ထမင်းတစ်နပ် လျော့စားပါလေ
မြန်မာ့တပ်မတော်သည် ကိုးကန့် လက်နက်ကိုင်များကို ဆင်နွှဲနေသော စစ်ဆင်ရေးက ပြီးသလောက် ဖြစ်နေရကား ယခုတခါ ၎င်းတို့၏ စစ်ဆင်ရေးသည် လူထုကြီး ဘက်သို့ ထိုးစစ်အရှိန်အဟုန် မြှင့်တင်လာခဲ့ချေပြီ။
အလှုခံ ပုံးများက နိုင်ငံအနှံ ခြိမ့်ခြိမ့်သဲ ထောင်ကုန်ကြပြီ ဖြစ်သည်။ အထူးသဖြင့် ၀န်ထမ်းများခမှာ ဘာလုပ်ရမှန်းမသိတော့။ နာမည်ရေးပြီး ကောက်လာသော စာရင်းစာရွက်ကြီးကြောင့် ကိုယ့်နာမည်ဘေး ကွက်လပ်ကြီး ပါသွားမည့်အရေးက စိုးရိမ်ကြရကာ ဘတ်စ်ကားတိုးစီး၊ ထမင်းဗူးလေး ကိုယ်စီနှင့် အခက်အခဲမျိုးစုံကြားမှ လာရောက်ကြရသော ရုံးဝန်ထမ်းများ၏ အိပ်ကပ်ထဲမှ ငွေများက လျောကနဲ လျောကနဲ ထွက်ကုန်ကြရလေပြီ။
တပ်မတော် အနေဖြင့် အမှန်တကယ် ပိုက်ဆံ လိုနေပါက မန္တလေးရှိ ကိုးကန့်အမျိုးအနွယ်များ၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်စစ်ဆေးကာ သစ္စာဖေါက် ဖုန်ကြားရှင်၏ အနွယ်တော်များ၊ သစ္စာခံသူများပိုင် ပစ္စည်းများကို တွေ့ရက အပြီးတခါတည်း ချိတ်ပိတ်ကာ လေလံတင် ရောင်းချရလျှင် သိန်းပေါင်း သောင်းချီ၍ ကြိမ်းသေရမည် ဖြစ်သည်။
မေ့နေမှာ စိုး၍ ရှာဖွေကူးယူပြီး အောက်တွင် ဖေါ်ပြလိုက်ပါတယ် -
၁။ မန္တလေးဂရိတ်ဝေါရှော့ပင်းစင်တာ
၂။ မန္တလေးဂရိတ်ဝေါဟိုတယ်
၃။ မန္တလေးတော်ဝင်နှင်းဆီဆေးရုံ
၎။ ၇၈ လမ်းပေါ်က လူနေဆိုင်ခန်းများ
၅။ ကသာသစ်အချောထည်စက်ရုံ
၆။ နီကယ်စက်ရုံ
၇။ သကြားချက်စက်ရုံ
၈။ အီသနောစက်ရုံ
၉။ ကျွန်းစိုက်ခင်းဧက ၈၀၀၀
၁၀။ တစ်ရှူးသုတေသနဓာတ်ခွဲခန်း
၁၁။ အကြီးမြန် ယူကလစ်စိုက်ခင်းများ
၁၂။ မန္တလေးသိပံ္ပလမ်းပေါ်မှ ယူကလစ်နဲ့ငှက်ပျော စိုက်ခင်း
၁၃။ နန်းတော်ဆေးရုံ
၁၄။ ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က နေအိမ်နဲ့ ကုမ္ပဏီရုံး ထိုစီးပွားရေးလုပ်ငန်းများပါ။
ဒါတောင် နေပြည်တော်က လွှတ်တော်ထဲ လာထိုင်နေကြတဲံ့ သူတွေရဲ့ ပိုင်ဆိုင်မှုတွေ မပါသေးပါဘူး။
ဒါတွေကို ပြတ်ပြတ်သားသား အရေးယူပြီး ရတဲ့ငွေနဲ့ ကျဆုံးရဲဘော်များအတွက် Trust fund တခု ထူထောင်ပေးလိုက်ရင် တသက်လုံး သားစဉ်မြေးဆက် ကျန်ရစ်သူ မိသားစု အေးအေး နေလို့ရပါတယ်။ သို့မှသာလျင် ကျဆုံးသွားသော တပ်မတော်သားများက ရောက်ရာဘ၀မှ အားရကျေနပ်နေမည်သာ ဖြစ်ပေသည်။
သို့ပေမဲ့ သူတို့ရဲ့အဓိက ရည်ရွယ်ချက်က ဒါတွေ ထည့်သွင်း စဉ်းစားရန်မဟုတ်။ အမှန်တကယ် ငွေလိုနေ၍လည်း မဟုတ်၊ လူထုအကြား ဖြစ်ပေါ်နေသော ဘာသာရေး၊ အယူအဆ ရေးရာ သဘောကွဲလွဲမှုများကို အနံ့ရလျင်ရချင်း ကွဲသည်ထက် ကွဲ၊ ပြဲသည်ထက် ပြဲအောင်သာ အတင်းဝင်ရောက် သပ်လျိုကြခြင်းသာ ဖြစ်သည်။
စည်းလုံးညီညွတ်သော၊ အမှားနှင့်အမှန်ကို ဝေဖန်ချင့်ချိန်နိုင်သော ကျောင်းသား၊ ရဟန်းရှင်လူများသည်ကား ၎င်းတို့အာဏာ သားစဉ်မြေးဆက် တည်မြဲရေးအတွက် အဓိက ဓမ္မအန္တရာယ်ကြီးပင် မဟုတ်ပါလား၊
မိမိတို့ မွေးဖွားလာသည့် ၁၉၆၀ နှစ်လည်ပိုင်းလောက်က စ၍ မှတ်မိသလောက် ဆိုရင် ဖြစ်လိုက်သည့် တိုက်ပွဲများ၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ပဲခူးရိုးမ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မကျန် တနေ့မှ ပြတ်သည်မရှိ။ အဲ့သည်လိုသာ တိုက်ပွဲဖြစ်တိုင်း အလှုခံထည့်နေရပါက မိမိအားလည်း တက္ကသိုလ်ပင် လွှတ်နိုင်ဘို့ဝေးစွ၊ မိဘနှစ်ပါးခမျာ လူရုပ်မျှပင် ရှိတော့မည်မဟုတ်။
ထို့အတွက် ရှေ့လျှောက်လည်း ၂၀၁၅ အတွင်း တနေရာမဟုတ်၊ တနေရာ ဖြစ်ကြဦးမည့်အရေး တွေးမြင်မိ၍ လူထုကြီးအား အကြံပေးလိုသည်မှာ မိမိတို့ လစဉ်သုံး ဘတ်ဂျက်တွင် ပုံမှန်ရှိသော သာရေး၊ နာရေး ထည့်ဝင်ငွေများအပြင် တပ်မတော်အရေးဟူသော ခေါင်းစဉ်တခု ထပ်ဖွင့်၍ ကြွေးမတင်ရလေအောင် ကျစ်လစ်စွာ စီမံခန့်ခွဲကြပါရန်။ ထိုသို့မဟုတ် တစ်နေ့လုပ်မှ တစ်နေ့စားရသူများအတွက်က ထမင်းတစ်နပ်လျော့စား၊ မီတာခ သက်သာရန် ညဘက် ဖယောင်းတိုင်ဖြင့်သာ နေကြပါ။ ပေးရမည့် မီတာခ၊ အလှုငွေများကို ကောက်ခံလာသည့် အချိန်တွင် ခေါင်းမော့စွာ ထည့်နိုင်ပေမည်။
သို့တည်းမဟုတ်က ယခုအချိန်အထိ အကြိမ် (၂၀၀) ကျော်ခန့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်သော်လည်း မည်သို့မျှ လက်ဆုတ်လက်ကိုင် ပြနိုင်လောက်အောင် အရာထင်ခြင်း မရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဘုရားတွင် ဆုတောင်းခြင်း၊ သို့မဟုတ်က လမ်းပေါ်တက်၍ ကျောင်းသားများကဲ့သို့ ခရီးရှည်ချီတက်ကြခြင်းသာ ပြုလုပ်ကြဖို့ အကြံပြုလိုပါသည်။
မှတ်ချက်။ ။ ဆောင်းပါးပါ သုံးသပ်ချက်များသည် စာရေးသူ ဥာဏ်လှိုင်း (Brainwave) ၏အမြင်သာဖြစ်သည်။

မှတ်ချက်များ