ပါစင်ကျော်ရွာအနီး တောင်ကုန်းများတွင် ခြေကုပ်ယူထားသော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့များနှင့် တပ် မတော်စစ်ကြောင်းတို့ မတ်လ ၁၆ ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင် ကိုးကန့်လက်နက်ကြီး ကျရောက်မှုကြောင့် တပ်မတော် ခမရ (၆) ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးရာဇာမင်းထွန်း အပါအ၀င် အရာရှိ တစ်ဦး ကျဆုံးခဲ့သည်။ ယင်းကျဆုံးမှုနှင့် ပတ်သက်ပြီး ဗိုလ်မှူးရာဇာမင်းထွန်း၏ မိခင်ဖြစ်သူ ဒေါ်ခင် သန်းမြင့်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။
Voice : အခု ကျဆုံးသွားတဲ့ ဗိုလ်မှူးနဲ့ ဘယ်လို တော်စပ်ပါသလဲ။
DKTM : ကျွန်မမှာ သားသမီး နှစ်ယောက်ရှိတဲ့ အထဲမှာ သူက အကြီးဆုံးသားပါ။
Voice : ခေတ္တတပ်ရင်းမှူးရာထူးကို တာဝန် ထမ်းဆောင်တာ ကြာပြီလားဗျ။
DKTM : ကျွန်မသားလေးဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် သုံးလပိုင်းလောက်မှာ ဒုတပ်ရင်းမှူး အဆင့်နဲ့ အမှတ် (၆၆) လက်အောက်ခံ ခမရ(၆) ကို ပြောင်းရွှေ့ခဲ့ပါတယ်၊ အဲဒီမှာပဲ မူလတပ်ရင်းမှူးက သင်တန်း တက်စရာ ရှိ=တယ် ဆိုပြီးတော့ ခေတ္တယာယီ တပ်ရင်းမှူးရာထူးကို လွှဲပြောင်းယူရပါတယ်။
Voice : တပ်ရင်းမှူးတာဝန်နဲ့ အလုပ်တွေရှုပ်တော့ အိမ်မိသားစုတွေနဲ့ရော တွေ့ဖြစ်ပါသေးလား။
DKTM : တပ်ရင်းမှူး ရာထူးနဲ့အညီ အလုပ်တွေကလည်း တော်တော်ရှုပ်ပါတယ်။ ကျွန်မတို့ကလည်း သူဘာ လုပ်လုပ် တာဝန်ပဲလို့ နားလည်ပါတယ်။ အဲဒီ တာဝန်ယူပြီးကတည်းက မိသားစုတွေ အေးအေးဆေးဆေး မတွေ့ရတာကြာပါပြီ၊ တပ်ရဲ့ သာရေးနာရေး ကအစ သူ့တာဝန်ပဲလေ၊ သူက အလုပ်ရှုပ်တယ်ဆိုတာကို နားလည်လို့ အိမ်မှာဖြစ်သမျှ ပြဿနာ တော်တော်များများကိုတောင် အသိမပေးပါဘူး။ ကျွန်မတို့ ဘာသာ ကျွန်မတို့ ကြိတ်ဖြေရှင်းခဲ့တာတွေ ရှိပါတယ်။
အဲဒီနောက် ကချင်ကိုသွားရမယ်၊ ရှေ့တန်းထွက်ရမယ် ဆိုတာနဲ့ သူ ကချင်ပြည်နယ်မှာ စစ်ဆင်ရေးတာ ဝန်ကို ထမ်းဆောင်နေခဲ့ပါတယ်၊ ဒီလထဲမှာပဲ ကချင်ကနေ သူတို့စစ်ကြောင်း ပြန်လာရပါတယ်။ စစ်ကြောင်း ပြန်ရောက်ရောက်ချင်းပဲ အမေတို့ကို တွေ့ချင်တယ် ဆိုတာနဲ့ သူရဲ့တပ်ကို သွားတွေ့ပါတယ်၊ အဲဒီမှာ တစ်ရက်လောက်နေတယ်၊ မိသားစု မတွေ့တာကြာတော့ စကားတွေဘာတွေ ပြောဖြစ်တယ်။ သူက အမေကို အရမ်းချစ်တဲ့ သားလေးပါ။ ဘာပဲဖြစ်ဖြစ် ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပါပဲ။ အခုလည်း ရှေ့တန်းက ပြန်လာတော့ သူ့မှာ အရမ်းပင်ပန်းနေတာကို သိရတယ်။ ကျန်းမာရေးကလည်း ချူချာနေတယ်လေ။ ဇက်ကြောတစ်ခြမ်း ထိုးနေတာ၊ လေများဖြတ်မယ် ထင်တယ်တဲ့။ အလုပ်များလွန်းလို့ ဆေးခန်းတောင် မပြနိုင်ပါဘူး။
Voice : ရှေ့တန်းကို ပြန်ထွက်ရတယ်ဆိုတာကို ဘယ်လိုသိရပါသလဲ။
DKTM : ကချင်ပြည်နယ်က ပြန်ရောက်ပြီးတော့ တပ်မမှူးကို သွားတွေ့စရာ၊ ကန်တော့စရာ ရှိတယ် ဆိုပြီး ထွက်သွားတယ်။ ပြီးပြန်လာတော့ မျက်နှာ မကောင်းဘူးပေါ့နော်။ ကျွန်မကလည်း ဘာဖြစ်လဲလို့ မေးတော့ ရှေ့တန်းပြန်ထွက်ရမယ်လို့ ပြောတယ်။ ဘယ်ကို ပြန်ထွက်မလဲ ဆိုတာတော့ မသိဘူးတဲ့။ အဲဒါနဲ့ ကျွန်မ လည်း တစ်ရက်လောက်ပဲ နေခဲ့ပြီး ရန်ကုန်ကို ပြန်လာပါတယ်။ အဲဒါနဲ့ သူ ကချင်ကပြန်လာပြီး ငါးရက်လောက် ရှိသေးတယ်။ ရှေ့တန်းထွက်ရမယ် ဆိုပြီး မိတ္ထီလာကို သွားတယ်၊ မိတ္ထီလာကနေ ပြင်ဦးလွင်ကို တစ်ဆင့် ပြီးတော့မှ လောက်ကိုင်ကို ပို့တယ်လို့ ကြားရတယ်ပေါ့။
Voice : ရှေ့တန်းမှာ ကျဆုံးတယ်ဆိုတာကို ဘယ်အချိန်မှာ သိသလဲ။
DKTM : ရှေ့တန်းထွက်ပြီးတော့ သုံးရက်လောက် ကြာတဲ့နေ့မှာပဲ ကျဆုံးတယ်ဆိုတာ ဖေ့ဘုတ်မှာ တွေ့ရတယ်။ အစကတော့ နာမည်မှားသလား ပေါ့နော်၊ နောက်မှ ကျွန်မသားလေး ဖြစ်နေတယ်ဆိုတာကို ကျွန်မ သိလိုက်ရတယ်။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပြီး သူတို့တပ်ကို ကျွန်မတို့သားလားလို့ မေးတော့၊ လှမ်းစုံစမ်းကြည့်တော့ ဟုတ်ပါတယ်ဆိုတာကို သိလိုက် ရတယ်လေ။ အဲဒါနဲ့ ကြားကြားချင်း သူရဲ့တပ်က အိမ်ကို ချက်ချင်းလိုက်သွားကြည့်တော့ နေအိမ်မှာ ဈာပန အခမ်းအနားအဖြစ် သူအဝတ်အစားလေးတွေနဲ့ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ တနင်္ဂနွေနေ့ ရက်လည်ပါမယ်၊ ကျွန်မက ခဏပြန်လာတာပါ။ သူရဲ့ ရက်လည်ကို သွားမှာပါ။ သူ့ရဲ့အလောင်းကတော့ မရနိုင်ဘူးတဲ့။ မီးရှို့ထားတဲ့ အရိုးပြာကိုတော့ လားရှိုးကို ပို့ပေးမယ်ပြောတယ်၊ လားရှိုးမှာ သင်္ဂြိုဟ်မယ်လို့ ပြောပါတယ်။ အခု သူ့ရဲ့ အသက်က ၃၆ နှစ်ပြည့်ပြီးပဲ ရှိပါသေးတယ်။
Voice : အခု ကျဆုံးသွားတဲ့ ဗိုလ်မှူးမှာ မိသားစု ကျန်ခဲ့ပါသေးလား။
DKTM : သူ့မှာ မိန်းမရှိပါတယ်။ သားယောက်ျားလေး မွေးပါတယ်၊ ကလေးလေးက လူမမယ် သုံးနှစ်ကျော်လေးပဲ ရှိပါသေးတယ်။ အခုတော့ အားလုံး ပူဆွေးသောက ရောက်ရပါပြီ။ မိဘတွေအပေါ်ရော ကိုယ့်မိသားစုကိုရော၊ တပ်ကိုရော တာဝန်ကျေခဲ့တဲ့ ကလေးပါ။ ကျွန်မတို့က တပ်ကထွက်ကတည်းက အိမ်ဝယ်နိုင်တဲ့ အခြေအနေမရှိပါဘူး၊ ကလေးက သူက သားအကြီးဆုံး။ သူ့မှာ တာဝန်ရှိတယ်တဲ့။ အဲဒါနဲ့ ကျွန်မတို့ပိုင်တဲ့ ခြံလေးထဲမှာ အိမ်လေးတစ်လုံး ဆောက်ပေးပါတယ်၊ အခု အိမ်ဆောက်လက်စ တန်းလန်း ရှိပါ သေးတယ်။ သူမရှိတော့ဘူးလေ။ ဘာဆက်လုပ်ရမှန်း တောင် မသိတော့ပါဘူး စိတ်မကောင်းဘူး။ မိဘတွေအပေါ် တာဝန်ကျေသွားပါတယ်။
Voice : အရိုးပြာ မြှုပ်နှံတာကိုရော သွားမှာလား ခင်ဗျာ။
DKTM : လားရှိုးမှာ အရိုးပြာ ဂူသွင်းရင် ကျွန်မတို့ သွားလို့ရအောင် သူ့တပ်က အကြောင်းကြားပါမယ် လို့ပြောတယ်။ အခုတော့ ဘာမှ မပြောသေးဘူး။
Voice : စစ်သားဆိုတာ စစ်တိုက်ရင်း ကျဆုံးရတာ မှန်ပေမယ့် မိခင်တစ်ယောက်အနေနဲ့ ဘယ်လို ပြောချင်ပါသလဲ။
DKTM : ဟုတ်ပါတယ် သားလေးဟာ တပ်မတော်သားတစ်ဦး ဖြစ်ပြီးတော့ တိုက်ပွဲမှာ တရားသောစစ်ကို ဆင်နွှဲရင်းကျဆုံးတာကို ကျွန်မကျေနပ်ပါတယ်။ ဒါပေမဲ့ သားလေးက ဒေသတစ်ခုမှာ စစ်ရေးတစ်ခုကို တစ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးပြီ။ ပြန်ရောက်လို့ နားချိန်မရဘူး။ ဒီလိုမျိုး ကြီးလေးတဲ့ အန္တရာယ်များ လွန်းတဲ့ တာဝန်ကို ထပ်ပြီးတော့ စေခိုင်းခံရပါ တယ်။ တာဝန်ပေးတဲ့ တပ်မမှူးတွေကိုလည်း ကျွန်မတို့ မိသားစုဝင်တွေက နားမလည်နိုင်ဘူး။ တပ်ထဲမှာ အရာရှိ ရှားပါးလွန်းလို့လား ဒါမှမဟုတ် တမင်ပုဂ္ဂိုလ်ရေး အရ စေလွှတ်ခြင်းလား သိချင်ပါတယ်၊ အခုလို ပြောတာကလည်း အထက်က အကြီးအကဲတွေ စီစဉ်ကွပ် ကဲမှု ညံ့ဖျင်းတာနဲ့ တာဝန်ပေးအပ်မှု မညီမျှ တာဝန်တွေကြောင့် တပ်မတော်မှာရှိတဲ့ ကျန်တဲ့ အရာရှိစစ် သည်တွေရဲ့ မိသားစုဝင်တွေကိုလည်း ကျွန်မတို့လို ထပ်ပြီးတော့ မကြေကွဲ မခံစားစေချင်လို့ ပြောတာပါ။ အထက်လူကြီးတွေက အောက်ခြေအရာရှိ၊ စစ်သည်တွေကို မိမိတို့ ရင်ဝယ်သားလို မဆက်ဆံဘဲ သူတို့လုပ်ချင်သလို ခိုင်းစေတာဟာ လူ့အသက်ပေါင်း များစွာကို ဖြုန်းတီးနေတယ်လို့ ကျွန်မထင်တယ်။
Voice : တာဝန်ပေးအပ်မှု မညီမျှတာဆိုတာက ဘယ်လိုမျိုးကို ပြောချင်တာလဲခင်ဗျာ။
DKTM : အခုလိုပေါ့နော်။ အခုဆို ရှေ့တန်းက ပြန်လာပြီး အနားယူရမယ့်အချိန်မှာ အနားမယူရဘဲ လူကနွမ်းပြီး လူမမာရုပ်ပေါက်နေတယ်။ အဲဒါကို အမိန့်နဲ့ ချက်ချင်း ပြန်ထွက်ရပါတယ်။ နောက်တစ်ခါ ထွက်ရမယ်ဆိုတော့ သူ့ကိုယ်သူ ဆေးကုသချိန်ကို မရောက်ပါဘူး။ ကချင်တိုက်ပွဲတွေလည်း လူကြီးတွေ ကျေနပ်လောက်အောင် တိုက်ခဲ့ပြီးပြီ။ အခုတော့ သူ့မှာ နားရက်လေး ငါးရက်လောက်နဲ့ ချက်ချင်း ပြန်ထွက်ရပါတယ်၊ တကယ်ဆို တခြားတပ်မတွေ အများ ကြီးရှိနေပါတယ်။ ဘာလို့ သူ့ကိုမှ လွှတ်သလဲ၊ သူ့ထက် အင်အားပြည့်တဲ့ အရာရှိအမှုထမ်းတွေ အများကြီး ရှိနေတဲ့ကြားက သူ့ကို ဘာလို့ လွှတ်ရသလဲဆို တာကို နားမလည်ပါဘူး။ ကျွန်မသားကို ဘာကြောင့် သုံးရသလဲ။ စိတ်ရော လူရော ပင်ပန်းနေတဲ့အချိန်မှာ ဒီလို အန္တရာယ်ကြီးလွန်းတဲ့ နေရာကို လွှတ်တယ် ဆိုတာ ဘာကြောင့်လဲ။ တခြားလူတွေ မရှိတော့ဘူးလား။ အဲဒါကြောင့် ကျွန်မသားကို သေစေချင်လို့ လွှတ်သလားလို့ပဲ မေးရပါမယ်။
Voice : ဒီလိုမျိုး ချက်ချင်းရှေ့တန်းကို လွှတ်တာကိုရော အထက်အရာရှိတွေကို မေးကြည့်ပါသေးလား။
DKTM : တပ်မမှူးကိုတော့ မမေးပါဘူး၊ ဘာမှန်းမသိ ညာမှန်းမသိ ဒီလိုချက်ချင်းကြီး လွှတ်လိုက်တော့ နားမလည်လို့ နီးစပ်ရာ အရာရှိတွေကို မေးတော့ ရှေ့တန်းထွက် စစ်ကြောင်းပြန်လာရင် အနည်းဆုံး လေးလလောက်တော့ နားရတယ်လို့ ပြောတယ်။ နားပြီးမှ ရှေ့တန်း ပြန်ထွက်လေ့ရှိတယ်ပေါ့။ အခုဟာ ကတော့ ချက်ချင်းပြန်လွှတ်တာ အဲဒီအရာရှိတွေတောင် နားမလည်ပါဘူး၊ မရှင်းဘူးလို့ ပြောတယ်။
Voice : အခုကျဆုံးသွားတာနဲ့ ပတ်သက်ပြီး တော့ သူရဲကောင်းဘွဲ့ပေးဖို့ အစီအစဉ်ကိုရော သူရဲ့ တပ်က အကြောင်းကြားပြီလား။
DKTM : အခုထိတော့ ဘာမှ မပြောသေးပါဘူး၊ ကျွန်မတို့ကြားထားတဲ့ သတင်းအရ ကချင်ပြည်နယ် ဘက်မှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်တယ်၊ တိုက်ပွဲတွေမှာ သုံးကြိမ်တိတိ တောင်ကုန်းတွေ သိမ်းနိုင်တယ်လို့ ပြောတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဂုဏ်ပြုဆုတွေ ပေးမယ်လို့တော့ ကြားထားပါတယ်၊ တရားဝင်တော့ မသိတော့ဘူးနော်။
Voice : ထပ်မံပြီးတော့ ဖြည့်စွက်ပြောချင်တာ ရှိပါသေးသလားခင်ဗျာ။
DKTM : အရာရှိငယ်ငယ်လေးတွေ အဲဒီလို ဆုံးရှုံးသွားတာ မတန်ဘူး၊ တိုင်းပြည်ကို အသက်ပေးတာ မှန်တယ်၊ ဒါပေမဲ့ စီမံကွပ်ကဲမှုတွေ ညံ့ဖျင်းတဲ့အတွက် ကျဆုံးသွားရတာ မတန်ဘူး၊ ဘာလို့ လောက်ကိုင်ကို ထပ်ပြီး ထပ်ဆင့်ပေးရတာလဲ၊ တပ်ရင်းမှူးတွေရှိတဲ့ ကျန်တဲ့ တပ်ရင်း ၉ ရင်းရှိတယ်။ အဲဒါကို ခမရ (၆) က တပ်ရင်းမှူး မရှိသေးတဲ့ ယာယီ တပ်ရင်းမှူးလေးကို ဘာလို့ လွှတ်ရတာလဲဆိုတာ မေးချင်ပါတယ်။ အဲဒါနဲ့ ပတ်သက်တာကိုတော့ ဒီဖြစ်ရပ်တစ်ခုလုံး ဖြစ်သွားတာနဲ့ ပတ်သက်လို့ သူတို့ရဲ့ တပ်မမှူးကိုယ်တိုင်က လာပြီး တို့မိသားစုတွေ နားလည်အောင် ရှင်းပြသင့် တယ်၊ ဘာမှလည်း မမျှော်လင့်ချင်တော့ဘူး၊ လာပြီးရှင်းပြ တို့တွေ နားလည်အောင် ရှင်းလင်း ပြောဆိုစေချင်တယ်။ အရင်တုန်းက တိုက်ပွဲတွေမှာ တပ်ရင်း ၁၀ ရင်း လိုတယ်ဆိုရင် ၁၀ ရင်း သူသေ ကိုယ်သေ တိုက်သေတာကို လက်ခံတယ်။

ဒါပေမဲ့ အခုတော့ ဒီတောင်ကြော ထဲမှာက လုံးဝအန္တရာယ်ရှိပါတယ်။ ဒီရက်ပိုင်းအတွင်း မှာပဲ အရာရှိတွေ ပဲ ကျနေတာကို သိနေတယ်။ အတွေ့အကြုံရှိတဲ့ ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေ ဦးဆောင်နေတာပဲ၊ အထိုင်နဲ့ အပေါ်စီးကနေ လက်နက်တွေနဲ့ စောင့်ပစ်နေတာကို ဒီအရာရှိငယ်တွေကို ဦးဆောင်လွှတ်တော့ ဒီအရာရှိလေးတွေ သေတာတောင် နည်းသေးတယ်၊ နောက်လည်း ကျန်အရာရှိတွေ သေနေဦးမှာပဲ။ အဲဒီ ကလေးတွေ သေသွားတဲ့အတွက် နိုင်ငံတော်မှာရှိတဲ့ အကြီးပိုင်းကလူတွေက ဘယ်လိုတာဝန်ယူမှာလဲ အဲဒါကို မေးချင်တယ်။
ဟိန်းသွင်ထက် - The Voice
ဟိန်းသွင်ထက် - The Voice

မှတ်ချက်များ