လျှာကင်ဆာ အကြောင်းတစေ့တစောင်း
၇-၁၁-၂၀၁၃ နေ့ ထုတ် ရန်ကုန်တိုင်းမ် (The Yangon Times) အပတ်စဉ်ဂျာနယ် (စာမျက်နှာ ၃၀ ) မှာ
ဖော်ပြခံရတဲ့ ဆောင်းပါးလေးပါ။ FB မှ မိတ်ဆွေများ ကျမ္မာ သုတ ရစေဖို့ အတွက် မျှဝေလိုက်ရပါတယ်ရှင်။ (စေတနာများစွာဖြင့်….ပေါက်ပေါက်)
လျှာသည် ကြွက်သားအမျိုးအစားတစ်ခုဖြစ်ပြီး၊ သတ္တ၀ါတိုင်း၏ ရသာအာရုံခံအင်္ဂါထဲတွင်တစ်ခုအပါအ၀င်ဖြစ် သည်။လျှာကင်ဆာဆိုသည်မှာ လျှာ၏ အရှေ့ (သို့ မဟုတ်) အနောက်ဘက်တွင်ကင်ဆာအကျိတ်ဖြစ် တည်ခြင်းကိုဆိုလို၏။ လျှာ အရှေ့ဘက် ကင်ဆာဖြစ်လျှင်စကားပြောရခက်ခဲပြီး၊ လျှာအနောက်ဘက်ကင် ဆာဖြစ်လျှင် အစာမျိုရန်ခက်ခဲပါသည်။
ထိုရောဂါ သည် ယနေ့ ကမ္ဘာပေါ်တွင် အဖြစ်များဆုံးကင်ဆာ ၁၀-မျိုးစာရင်းထဲမပါဝင်သော်ငြား၊ စစ်တမ်း များအရ အမျိုးသားများသည် အမျိုးသမီးများထက် လျှာ ကင်ဆာဖြစ်နိုင်ချေပိုများပြီး၊ အသက် ၄၅ နှစ်ကျော်
သောအခါ သတိပြုသင့်ပါပြီ။လျှာကင်ဆာ ဖြစ်ခါစ တွင် ကုသပျောက်ကင်းနိုင်သော်လည်း၊ စဦးပိုင်း ကာလ ထိရောက် စွာကုသ မှုမရှိခဲ့ ပါက၊ ခံတွင်း/လည်ချောင်း/မေးရိုး/လည်ပင်း စသည့်အစိပ်အပိုင်း များသို့ 
လျှင်မြန်စွာ ကင်ဆာဆဲလ် များ ပြန့် ပွားလာစေနိုင်သည်။
လျှာကင်ဆာ လက္ခဏာများ…
(၁) လျှာ၏ အရှေ့ ပိုင်း ၃ပုံ ၂ပုံ (သို့ မဟုတ်) လျှာ၏ အနောက်ဘက်ပိုင်း ၃ပုံ၁ပုံခန့် နေရာများနှင့် သွားနှင့် ကပ်ရပ် လျှာဘေး ပတ်လည်များတွင် အနီ (သို့မဟုတ်) အဖြူ အကွက် များပေါ်လာခြင်း။ အချိန်ကြာလာ သည့်နှင့်အမျှနီ-ဖြူအစက်အပြောက်များ ပိုပွားလာကာ နာကျင်စွာခံစားရခြင်း။
(၂) မတော်တဆလျှာကိုက်မိခြင်းမရှိပါဘဲ၊ အလိုအလျောက် လျှာရောင်ရမ်းနာကျင်လာ ခြင်း။
(၃)အချိန်ကြာမြင့်စွာ လည်ချောင်းနာသော်လည်း ကောင်းစွာကုသမှုမခံယူခဲ့ခြင်း။
(၄)အစာဝါးစားခြင်း နှင့် မျိုချသည့် အခါတိုင်း မခံမရပ်နိုင်အောင်နာကျင်၍ခက်ခဲစွာခံစားရခြင်း။
(၅) အစာဝါးခြင်း၊ ရေသောက်ခြင်း နှင့်မျိုချသည့်အခါတိုင်း လျှာ ပေါ်ရှိအဖုများမှ သွေးယိုစီးခြင်း (သို့ မဟုတ်) သူ့အလိုလို အကြောင်းမဲ့ လျှာပေါ်မှသွေးစိမ့်ထွက်ခြင်း။
(၆) လျှာကောင်းစွာ မလှုပ်ရှားခြင်းကြောင့် အသံမပီ ၀ိုးတ၀ါးဖြစ်၍၊ အသက်ရှုပုံစံမမှန်ဖြစ်လာခြင်း။
(၇)မကြာခဏ လျှာထုံခြင်း။
(၈) လူနာအနဲစုတွင် နား အတွင်းပိုင်း ကိုက်ခဲလာခြင်း။
(၉)လည်ပင်းအကျိတ် ကြီးထွားရောင်ရမ်း၍ သိသိသာသာ ခန္ဓာကိုယ်အလေးချိန်ကျဆင်းလာခြင်း။
(၁၀) လည်ချောင်းထဲ တစ်ဆို့ ဆို့ ဝေဒနာခံစားနေရခြင်း။ (၁၁) ပုံမှန်အတိုင်းလျှာကိုကွေးခေါက်၍ မရတော့ဘဲ၊ လျှာတပြင်လုံး တောင့်တင်း မာကျော လာခြင်း…စသည်တို့ ဖြစ်သည်။
လျှာကင်ဆာ ဘာကြောင့်ဖြစ်…
(၁) ဆေးလိပ်အလွန်အကျွံသောက်ခြင်း။
(၂) ဆေးရွက်ကြီးငုံလေ့ရှိခြင်း။
(၃) ကွမ်းသီးအလွန်အကျွံဝါးခြင်း။
(၄) ပွက်ပွက်ဆူ သောဟင်းချိုများနှင့်အလွန်အမင်းပူလောင်သော/ပူစပ်သော အစားအစာများစားသောက်
ခြင်း။
(၅)မျိုးရိုးဗီဇလိုက်ခြင်း။
(၆) အရက်အလွန် အကျွံသောက်ခြင်း။
(၇) အာဟာရချိုတဲ့ခြင်း။ (၈) သွေးအာနည်းရောဂါ။
(၉) ရောဂါရှိသူအဖော် နှင့် သဘာဝလိင်ဆက်ဆံမှုမျိုးမဟုတ်ဘဲ လျှာဖြင့်ဆက်ဆံခြင်းကြောင့် HPV ကူးစက်ပိုးရောဂါစွဲကပ်ခြင်း။
(၁၀) လျှာအက်ဆစ် အထွက်များ ခြင်း။ (၁၁) Graft Versus HostDisease (ခေါ်) ဖြစ်တောင့်ဖြစ်ခဲ ဘေးဥပါသ်ဖြစ်စေသည့်ဆဲလ်များ ပြန့် ပွားသည့်ရောဂါစွဲ ကပ်ခြင်း။
(၁၂) သွားဖြင့်မကြာခဏကိုက်မိခြင်း။ (၁၃) သွားအတု (၀ါ)အံဖုံ ပုံစံမကျခြင်း။
(၁၄) အကြောင်းအမျိုးမျိုးကြောင့် ဓာတုဓာတ်ပေါင်းပစ္စည်းများဖြင့်လျှာကိုထိမိခြင်း…တို့ ဖြစ်သည်။
ကုသနည်း……
(၁) များသောအားဖြင့် ပထမဆင့်တွင်ကင်ဆာအကျိတ်တစ်ရှုးများကိုခွဲစိပ်ဖယ်ထုတ်လေ့ရှိပြီး၊ ထိုသို့ အချိန် မှီခွဲစိပ်ဖယ်ထုတ် ခြင်းဖြင့် ပျောက်ကင်းသွားတတ်ပါသည်။
(၂) ခွဲစိပ်ပြီးနောက်ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာဆဲလ်များ ကိုသတ်၍လည်းကောင်း။
(၃)သွေးပြန်ကြောများမှတဆင့် အကျိတ်ဆဲလ်များပျက်စီးအောင် cisplatin(သိ့မဟုတ်) fluorouracil ဟူသော ခီမိုဆေးများ သွင်းခြင်း စသည့်နည်းလမ်း၃-သွယ် ဖြင့် ဝေဒနာအနိမ့်အမြင့်ပေါ်မူတည်ကာ လျှာကင်ဆာကို ကုသလေ့ရှိ သည်။
အကောင်းဆုံးအစာ…
သင့်တင့်လျောက်ပတ်သော ကယ်လိုရီနှင့် အာဟာရစားသုံးခြင်းဖြင့်လျှာကင်ဆာကုထုံးကို တဖက်တလမ်း မှ ကောင်းကျိုးပြုနိုင်သည်။
(၁) လျှာခွဲစိပ်ပြီးလူနာများအတွက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အဆီနည်းသောအသား၊အဆီ ထုတ်ပြီး နွာနို့ ၊ ဂျုံကြို /ဆန်ပြုတ်/ပြောင်းဖူးဆန်ပြုတ်တို
့စားပေး သင့်သည်။
(၂)အထူးသဖြင့် ဓာတ်ရောင်ခြည်နည်းဖြင့် ကုသခံလူနာများတွင် လျှာရောင်ကိုင်း၍ ကွဲစပ်ခြင်း၊ ခံတွင်းနှင့် လည်ချောင်း တို့ ခြောက်သွေ့ ခြင်းမှသက်သာစေရန် တစ်နေ့ လျှင် သောက်ရေသန့်  ၄၈-အောင်စ မျှ သောက်သင့်ပြီး၊ အချိုရည်၊ဟင်းချို၊ စွပ်ပြုတ် နှင့် ရေခဲမုန့် တို့ စားပေးသင့်သည်။
(၃) အစာမြိုချရန်လွယ်ကူစေ ရန်အတွက် ကရင်မ် (သို့ မဟုတ်) ဆီပါသောဟင်းရွက်သုပ် စားပေးနိုင်သည်။
(၄) ခီမိုဆေးသွင်းပြီးလူနာများတွင် တံတွေး (သွားရည်)ထွက်ရှိမှုကိုအနှောင့်အယှက်ဖြစ်စေကာ ခံတွင်းခြောက်စေတတ်သဖြင့် သဘာဝရှောက်ရည်၊ သံပုရာရည်၊ကာဗွန် ဓာတ်ငွေ့ ပါသည့်ဘိလပ်ရည် တို့ သောက်သုံးပြီး၊ သကြားလုံး၊ ပီကေတို့ ငုံပေးခြင်းဖြင့် ခံတွင်းစိုစွတ်လာစေသည်။
(၅) ခီမိုဆေး သွင်းခြင်း၏ဘေးထွက်ဆိုးကျိုးများမှာ ပျို့အန်အော်ဂလီဆန်ခြင်း နှင့် ခံတွင်းပျက်၍အစာစားချင် စိတ်ကုန်ခမ်းခြင်းတို့ ဖြစ်ပါသည်။ထို့ ကြောင့်အနံ့ ပြင်းသောအစားအစာများကို ရှောင်ရှား၍၊ ပျော့ပျောင်းနူညံ့
သောအစာတို့ ကို နည်းနည်းစီမကြာခဏ စားသင့်သည်။
အမေရိကန်နိုင်ငံဆေးသုတေသီများ၏ စတ်တမ်းများအရ၊ လျှာကင်အဆင့် နှင့်အသက်ရှင်သန်နှုန်းတို့  ကို အောက်ပါအတိုင်း ၂၀၁၁ ခုနှစ်တွင် ထုတ်သော theAmerican Dental Associationဂျာနယ်တွင်
ဖော်ပြထားခဲ့ပါသည်။
ကင်ဆာရောဂါအဆင့် အသက်ရှင်သန်နှုန်း· ရောဂါအဆင့် (၁) ၈၀%-၈၅%
· ရောဂါအဆင့် (၂) ၆၀%-၇၅%
· ရောဂါအဆင့် (၃) ၃၅%-၆၆%
· ရောဂါအဆင့် (၄) ၁၅%-၃၀%.
လျှာကင်ဆာ ဖြစ်ဖြစ်ချင်း
စဦးကာလတွင် ဆေးဝါးဖြင့် နိုင်နင်းစွာကုသမှုခခံယူပါက၊ပျောက်ကင်းသွားကြသလို၊ အထက်ဖော်ပြပါ ကင်ဆာရောဂါအဆင့်(၁) မှ (၄)အတွင်းကုသမှုမှန်ကန်ပါကလည်း၊ ရောဂါအတိမ်အနက်ကိုလိုက်၍ နောက် ထပ် ၅-နှစ် မှ ၁၀-နှစ်အထိဆက်လက်အသက်ရှင်သန်နိုင်သော သာဓကများ လည်းတွေ့ ရပါသည်။ သို့ ပါ၍မိမိကျန်းမာရေးအခြေအနေကို သတိ နှင့်ယှဉ်ကာ မိမိကိုယ်ကိုကောင်းစွာမွေးမြူနိုင်ကြပါရန် အသိပေးလိုက်ရပါသည်။
ပေါက်ပေါက်
ကိုးကား - the 2011 Journal of the American Dental Association

မှတ်ချက်များ