲ။ ဘယ်အဆိုတော်၊ ဘယ် Band တွေ ပါမယ်ဆိုပြီး ခေါ်ပြီး ဆိုလိုက် ကြတာပဲလေ။ အမှန်တော့ ဒီလို ပွဲလုပ်မယ် ဆိုရင် အကုန်လုံးကို တခါတည်းတွေ့၊ ငါတို့ ဘယ်လို ဂုဏ်ပြု မယ်၊ ဘယ်လို ဆိုလိုက်ကြမယ် ဆိုပြီး တိုင်ပင်ပြီး လုပ်မယ် ဆိုရင်တော့ ပိုကောင်း တာပေါ့။
မေး။ ။ ဒါနဲ့ နောက်ဆုံး မေးဦးမယ်။ ပရိသတ်တချို့၊ အထူးသဖြင့် မိန်းကလေးပရိသတ်တွေက ဉာဏ်လင်း
အောင် ဆိုရင် မင်းသားလုပ်ရင် ဖြစ်ရဲ့သားနဲ့ ဘာလို့ မလုပ်လဲ လို့ မချင့်မရဲ ဖြစ်ကြတယ်။ အဲဒီအပေါ် ဖြေ ရှင်းပေးပါဦး။
ဖြေ။ ။ ဟုတ်တယ်။ ကျနော်က အဲဒါကို မကြိုက်တာ။ မကြိုက်တာက ဒီလိုပါ။ ရုပ်ချောရင် မင်းသားလုပ် ရမယ်၊ အဲလို ထင်ကြတာ မဟုတ်ဘူးဗျ။ အခုဆိုရင် ရုပ်လေး နည်းနည်းပါးပါး ရှိရင် မင်းသားလုပ်၊ မော်
ဒယ်လ်လုပ်ဆိုပြီး ပြောကြတယ်။ ဒါက မဆိုင်ဘူး လေ။ သူ တကယ်ဝါသနာပါတာ ဘာလဲ။ နောက်ပိုင်းက အခွင့်အလမ်းတွေ အများကြီး ပဲ လေ။ နည်းနည်းလေး ဆိုတတ်ရင် အခွေထုတ်လိုက်လေ ဆိုတာက ရှိသေး တယ်။ ဒါက ဘေးပတ်ဝန်းကျင်နဲ့လည်း ဆိုင်တာပေါ့။ ကျနော်တို့တုန်းက ဆိုရင် ဝါသနာပါတော့ အခွေကို ခိုးလုပ်ရတာ။ နောက် အိမ်က သိသွားတော့မှ အခွေ ထုတ်ပေးတာလေ။
ဧရာဝတီ

မှတ်ချက်များ