လီကွမ်ယုကို စော်ကားမှုဖြင့် စင်ကာပူ ဆယ်ကျော်သက်လူငယ်တစ်ဦး အဖမ်းခံရ


ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုကို ဝေဖန်သည့် ဗီဒီယိုတစ်ခုအတွက် စင်ကာပူ ဆယ်ကျော် သက် လူငယ်တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

အသက်(၁၆)နှစ် အရွယ်ရှိ အေမို့စ်ယီးသည် လီကို အာဏာရှင် တစ်ဦးအဖြစ် YouTubeပေါ်တွင် ဝေဖန်ပြောဆိုခဲ့ပြီး ခရစ်တော်ကိုလည်း လီနှင့်နှိုင်းယှဉ်ကာ နောက်လိုက်နောက်ပါ စုဆောင်းပြီး အာဏာမက်မောသူတစ်ဦးဟု ပြောကြားထားခဲ့သည်။ အဆိုပါ ဗီဒီယိုကို စင်ကာပူ အာဏာပိုင်များက ပယ်ဖျက်ခဲ့သလို အေမို့စ်ကိုလည်း ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

မတ်လ ၃၁ ရက်တွင် ၎င်းကို ဘာသာရေး တိုက်ခိုက်မှု အပါအဝင် စွဲချက်အချို့ဖြင့် ရုံးထုတ်စစ်ဆေး ခဲ့ပြီးနောက် စင်ကာပူဒေါ်လာ နှစ်သောင်းတန် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ကျောင်းသား တစ်ဦးဖြစ် သည့် အေမို့စ်သည် တရားခွင်တွင် ပြုံးပြုံးရွှင်ရွှင် အေးအေးဆေးဆေးပင် ရှိနေခဲ့သည်ကို တွေ့ရသည်။

၎င်းသည် အသက်(၁၆)နှစ်သာ ရှိသေးသော်လည်း အရွယ်ရောက်ပြီးသူ တစ်ဦးအနေဖြင့် YouTube အ သိုက်အဝန်းတွင် လူသိများပြီး ယခင်ကလည်း အရွှန်းဖောက် ဟာသဗီဒီယိုများ လွှင့်တင်ဖူးသလို We Not Naughty အမည်ရှိ ဇာတ်ကားတွင် ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးသည်။

(၈)မိနစ်ကြာ ဗီဒီယိုကို အေမို့စ်က “နောက်ဆုံးတော့ လီကွမ်ယုသေပြီ”ဟု ခေါင်းစဉ်တပ်ထားပြီး အသက် (၉၁)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည့် နိုင်ငံရေးသမားဟောင်းကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ထားသည်။ ၎င်းသည် လီ၏ ဈာပနအပြီး နောက်တစ်ရက်တွင်ပင် အဖမ်းခံရခြင်း ဖြစ်သည်။

၎င်း၏ အမှုကို ဧပြီ ၁၇ ရက်တွင် နောက်ထပ် ရုံးချိန်းယူ စစ်ဆေးမည်ဖြစ်ပြီး ထိုအတောအတွင်း အေမို့စ် အနေဖြင့် Social Mediaများ အသုံးပြုခြင်းကို ကန့်သတ်ခံထားရမည်ဟု တရားသူကြီးက ဆိုသည်။

အေမို့စ်၏ ဖခင်က “ကျွန်တော့်အနေနဲ့ ဝန်ကြီးချုပ်လီကို ရည်ရွယ်ပြီး တောင်းပန်စကား ပြောချင်ပါတယ်”ဟု မျက်ရည်ဝဲကာ သတင်းထောက်များအား ပြောကြားခဲ့သော်လည်း အေမို့စ်ကမူ ပြုံးပြုံးရွှင်ရွှင်နှင့် သ တင်းထောက်များအား လက်ပြကာ တရားရုံး အဆောက်အအုံမှ ထွက်ခွာသွားကြောင်း သိရသည်။

7day

မှတ်ချက်များ