စစ်၏ သားကောင်များ



ကျောင်းနေအရွယ်ကလေးများ ကျောင်းသွားပြီး စာသင်နေချိန်တွင် ချီနာ ကေတာဆီတစ်ယောက် တိုက်ပွဲ များကြားတွင် အသက်ရင်းပြီး ဘဝအတွေ့အကြုံများစွာ ရယူခဲ့သည်။ ယခု ချီနာ့အသက် ၂၇ နှစ်ရှိပြီ။ သူမသည် ယူဂန်ဒါ အမျိုးသားတော်လှန်ရေးတပ်မတော်ထဲဝင်ပြီး စစ်မှုထမ်းခဲ့ရသည်။ ထိုစဉ်က သူမအ သက်မှာ ၉ နှစ်သာရှိသေးသည်။

“ကျွန်မ တပ်ထဲရောက်တော့ လက်နက်ကိုင်ခိုင်းတယ်။ စစ်တိုက်ရတယ်။ မုန်းတီးခိုင်းတယ်။ သတ်ခိုင်း တယ်။ နှိပ်စက် ညှင်းပန်းခိုင်းတယ်။ ပြီးတော့ကျွန်မကို သူတို့နဲ့ အိပ်ခိုင်းတယ်။ ကျွန်မတို့မှာက ရွေးချယ် ခွင့်မှ မရှိတာ။ ကျွန်မ အသက် ၁၄ နှစ် မှာ သားတစ်ယောက်မွေးတယ်။ အသက် ၁၅ နှစ်မှာ တပ်ထဲက အရာရှိဘယ်နှယောက် ကျွန်မနဲ့ အိပ်ခဲ့တယ်ဆိုတာ မှတ်တောင် မမှတ်မိတော့ဘူး” ဟု သူမက ဘီဘီစီ သတင်းဌာနသို့ ပြန်ပြောပြသည်။

ကမ္ဘာတစ်လွှား အသက် ၁၈ နှစ်အောက် ကလေးပေါင်း သန်းဝက်ခန့်သည် လက်နက်ကိုင်တပ်ဖွဲ့များအ တွင်းသို့ ဝင်ရောက်ပြီး စစ်တိုက်နေရကြောင်း သုတေသနပြုချက်များအရသိရသည်။ လက်နက်ကိုင်တပ် ဖွဲ့များဟုဆိုရာတွင် တရားဝင်ဖွဲ့စည်းထား သည့် စစ်တပ်များဖြစ်နိုင်သလို၊ တရားမဝင်ဖွဲ့စည်းထားသည့် သူပုန်အဖွဲ့များလည်း ဖြစ်နိုင်သည်။ ကလေးတွေ လက်နက် ကိုင်တပ်ဖွဲ့အတွင်းသို့ဝင်ကြရသည့် အကြောင်းပြချက်တွေကလည်း အမျိုးမျိုးရှိနိုင်သည်။

တိုင်းပြည်တစ်ပြည်တွင် နိုင်ငံသားအချင်းချင်း အယူအဆမတူ သဘောထားများ ကွဲလွဲသဖြင့် လက်နက်ကိုင် တိုက်ပွဲများ၊ ပဋိပက္ခများ ဖြစ်ပွားနိုင်သည်။ ထိုစဉ်ကာလတွင် ကလေးတွေ ကျောင်းနှင့် ဝေးကြရသည်။သူတို့
မိဝေးဖဝေး၊ မိသားစုတွေနှင့် ခွဲခွာကြရသည်။ သူတို့တွင် နေစရာမရှိ။သူတို့အိုးအိမ်တွေက စစ်ဒဏ်သင့်ပြီး ပျက်စီးကြရသည်။ သူတို့အတွက် အသက်ရှင်ရပ် တည်နိုင်ရေးမှာ စစ်ထဲဝင်ရုံကလွဲပြီး အခြားရွေးချယ်စရာ မရှိသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများအတွင်းသို့ရောက်လာကြ သည်။

အချို့သောကလေးများကလည်း မိသားစုများ သေကြေပျက်စီးကြရသဖြင့် လက်စားချေလိုသည့် သဘောဖြင့် တပ်ထဲသို့ရောက် လာကြသည်။ အချို့ကလေးများမှာလည်းအတင်းအဓမ္မခေါ်ဆောင်ကာစစ်ထဲဝင်ခိုင်းခြင်း
ကြောင့် ရောက်လာရသည်များ လည်းရှိသည်။ ကလေးများကို တပ်ထဲဆွဲသွင်းပြီးနောက် စစ်ဆင်ရေးကိစ္စ များတွင် အသုံးပြုခဲ့ကြသည်။ ကလေးများကို စစ်သားကြီးများက လိင်ကျွန်အဖြစ်ခိုင်းစေဆက်ဆံခြင်းများ လည်းရှိသည်။ ထို့ပြင် ရက်စက်စွာ မိုင်းရှင်းခိုင်းခြင်း၊ စပိုင်လုပ် ခိုင်းခြင်း၊ သတင်းပို့ဆက်သားအဖြစ် ခိုင်းစေခြင်း၊ ပေါ်တာ ထမ်းခိုင်းခြင်း၊ ကျေးကျွန်အဖြစ် ခိုင်းစေခြင်းစသည့် ကိစ္စမျိုးစုံ တို့လည်းရှိနေသည်။

လက်ရှိအချိန်တွင် ကလေးစစ်သားပေါင်း သုံးသိန်းခန့်သည် တိုက်ခိုက်ရေးစစ်သားများအဖြစ် တာဝန်ထမ်း
ဆောင်နေကြရ ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) အဖွဲ့ကဆိုသည်။

လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကလေးပေါင်းများစွာ စစ်မှုထမ်းခဲ့ကြရသည်။ အထူးသဖြင့် အာဖရိက အနောက်ပိုင်းတွင်ဖြစ်သည်။ ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လိုင်ဘေးရီးယားသူ ပုန်များနှင့် တိုက်ပွဲတွင် ကလေးစစ်သားပေါင်း ၂၁၀၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဆီရာရာ လီယွန်တွင် နှစ်ပေါင်း ၁၁ နှစ်ကြာဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကို ၁၉၉၉ ခုနှစ်ကျမှ ဖြေရှင်းနိုင်ခဲ့ သည်။ နိုင်ငံသားများစွာ ထိတ်လန့်ဖွယ်ရာ နှိပ်စက် ညှင်းပန်းခြင်းများကို ခံစားကြရသည်။

ကိုယ်လက်အင်္ဂါများ ဆုံးရှုံးကြရသည်။ မုဒိမ်းကျင့်ခြင်း၊ အရှင်လတ်လတ် ခေါင်းဖြတ်ခြင်း၊ မီးရှို့သတ်ခြင်းများ မှာ မထူးဆန်းသည့်ကိစ္စလိုဖြစ်နေသည်။ ဆီရာရာ လီယွန်တွင် ကလေးစစ်သားပေါင်း ၇၀၀၀ ခန့် ပြည်တွင်း အဖျက်အဆီးများ၌ ပါဝင်ခဲ့ကြသည်။

သူတို့အထဲမှ အားနက်စ် ဖိုဒေး မန်နာဆိုသူအကြောင်း ပြောပြချင်ပါသည်။ ၁၉၉၁ ခုနှစ်တွင် သူ့အသက် ၈ နှစ်သာရှိသေးသည်။ သူ့မွေးရပ်မြေ ကိုင်လာယန်မှ သူ့ကိုသူပုန်များက ခေါ်လာခြင်းဖြစ်သည်။

“ကျွန်တော့်ကို သူငယ်ချင်းတွေနဲ့ ကစားကွင်းထဲမှာ ကစားနေတုန်း သူတို့က ဖမ်းလာကြတာ” ဟုသူကဆိုသည်။ သူ့သူငယ်ချင်းနှစ်ယောက်က သေသွားသည်။ သူ့ကို ရွာပြန်ပြီး အစိုးရတပ် ကို ထောက်လှမ်းခိုင်းစဉ် သူထွက်ပြေးခဲ့သည်။ ဖမ်းမိသွားပြီးနောက် အရိုက်ခံရသည်။ “ကျွန်တော့်ကို သူတို့က ပုရွက်ဆိတ်တွေကိုက်တဲ့ သစ်ပင်ကြီးတစ်ပင်မှာ ချည်ထားတယ်။ ဇောက်ထိုးချည်ထားပြီး ပုရွက် ဆိတ်ကလည်းကိုက်တော့ အတော်လေးနေရခက်တယ်။ ကျွန်တော့်ကို အဲဒီအတိုင်း နှစ်နာရီလောက်ပစ် ထားတာ” ဟုသူကပြောပြသည်။

ကလေးများ ယခုကဲ့သို့ နှိပ်စက်ခံရခြင်းမှာ ထိုနိုင်ငံများတွင် သိပ်မထူးဆန်းသည့် ကိစ္စဖြစ်သည်။ ကလေးစစ် သားပေါင်းများစွာ သည် ရိုက်နှက်ခြင်း၊ နှိပ်စက်ညှင်းပန်းခံရခြင်း၊ အသတ်ခံရခြင်းများမှာ ရိုးနေသည့် ကိစ္စ ရပ်များဖြစ်သည်။ အချို့ကလေးများ သည် မူးယစ်ဆေးဝါးများ စွဲနေကြသည်။ သူတို့ကို မကြောက်ရွံ့ရန်၊ တိုက်ရဲခိုက်ရဲ သတ်ရဲဖြတ်ရဲရန် ရဲဆေးတင်သည့်အနေဖြင့် မူးယစ်ဆေးဝါးများ သုံးစွဲခိုင်းထားသည်။ “ဆေးကို ကျွန်တော်သုံးချင်လို့ သုံးတာတော့ မဟုတ်ဘူး။ စိတ်ဓာတ်မြှင့်တင်ရေး ဆိုပြီး လာသုံးခိုင်းတာ။ တိုက်ပွဲမထွက်ခင်မှာ ကျွန်တော်တို့ မူးယစ်ဆေးတွေ သုံးကြရတယ်” ဟု ဆီရာရာ လီယွန်ရှိ iEARN (International Education and Resource Network) သို့ရောက်လာသည့်ယခင်ကလေးစစ်သားဟောင်း
တစ်ယောက်က ပြန်ပြောပြသည်။

သူတို့ပြောသည့် စိတ်ဓာတ်မြှင့်တင်ရေးဆိုသည်မှာ ကိုကင်း၊ ဆေးခြောက်နှင့် အရက်များ သောက်သုံးရခြင်း ကို ဆိုလိုသည်။ အခြားကလေးစစ်သားဟောင်းတစ်ယောက်ကလည်း “ကျွန်တော့်ကို မူးယစ်ဆေးထိုးပေး တယ်။ ပြီးတော့ AK-47 သေနတ် လက်ထဲထည့်ပေးပြီး တိုက်ပွဲထွက်ရတယ်။ ရှေ့တန်းမှာ လူတွေသတ်ရ တယ်။ မုဒိမ်းလည်း ကျင့်ရတယ်။ မဟုတ်တာမှန်သမျှ အကုန်လုပ်ရတယ်” ဟုဆိုသည်။

စစ်ပွဲများတွင် ကလေးများကို အသုံးပြုခြင်းသည် ယုတ်မာသည့်စိတ်ကြောင့်လည်းဖြစ်သည်။ ကလေးများ သည် လူကြီးများ လောက် မစားနိုင်သည့်အပြင် လူကြီးများထက် အမိန့်နာခံတတ်သောကြောင့်လည်းပါ သည်။ ကလေးများသည် လေ့ကျင့်ပေးရ လည်း လွယ်ကူသည့်အပြင် တိုက်ပွဲများကြားတွင် မည်မျှသေသေ အရေးစိုက်စရာတစ်ခုအနေဖြင့် သဘောမထားခြင်းကြောင့် လည်း အသုံးချခံနေရခြင်းဖြစ်သည်။

“ကလေးတွေမှာရှိနေတဲ့ အားနည်းချက်ကို အသုံးချတာပါ။ သူတို့က ပြောရင်နားထောင်တယ်။ ခိုင်းရင်လုပ် တယ်။ သိပ်ပြီးတော့ တွေးနေမှာလည်း မဟုတ်ဘူး။ တွေဝေနေမှာလည်း မဟုတ်ဘူး။ လေ့ကျင့်ပေးရတာ လွယ်ပြီး ခိုင်းတဲ့အတိုင်း အတိအကျလုပ်တတ်လို့ သူတို့ကို သဘောကျတာတွေလည်းပါတယ်” ဟု နိုင်ငံတ ကာလူ့အခွင့်အရေးအဖွဲ့က ဆာရာ ဂရင်းန်က ဆိုသည်။ “ သူတို့ကို စာရင်းလည်း သွင်းစရာမလိုဘူး။ ပိုက်ဆံပေးစရာလည်း မလိုဘူး။ အမိန့်နဲ့သာခိုင်း အားလုံးရတယ်” ဟုလည်း သူကဆိုသည်။

မိန်းကလေးစစ်သားများဘဝက ပိုပြီးဆိုးသည်။ လိင်ဖျော်ဖြေသည့်ကိစ္စများအတွက် အသုံးတော်ခံရသလို တိုက်ပွဲများတွင် လည်း ဝင်တိုက်ရသေးသည်။ “ကျွန်မနဲ့ ဘယ်နှယောက် အိပ်ပြီးပြီလဲဆိုတာ မမှတ်မိတော့ ဘူး” ဟု ဖာဘေနီကပြောသည်။ ဘူရန်ဒီရှိ သူမမိသားစုထံမှ အဓမ္မခေါ်ဆောင်ခြင်း ခံရချိန်တွင် အသက် ၁၃ နှစ်ခန့်သာရှိသေးသည်။

“လူတစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားတယ်။ ကျွန်မငြင်းလို့မရဘူး။ ထွက်ပြေးရင်လည်း အသတ်ခံရ မယ်ဆိုပြီး ပြောထားတယ်” ဟု ဖာဘေနီကဆိုသည်။ အန်ဂိုလာ၊ ဆီရာရာ လီယွန်နှင့် ယူဂန်ဒါတို့တွင် သူပုန်ခေါင်းဆောင်များသည် မိန်းကလေးငယ်များကို ဖမ်းဆီးလာပြီး အဓမ္မကျင့်ခြင်း၊ လိင်ကျွန်အဖြစ်စေ ခိုင်းခြင်းတို့မှာ မထူးဆန်းသည့် ကိစ္စတစ်ခုဖြစ် သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏အဆိုအရ ယူဂန်ဒါမြောက်ပိုင်းတွင် မိန်းကလေးများကိုသူပုန်ခေါင်း
ဆောင်များနှင့် ရလာသည့် ကလေးများအား ကျောတွင်ပိုးထားစေပြီး အစိုးရတပ်ကို ဆက်လက်တိုက်ခိုက် ခိုင်းသည်ဟု သိရသည်။

သူပုန်တပ်များတွင် အသုံးပြုနေသည့် AK-47 နှင့် M-16 သေနတ်များသည် တစ်လက်လျှင် ၁၅ ဒေါ်လာနှင့် ရနေသဖြင့် လူတိုင်းကိုင်နိုင်သည့် အနေအထားတွင်ရှိသည်။ အသက် ၈ နှစ်သားလောက်ကို ပစ်ခတ်တတ် ရန် သင်ပေးနိုင်သည်။ ထိုသေနတ်များဖြင့် ကလေးစစ်သားများကို ဆီရာရာ လီယွန်ရှိ RUF (Revolutionary United Front) တပ်တွင် အထူးသင်တန်းများပေးနေသည်။ RUF စစ်သားလေးတစ်
ယောက်သည် သင်တန်းဆင်းပြီးလျှင် ရွာတစ်ရွာကို ဝင်တိုက်ရမည်။ ယောက်ျားတွေကို သေလုမြောပါးဖြစ်
အောင် ရိုက်တတ်ရမည်။ မိန်းကလေးတွေကို မုဒိမ်းကျင့်ရမည်။

ကလေးတွေကို ပြန်ပေးဆွဲလာနိုင်ရမည်။ ခေါ်လာသောကလေးများကို သူတို့က သင်တန်းပြန်ပေးပြီး
နောက် နှစ်လ သုံးလကြာလျှင် သူတို့လို ဇာတ်ပြန်သွင်းမည်။ ထွက်ပြေးရန် ကြိုးပမ်းသူကို ကိုယ်လက် အင်္ဂါချို့ယွင်းသည်အထိ ရိုက်နှက်နှိပ်စက်သည်။ အချို့ကို သတ်ပစ်သည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အတိုက်အခံအုပ်စုအတွင်းသို့ရောက်လာသည့် အသက် ၁၅ နှစ်အရွယ် စစ်သားလေး တစ်ဦးက “သူတို့က ကျွန်တော့်ကို လူသားစားခိုင်းတယ်။ လူသတ်ခိုင်းတာတွေလည်းရှိတယ်။ တစ်ခါတစ်လေ မိန်းကလေး တွေခေါ်လာပြီး မုဒိမ်းကျင့်ခိုင်းတယ်။ မလုပ်ရင်လည်း ကျွန်တော်တို့ကို ရိုက်တယ်” ဟုပြောပြသည်။

ကလေးစစ်သားအဖြစ် လုပ်ခဲ့ရသူများကို ပြုပြင်ရေးစခန်းများသို့ပို့ပြီး ပြန်လည်ပြုစုပျိုးထောင်ရသည်မှာ မလွယ်သည့်ကိစ္စဖြစ် သည်။ iEARN စခန်းသို့ရောက်လာသည့် စစ်သားလေးတစ်ယောက်က “ခုဆိုရင် မိသားစုနဲ့လည်း မနေတတ်တော့ဘူး။ သေနတ်သံတွေ ကိုကြားရင် ပျော်တယ်။ တောထဲမှာပဲ နေချင် တယ်။ သေနတ်သံကြားရင် စိတ်ထဲက အလိုလို တက်ကြွလာတယ်။ ခုတော့ တစ်ယောက်တည်း ပျင်း တယ်” ဟုဆိုသည်။ ကလေးစစ်သားဘဝဖြင့် နေခဲ့ရသူများကို ပညာသင်ကြားပေးမည်ဟု ဆိုလျှင် ငြင်း ဆန်တတ်ကြသည်။ သူတို့ကို လူ့ဘောင်အဖွဲ့အစည်း အတွင်းသို့ပြန်လည် သွင်းရသည်မှာ မလွယ်ကူ သည့်ကိစ္စ ဖြစ်သည်။ထိုကလေးများသည် နောက်ပိုင်းတွင် တောထဲသို့ပြန်မသွားတော့လျှင်လည်း ရာဇ ဝတ်မှုများကျူးလွန်ပြီး လူဆိုး သူခိုးများဘဝဖြင့် နေထိုင်တတ်ကြသည်။

ကလေးများ ကြမ္မာဆိုးမှလွတ်မြောက်ရန်အတွက် မိုဇမ်းဘစ်၊ အင်ဂိုလာ၊ ဆီရာရာ လီယွန်နှင့် ဆိုမာလီး ယားနိုင်ငံများတွင် လက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်သိမ်းခြင်း၊ စစ်ပြန်ကလေးများကို ပြန်လည် ထူထောင်
ပေးခြင်းစသည့် လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ သို့သော်ထိုလုပ်ငန်းများကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် ခက်ခဲမှုများစွာနှင့် ရင်ဆိုင်နေရပြီး ရေရှည် ဆောင်ရွက် အကောင်အထည်
ဖော်နိုင်မှ ရပေလိမ့်မည်။

ကလေးများကို လက်နက်ကိုင်တပ်ဖွဲ့များက စည်းရုံးသိမ်းသွင်း ခေါ်ဆောင်သွားမှုကို တစ်ဖက်ကဖြတ်နိုင်မှ သာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။ကလေးစစ်သားစု
ဆောင်းခြင်းကို တရားမဝင်လုပ်ငန်းတစ်ခုဖြစ်ကြောင်း နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နှင့် ကုလသမဂ္ဂညီလာခံက ထုတ်ပြန်ထားသည့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများအရ တိကျ စွာဆောင်ရွက်ရန် လိုပါသည်။ ဥပဒေအရ အသက် ၁၈ နှစ်အောက် ကလေးများကို စစ်မှုထမ်းခိုင်းခြင်းအား တိကျစွာကန့်သတ်ကြရန် လိုပါလိမ့် မည်။

အထက်တွင် ဖော်ပြခဲ့သည့် ချီနာ ကေတာဆီလို အိပ်မက်ဆိုးများကြားတွင် လှုပ်ရှားနေခဲ့ရသည့် မိန်းက
လေးပေါင်းများစွာ ရှိနိုင်ပါသည်။ သူမအနေဖြင့် ယူဂန်ဒါ အမျိုးသားတော်လှန်ရေးတပ်ထဲမှ လွတ်မြောက် လာသော်လည်း သူမဘဝတွင် ကြုံတွေ့ ခံစားခဲ့ရမှုများက သူ့ကို အမြဲတန်းခြောက်လှန့်နေခဲ့သည်။ သူမက “ကလေးစစ်သား” ဆိုသည့်စာအုပ်တစ်အုပ်ကို ရေးလိုက် သည်။ ထိုစာအုပ်ထဲတွင် သူမ ကလေးစစ်သားဘ ဝတွင် ကျင်လည်ခဲ့ရသည့်ကာလ ခါးသီးဖွယ် အတွေ့အကြုံများကို ဖော်ထုတ် ရေးသားထားသည်။

သူမရေးခဲ့သည့် ကလေးစစ်သားစာအုပ်ကိုဖတ်ပြီး ကလေးများအနာဂတ်ပျောက်နေသည့်ဘဝ၊ ကလေးတွေ ကလေးလို မကြီးပြင်းခဲ့ရသည့်ဘဝ၊ စိတ်ဒဏ်ရာရနေသည့် သူတို့လေးတွေ၏ဘဝကို တိုင်းပြည်က မည်သို့ တာဝန်ယူကြမည်နည်း ဆိုသည့်မေးခွန်းများကို မေးကြည့်နေမိသည်။ တစ်ခုတော့ သေချာတာရှိသည်။ AK-47 သေနတ်ကိုင်ထားသည့် ကလေးတစ် ယောက်ဘဝသည် ပီပြင်သောကလေးဘဝ မဖြစ်နိုင်ပေ။

http://www.thesituation.co.uk/ , Child Soldiers, by Jon-Anders Kindbergကလေးစစ်သားနှင့် ပတ်သက်သည့် သိထားသင့်သော အချက်များ

ကမ္ဘာတွင် ယနေ့ ကလေးစစ်သားပေါင်း ၂၅၀၀၀၀ ဦးခန့်ရှိနေသေးသည်။ကလေးစစ်သား ၄၀ ရာခိုင်နှုန်း သည် မိန်းကလေးများဖြစ်နေသည်။ သူတို့ကို လိင်ကျွန်များအဖြစ် သတ်မှတ်ကာ၊ ယောက်ျားစစ်သားများ အတွက် ဖျော်ဖြေရန် သတ်မှတ်ခံနေရသည်။

သူပုန်စစ်တပ်များသည် ကလေးစစ်သားများကို အများဆုံး အသုံးပြုနေကြသည်။ အစိုးရစစ်တပ်များထဲတွင် လည်း ကလေးစစ်သားများကို အသုံးပြုနေကြသည့် နိုင်ငံများရှိနေဆဲဖြစ်သည်။

ကလေးစစ်သားတိုင်း တိုက်ပွဲကြီးများတွင် တိုက်ခိုက်ရန် အသုံးပြုကြသည်မဟုတ်ပေ။ ပေါ်တာအဖြစ် ကုန်ထမ်းရန်၊ ထမင်းချက်ရန်၊ စပိုင်လုပ်ငန်းများအတွက် အသုံးပြုရန် ကလေးများကို အသုံးပြုကြသည်။

ကလေးစစ်သားအဖြစ် ဖမ်းဆီးခေါ်ဆောင်ရန်အတွက် မိသားစုဝင်များကို သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါ များ ကျိုးပဲ့သည်အထိ ရိုက်နှက်ခံရခြင်းများရှိနေသည်။ နောက်ပိုင်း သံယောဇဉ်ကင်းသည့် ကလေးများကို အိမ်ပြန်စေရန် စည်းရုံးရခြင်းမှာ လွန်စွာခက်ခဲသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် ဇူလိုင်လအထိ ကလေးစစ်သား ၆၀၀ အား စစ်တပ်တွင် စစ်မှု ထမ်းခြင်းမှ နုတ်ထွက်စေခဲ့ပြီး မိဘများထံ ပြန်လည်လွဲပြောင်းပေးနိုင်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ ဒညင်းကုန်း စစ်သားစုဆောင်းရေးတွင် ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး မောင်မောင်ရှင်ကပြောကြားခဲ့သည်။

The Voice

မှတ်ချက်များ