ငွေပါမှ ဘုရားဖူးနိုင်တဲ့ခေတ် ရောက်နေပြီလား


ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားတစ်ဆူဆူသို့ ဘုရားဖူးသွားရောက်လိုပါက ငွေစအတန်အသင့်ဆောင် သွားရန် လိုပါလိမ့်မည်။

‘‘ဖိနပ်များအပ်သွားပါ။ ဒါမှမဟုတ် အိတ်နဲ့သယ်သွားပါ’’ဟု ဘုရားမုခ်ဦးရှေ့တွင် အသံစာစာဖြင့် ဘယ်သူ လာလာ ပြောမည့်သူအချို့ရှိနေသည်။ ထို့ကြောင့် ဖိနပ်အပ်နှံခအနည်းဆုံး ၅၀ ကျပ်လိုပါသည်။ သို့သော် အကြွေရှားပါးခြင်းကြောင့် ဖိနပ်အပ်ဌာနတွင် ဖိနပ်အပ်ခတစ်ရန် ၅၀ ကျပ်ဟု ရေးထားသော်လည်း ၁၀၀ တန်၊ ၂၀၀ တန်ပေးသည့်အခါ တစ်ခါတစ်ရံ ပြန်မအမ်းပါ။ ဖိနပ်မအပ်ဘဲ ပလတ်စတစ်သာယူမည်ဆိုပါက အိတ်ပါးတစ်လုံးကို အနည်းဆုံးငွေ ၁၀၀ ကျပ်ဖြင့် ရောင်းပါလိမ့်မည်။

ဘုရားဖူးများအနေဖြင့် ဖိနပ်အပ်ဌာနများမှ ဖိနပ်အပ်ခ၊ ပလတ်စတစ်အိတ်ခမှ ငွေများသည် ဘုရားအတွက် လှူဒါန်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ထိုလုပ်ငန်းများမှာ စီးပွားရေးဆန်ဆန် ကန်ထရိုက်ယူ လုပ်ကိုင်နေခြင်းသာဖြစ်သည်။

‘‘ရွှေတိဂုံကိုသွားရင် ပထမဦးဆုံးစိတ်မချမ်းသာဖြစ်ရတာက ဘုရားမုခ်ဦးကစတာပဲ။ ဖိနပ်အပ်ဖို့ကို အသည်း အသန်အော်ဟစ်နေတယ်။ ကိုယ့်ဖိနပ်ကို ယူသွားရမှာတောင် အပြစ်မကင်းသလို ခံစားရတယ်။ ဘုရားကို ဒီဘက်မုခ်ကတက်ပြီး ဒီဘက်မုခ်ကပဲ ပြန်ဆင်းရမယ်လို့ ဘယ်သူမှ အာမခံထားတာမဟုတ်ဘူးလေ’’ဟု အသက် (၃၀)အရွယ် မအေးသူဇာကပြောသည်။

ရန်ကုန်မြို့ရှိနာမည်ကြီးစေတီပုထိုးများတွင် ဂေါပကများက စေတီရင်ပြင်တော်သန့်ရှင်းရေးအတွက်ဟုဆိုကာ ဖိနပ်များယူဆောင်ခွင့်မပြုပေ။ ယူဆောင်ပါက အိတ်ဖြင့်သာ သယ်ဆောင်စေသည်။ ထို့အပြင် ဂေါပကများ က ဖိနပ်အပ်သည့် လုပ်ငန်းများကို ကန်ထရိုက်ပေးကာ လုပ်ကိုင်လာစေခဲ့ရာ ယင်းလုပ်ငန်းများ တွင်ကျယ် လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုခန့်ရှိလာခဲ့သည်။ ဖိနပ်ကန်ထရိုက်လုပ်ငန်းများသည် ဘုရားဖူးလာသူများ ထံမှ ဖိနပ်များကို တစ်ရန်လျှင် ၅၀ ကျပ်ဖြင့် ကောက်ခံလေ့ရှိပြီး မအပ်လျှင်လည်း ဖိနပ်ထည့်ရန် ပလတ်စ တစ်အိတ် ရောင်းလေ့ရှိသည်။

‘‘ဖိနပ်တစ်ရန်ကို ၅၀ လို့သာ ပြောတယ်။ ၂၀၀တန်ပေးလည်း ပြန်မအမ်းဘူး။အိတ်ကလည်း စေတနာပါသ
လောက် ပြောပေမယ့်လည်း အနည်းဆုံး ၁၀၀ ပေးရတယ်’’ဟု ကျောက်တံတားမြို့နယ်မှ ကိုဇေယျာလတ် က ပြောသည်။

ဘုရားပေါ် ဖိနပ်ယူဆောင်ခြင်းနှင့်ပတ်သက်၍လည်း မအေးသူဇာက ‘‘ဘုရားပေါ် ဖိနပ်သယ်သွားလို့ ဘုရားညစ်ပတ်တယ်ဆိုတာကို လက်မခံဘူး။ ဒါက သက်သက်စားပေါက်ထွင်တယ်လို့ထင်တယ်’’ဟု ၎င်း၏အမြင်ကိုပြောသည်။

‘‘ပထမစမြင်တုန်းက သူတို့ကို စေတနာ့ဝန်ထမ်းလို့ ထင်ခဲ့တာ။ သူများဖိနပ်ကို မရွံမရှာကိုင်ပြီး လုပ်ပေးနေ တာ အရမ်းကိုထူးဆန်းတယ်လို့ထင်တာ။ အကျိုးစီးပွားအတွက် လုပ်နေတယ်ဆိုတာသိမှ အံ့ဩမိတယ်’’ ဟု ရွှေတိဂုံစေတီသို့ ရှစ်ကြိမ်မြောက် သွားရောက်ဖူးမြော်လေ့လာခဲ့သော အမေရိကန်နိုင်ငံသားဂျော့ကပြော သည်။

ဖိနပ်အပ်လုပ်ငန်းလုပ်ကိုင်ခွင့်နှင့်ပတ်သက်ပြီး ဘုရားဂေါပကများက နှစ်စဉ်တင်ဒါခေါ်ယူလေ့ရှိကာ လုပ်ငန်း တိုင်းအတွက် သတ်မှတ်ဈေးများရှိသည်။ ၂၀၁၅ အတွက် ဖိနပ်အပ်လုပ်ငန်းမှ ရွှေတိဂုံစေတီ အရှေ့ဘက်
စောင်းတန်းမှာ လေလံကြေး ၂၂၅ သိန်း၊ အနောက်ဘက်စောင်းတန်းတွင် ၇၅ သိန်း၊ တောင်ဘက်စောင်း တန်း ၁၅၅ သိန်းနှင့် မြောက်ဘက်စောင်းတန်းမှာ သိန်း ၃၀၀ အထိ ဈေးပေါက်ခဲ့သည်။ အရှေ့ဘက် ဓာတ်လှေကားတွင် သိန်း ၄၁၀၊ မြောက်ဘက်ဓာတ်လှေကားတွင် သိန်း ၃၁၅ နှင့် တောင်ဘက်ဓာတ်လှေ ကားတွင် ၈၂ သိန်းထိ ရှိခဲ့သည်။

ရွှေတိဂုံစေတီအရှေ့ဘက်မုခ်မှာ လူဝင်အများဆုံးဖြစ်ပြီး ရိုးရိုးလှေကားမှာ တစ်ရက်လျှင် လူငါးသောင်းခန့် လာရောက်လေ့ရှိသည်။ ပိတ်ရက်များတွင် လူတစ်သိန်းကျော် ဝင်ရောက်ကြောင်း အရှေ့ဘက်စောင်းတန်း ဖိနပ်အပ်လုပ်ငန်းမှ သိရသည်။

‘‘ဖိနပ်ကန်ထရိုက်ဆိုတာက နှစ်ဦးနှစ်ဖက်ကုသိုလ်ရတဲ့လုပ်ငန်းပါ။ ဒီကပေးတဲ့ လေလံဆွဲတဲ့ငွေကလည်း ဘုရားကြီးရဲ့ဝန်ထမ်းတွေအတွက် လစာဖြစ်ပြီး ဘုရားကြီးရဲ့သန့်ရှင်းရေးဖြစ်တယ်။ ဒါပေမဲ့လည်း တချို့လူ
တွေကတော့ ဖိနပ်အပ်ရမှာပြောတာကို မအပ်ဘဲ ယူသွားကြတာတွေလည်းရှိတယ်။ ကျွန်မတို့လည်း ဘုရား ကြီးအတွက် တစ်ဖက်တစ်လမ်းကနေ ကုသိုလ်ကောင်းမှုလုပ်ဆောင်ပေးနေတာပါ’’ဟု ရွှေတိဂုံစေတီ ဖိနပ် အပ်လုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသမီးကပြောသည်။

၎င်းပြောသကဲ့သို့ ဖိနပ်ကို အပ်နှံခြင်းမပြု၊ ပလတ်စတစ်လည်း မဝယ်ဘဲ ကိုယ်တိုင်အိမ်မှ ယူလာသော ပလတ်စတစ်ဖြင့် ဖိနပ်သယ်သူအချို့လည်း ရှိပါသည်။ သို့သော် ထိုကဲ့သို့ ပလတ်စတစ်အိတ်ပါယူလာသူ အလွန်ရှားပါသည်။

ရွှေတိဂုံစေတီတွင်သာမကဘဲ အခြားသောစေတီပုထိုးများတွင်လည်း ကန်ထရိုက်ပေးသည့် လုပ်ငန်းများရှိ သည်။ ကမ္ဘာအေးစေတီတွင်လည်း ယခုနှစ် ဖိနပ်အပ်လုပ်ငန်းအတွက် လေလံဈေးနှုန်းမှာ သိန်း ၁၇၀ ကျော်
ပေါက်ခဲ့သည်။ ယင်းလေလံကြေးကို ပထမအရစ်ကျပ်သိန်း ၉၀ ဖြင့် နှစ်ခါခွဲသွင်းရကြောင်းနှင့် နိုင်ငံခြား သားများကိုပါ တစ်ရန် ၅၀ ကျပ်နှုန်းသာ ကောက်ခံကြောင်း ကမ္ဘာအေးစေတီဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

‘‘ကမ္ဘာအေးဘုရားမှာ ဖိနပ်ကန်ထရိုက်ပေးခဲ့တာ သုံးနှစ်ရှိပြီ။ ဘုရားကို တစ်ရက်လူဝင်နှုန်းက ကြားရက် ၃၅၀ ကနေ ၄၀၀ ကြားရှိပြီး ပိတ်ရက်တွေမှာ ပျမ်းမျှ ၅၀၀ လူဝင်တယ်’’ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် လူအများစုကိုးကွယ်သည့် ဗုဒ္ဓဘာသာအပါအဝင် အာရှတိုက်မှ ကိုးကွယ်မှုဘာသာရေးအ များစုသည် ဘာသာရေးဆိုင်ရာအဆောက်အအုံများတွင် ဖိနပ်စီးခြင်းကို တားမြစ်ထားပြီး ဖိနပ်စီးခြင်းသည် ဘာသာရေးကို မလေးစားရာရောက်သည်ဟု သတ်မှတ်ထားသည်။ ဗုဒ္ဓဘာသာသာသနိက အဆောက်အ အုံများနည်းတူ ဟိန္ဒူဘုရားကျောင်းများတွင်လည်း ဖိနပ်စီးခွင့်မပြုထားပေ။ သို့သော် ဘုရားကျောင်းများသို့ လာရောက်သူများ၏ ဖိနပ်များ ပျောက်ရှမှုမရှိစေရန် ကိုင်တွယ်ဖြေရှင်းပုံမှာ ဘာသာတစ်ခုနှင့်တစ်ခု မတူ ညီပေ။

ဘုရားကျောင်းလာသည့်သူများ ဖိနပ်ပျောက်ရှမှုမရှိစေရန် ဘုရားကျောင်းဝန်ထမ်းတစ်ဦးကို ခန့်အပ်ထား
ကြောင်း လှိုင်မြို့နယ်ရှိ စရီမာရီယမ္မာန်မယ်တော်ကြီး ဟိန္ဒူဘုရားကျောင်းမှ ပရောဟိတ်ပုဏ္ဏားဦးသိန်းမြင့် ကပြောသည်။

‘‘ဘုရားကျောင်းလာရင် ဖိနပ်ပျောက်တယ်ဖြစ်မှာစိုးလို့ အခုလိုလုပ်ထားတာ။ စီးပွားရေးအရ မလုပ်ခိုင်းဘူး။ ဒါပေမဲ့ စေတနာအရ ပေးသွားတာတော့ရှိတယ်’’ဟု ၎င်းကဆက်ပြောသည်။

အစ္စလာမ်ဘာသာရေးဆိုင်ရာ ဗလီများတွင် ဖိနပ်အပ်ခြင်းကို မရှိဆင်းရဲသားများအား လုပ်ကိုင်စေပြီး စီးပွားရေးအရ လုပ်ကိုင်ခြင်းမရှိဘဲ စေတနာအလျောက်ပေးသည့် ငွေကြေးကိုသာယူကြောင်း အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တစ်ဦးကပြောသည်။ ခရစ်ယာန်ဘုရားကျောင်းများတွင်မူ ဖိနပ်ချွတ်ရလေ့မရှိဘဲ ဦးထုပ်သာချွတ်ရသည်။

‘‘ဘုရားကျောင်းတက်ရင် ဖိနပ်ချွတ်ဝင်စရာမလိုဘူး။ ဦးထုပ်ကတော့ ချွတ်ရတယ်။ ကိုယ့်ထက် အသက်ကြီး ဝါကြီးတဲ့ပုဂ္ဂိုလ်တွေရှေ့မှာ ရိုသေတဲ့သဘောပါ’’ဟု ခရစ်ယာန်ဘာသာဝင် ကွန်ပျူတာသင်တန်းဆရာ ကိုကြည်သိန်းက ပြောသည်။

လက်ရှိ ဗုဒ္ဓဘာသာစေတီပုထိုးများတွင် ဖိနပ်အပ်လုပ်ငန်းများမှာ စီးပွားရေးလုပ်ငန်းဖြစ်သော်လည်း အလှူ ခံနှင့် မကွဲပြားသည်ကို ကျောင်းသားများ စုပေါင်းပရဟိတလုပ်ကိုင်လေ့ရှိသူ သန်လျင်နည်းပညာတက္ကသိုလ် မှ စတုတ္ထနှစ်ကျောင်းသူတစ်ဦးက ‘‘အခုက ဖိနပ်အပ်ဝန်ဆောင်မှုလုပ်ငန်းကို ဘာသာရေးအသုံးပြုပြီး အလှူငွေပုံစံ ကောက်နေကြတယ်။ ဝန်ဆောင်မှုတစ်ခုအနေနဲ့ ပွင့်ပွင့်လင်းလင်းလုပ်သင့်တယ်။ အခုလို ထင်ယောင်ထင်မှားလုပ်တာမကောင်းဘူး’’ဟုပြောသည်။

ဘုရားပေါ်ဖိနပ်ယူရန် ပလတ်စတစ်အိတ်များ အသုံးပြုနေခြင်းသည် အမှိုက်များပွစေပြီး သဘာဝပတ်ဝန်း ကျင်ထိခိုက်စေနိုင်သဖြင့် ပလတ်စတစ်အိတ်များ အစားပြန်လည်အသုံးပြုနိုင်မည့် အိတ်များကိုသာ အသုံးပြုသင့်ပြီး အဆိုပါအိတ်များကို မည်သည့်မုခ်ဝတွင်မဆိုယူနိုင်ပြီး အပြန်တွင် မည်သည့်မုခ်တွင်မဆို ထားခဲ့နိုင်ရန် စီစဉ်ပေးသင့်သည်ဟု ၎င်းကပြောသည်။ ထိုကဲ့သို့ ဝန်ဆောင်မှုပေးရန် ပရဟိတအသင်းများ ရှိသော်လည်း ၂၀၁၂ ရွှေတိဂုံစေတီ ၂၆၀၀ ပြည့်နှစ်တွင် ကျောင်းသားများစုပေါင်း၍ ဖိနပ်ထည့်ရန် အိတ်များလှူဒါန်းမှုကို တားမြစ်ခံခဲ့ရသည်ဟု ၎င်းကဆိုသည်။

ဖိနပ်အပ်လုပ်ငန်း ကန်ထရိုက်ပေးမှုကို ကန့်ကွက်သူများရှိသော်လည်း ထောက်ခံသူများလည်းရှိသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့မှ ရွှေတိဂုံစေတီသို့ နှစ်စဉ်လာလေ့ရှိသည့် အသက်(၇၀)ကျော် မွန်တိုင်းရင်းသား အဘွား ဒေါ်သန်းဝင်းက ၎င်းငယ်စဉ်အခါက ရွှေတိဂုံစေတီသို့လာသည့်အခါ ဖိနပ်ကို ကြိုက်သည့်နေရာတွင် ထားခဲ့နိုင်ပြီး ဖိနပ်မှားသည်မှလွဲ၍ အပျောက်အရှမရှိခဲ့ဘူး’’ဟုပြောသည်။

‘‘အလှူအတန်းလုပ်ဖို့ ရွှေတိဂုံဘုရားကိုလာတာ ၅၀၊ ၁၀၀ က ဘာမှမဖြစ်ပါဘူး။ ဘုရားသန့်ရှင်းရေးအတွက် တတ်အားသရွေ့လှူဖို့အဆင်သင့်ပါပဲ’’ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ရှိ ဘုရားအများစုတွင် ဖိနပ်အပ်သည့်လုပ်ငန်းများသာမကဘဲ သန့်စင်ခန်းလုပ်ငန်း၊ ခိုစာကျွေး လုပ်ငန်း၊ သစ်သီးများခူးသည့်လုပ်ငန်း၊ အုန်းပွဲ၊ ငှက်ပျောပွဲရောင်းချသည့် လုပ်ငန်းများမှအစ ဘုရားရွှေ သင်္ကန်းကပ်သည့် ရွှေဆိုင်းလုပ်ငန်းကိုပါ ကန်ထရိုက်ပေးလုပ်ကိုင်မှုများရှိနေသည်။

‘‘အခု ဘုရားကန်ထရိုက်လုပ်တာတွေက အကုန်အောင်မြင်တယ်။ ဖိနပ်ကန်ထရိုက်တွေကတော့ မုခ်လေး မုခ်မှာ ဓာတ်လှေကားနဲ့ စောင်းတန်းသတ်သတ်စီခွဲထားတယ်။ တစ်နှစ်တစ်ခါ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင် ဘာ ၃၁ ရက်အထိ ဆွဲတယ်။ ဘုရားမှာ ကြားရက်လူဝင်တာ ၂၅,၀၀၀၊ ၃၀,၀၀၀၊ ပိတ်ရက်က ၄၀,၀၀၀
လောက် လူဝင်တယ်။ အခါကြီးရက်ကြီးဆိုရင် သုံးသိန်းခွဲလောက်ထိရှိတယ်’’ဟု ရွှေတိဂုံစေတီဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကြိုင်ကပြောသည်။

‘‘ဟိုးအရင်တုန်းက ဘုရားတွေမှာ ငွေပေးပြီး ကန်ထရိုက်ယူတာမျိုးမရှိဘူး။ အခုနောက်ပိုင်း ဘုရားတော်
တော်များများမှာ ကန်ထရိုက်ယူတဲ့ပုံစံတွေ အများကြီးရှိလာပြီ။ တစ်နှစ်ထက်တစ်နှစ် ကန်ထရိုက်လာ
လျှောက်တဲ့ လေလံတင်ဦးရေတွေလည်း မနည်းဘူး။ စီးပွားရေးသမားတွေများလာတဲ့သဘောပဲ။ ကန်ထ ရိုက်လုပ်ငန်းက နှစ်ဦးနှစ်ဖက်အဆင်ပြေတယ်’’ဟု ကမ္ဘာအေးစေတီ ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။

၂၀၁၅ အတွက် ကန်ထရိုက်လုပ်ငန်းစုစုပေါင်းမှ ရွှေတိဂုံစေတီတစ်ခုတည်းတွင် ကျပ်ငွေသိန်းပေါင်း ၁၅,၀၀၀ ကျော်ရရှိသည်ဟု ရွှေတိဂုံစေတီဂေါပကအဖွဲ့မှ တာဝန်ရှိသူကပြောသည်။ အဆိုပါငွေပမာဏ သည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှရရှိသည့် ဓာတ်သတ္တုနှင့် ရတနာလုပ်ငန်းများမှရသော အခွန်ထက် ကျပ်သိန်း ၁,၀၀၀ ကျော်များနေသည်ကို တွေ့ရသည်။

မြန်မာလူမျိုးမှာ ကမ္ဘာတွင် အလှူအတန်းနှင့် ပေးကမ်းရက်ရောမှုတွင် အမေရိကန်နှင့်အတူ ထိပ်ဆုံး၌ ပူးတွဲရပ်တည်နေသော နိုင်ငံဖြစ်သည်။ ဘာသာရေးအတွက် လက်မနှေးတတ်သည်ကို အကြောင်းပြု၍ ဘုရားစေတီများတွင် စီးပွားရေးဆန်ဆန်လုပ်မှုမျိုး မရှိသင့်ကြောင်း ဝေဖန်သူအချို့ရှိသည်။

‘‘ဂေါပက,က ဘုရားကို သူပိုင်ပစ္စည်းလို ဟိုဟာကို ကန်ထရိုက်ပေးလိုက်၊ ဒီဟာကိုကန်ထရိုက်ပေးလိုက်နဲ့ ဘုရားက စီးပွားရှာတဲ့လုပ်ငန်းကြီးလို ဖြစ်နေတယ်။ ဒီဘုရားတွေဆိုတာ ဗုဒ္ဓဘာသာတွေပိုင်တာပါ။ အခုတော့ ဂေါပကတွေလုပ်တာက အရင်တုန်းကလို စိတ်ပြေလက်ပျောက် ဘုရားသွားချင်ရင်တောင်
ငွေယူသွားပါလို့ပြောရမလိုဖြစ်နေပြီ’’ဟု မအေးသူဇာက ပြောသည်။

‘‘ဘုရားက ကန်ထရိုက်တွေက ဗုဒ္ဓဘာသာအမည်ခံပြီး စီးပွားရေးသမားတွေ လုပ်နေကြတာ။ ခေတ်စနစ် ကလည်း မကောင်းတဲ့အတွက် မလုပ်သင့်တော့ဘူး။ ဒီလုပ်ငန်းတွေက စီးပွားရေးအရမ်းဆန်တယ်။ ရပ်သင့်နေပြီ။ တခြားဘာသာခြားတွေနဲ့ယှဉ်ရင် ကိုယ့်ဘာသာကို အထင်သေးစရာတွေဖြစ်မယ်။ ပြီးတော့ ဘုရားကျောင်းကန်တွေမှာဆိုတော့ ပိုပြီးမတင့်တယ်ဘူး။ ဘာသာရေးနဲ့ စီးပွားရေးကလည်း မအပ်စပ်ဘူး’’ ဟု ရွှေည၀ါဆရာတော်က မိန့်ကြားသည်။

ထွန်းထွန်းမင်း | ဖြူဖွေးသန် | 7day

မှတ်ချက်များ