ဘာမှားနေလဲ ပြည်ထဲရေး


လက်ပံတောင်းအရေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကမ္ဘာတွင် အသုံးမပြုရန် ကန့်သတ်ထားသည့် မီးလောင် ဗုံးဟု ယူဆရသည့် ဓာတုလက်နက်ကို အသုံးပြုခဲ့သည်ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။ မအူပင် မလက်တိုအရေး၊ ညောင်တုန်း ရှားခဲအင်းနှင့် စဥ့်ကူး ညောင်ဝန်းအရေးများတွင် လူသေသည်အထိ ကျည် အစစ်ကိုသုံး၍ ဖြိုခွင်းခဲ့ကြသည်။

ဆူးလေအရေးသည်က ပြောစရာပင် လိုမည်မထင်။ ကမ္ဘာ့အလယ်ပင် အရှက်ရခဲ့သည့် အရပ်ဝတ်စွမ်းအား ရှင်ခေါ် လက်ပတ်နီများအရေး။

လတ်တလော တွေ့ကြုံခဲ့ရသော လက်ပံတန်းအရေးသည်ကသာ၍ ဆိုးသည်။ လက်ဗလာ ကျောင်းသား တစ်ယောက်ကို ရဲ ၁၀ ယောက်ခန့်က ဒေါသတကြီး ဝိုင်းဝန်းရိုက်နှိက်ဖြိုခွင်းခဲ့သည့် ဖြစ်စဉ်။ထိုဖြစ်စဉ်များ အားလုံးသည် တရားဥပဒေဘောင် အတွင်းက ဖြေရှင်းခဲ့သည်လော။

EU ရင်နာရပြီ

ကမ္ဘာကျော် လက်ပံတောင်းတောင်အရေး အပြီးတွင် မြန်မာ့ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်း မကျေညက်ဟု ပြစ် တင်ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။ ယင်းကြောင့် EU ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အဓိကရုဏ်း နှိမ်နင်းသည့် သင်တန်းများ ပို့ချခဲ့သည်။


EU သင်တန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးတို့တွင် သင်တန်းတစ်ကြိမ်လျှင် သီတင်းပတ် နှစ်ပတ်နှုန်းဖြင့် သင်တန်းအပတ်စဉ် ၁၆ခု ထိ ဖွင့်လှစ်သင်ကြားခဲ့သည်။ ဆူးလေနှင့် လက်ပံတန်းအရေး များက EU ၏ သင်တန်းပို့ချမှုကို ကျေလည်တတ်မြောက်ပြီဟု ယူဆရသည့်အချိန်။

သို့သော် EU ရင်နာရသည်။ သူ၏ သင်တန်းသားတို့ သူ့ကို အရှက်ခွဲခဲ့ကြသည်။ ရင်နာအရှက်ရခဲ့မှုကို ကြေညာချက်ထုတ်၍ ဖြေသိမ့်ခဲ့ရသည်။

EU က လက်ပံတန်းနှင့် ရန်ကုန်၌ ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကို နှိမ်နင်းရာတွင် ရဲတပ်ဖွဲ့ဝင်များ မဟုတ် သည့် အဖွဲ့များကို အသုံးပြုခဲ့ခြင်းသည် ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများကိုပါ ထိခိုက်နှောင့်ယှက်မှု ဖြစ်စေ သည်ဟု ဝေဖန်ခဲ့ပြီး လက်ပံတန်း ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းခဲ့မှုကို စုံစမ်း စစ်ဆေးပေးရန် ဥရောပသမဂ္ဂက တောင်းဆိုခဲ့သည်။

ယင်းအပြင် ဥရောပသမဂ္ဂသည် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နှင့် လွတ်လပ်စွာ စုဝေးခွင့်များကို အခြေခံ ရပိုင်ခွင့်အဖြစ် သတ်မှတ်ထားရာ ထိုသို့ ဆန္ဒထုတ်ဖော်နေသူများကို အင်အားသုံး ဖြေရှင်းခဲ့ခြင်းများကို အထူးစိုးရိမ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဖြစ်စေရန်အတွက် အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်ရိုက်ပန်ကြားခဲ့ခြင်းကြောင့် EU သည် ရဲတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင် တန်းပေးခဲ့ခြင်း ဖြစ်ရာ ယခုကဲ့သို့ အခြေအနေမျိုးတွင် လေ့ကျင့်သင်တန်းပေးထားသည့် ရဲများကိုသာ အသုံးပြုရန် အရေးကြီးသည်ဟု မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွက် EU ၏ သင်တန်းက အဘယ့်ကြောင့် မထိရောက်ခဲ့သနည်း။

အချိန်ကာလ ရှစ်လနီးပါးခန့် အချိန်ကုန်၊ ငွေကုန် လူအပင်ပန်းခံ တာဝန်ယူ သင်ကြားခဲ့သော EU ၏ သင်ကြားမှုက ကျောင်းသားသပိတ် အရေးတွင်တော့ အဟောသိကံ ဖြစ်ခဲ့ရသည်။ လက်တွေ့စစ်ဆေးချက် တွင် ရမှတ်က သုည။ပြဒါးတစ်လမ်း သံတစ်လမ်း

ကျောင်းသားသပိတ် ဖြိုခွင်းမှုနှင့် ပတ်သက်၍ EU နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ အမြင်က ပြဒါးတစ်လမ်း သံတစ်လမ်း။

ဤကျောင်းသား အရေးကိစ္စတွင် ရဲတပ်ဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှု နည်းလမ်းမကျဟု EU က ပြစ်တင်ဝေဖန်
နေချိန်တွင် ဝန်ကြီးချုပ် ဦးမြင့်ဆွေကတော့ ဥပဒေဘောင်အတွင်းက ဖြေရှင်းခဲ့ခြင်းဟု ပြောင်ပြောင်တင်း တင်း ငြင်းချက်ထုတ်ခဲ့သည်။
ဆူးလေ ကျောင်းသားဆန္ဒပြမှု ဖြိုခွင်းပြီးနောက် သုံးရက်မြောက်နေ့ မတ်လ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံစဉ်တွင် ထိုသို့ တုံ့ပြန်ငြင်းချက် ထုတ်ခဲ့ခြင်းဖြစ်သည်။


ဝန်ကြီးချုပ် ဦးမြင့်ဆွေ ရည်ညွှန်းသည့် ဥပဒေပုဒ်မသည် လွန်ခဲ့သည့် နှစ်တစ်ရာကျော်က ပြဋ္ဌာန်းခဲ့သော ပုဒ်မ ၁၂၇၊ ၁၂၈ ဖြစ်သည်။ ထို့ကြောင့် ယခုခေတ်နှင့် လျော်ညီမှု မရှိတော့သည့် ဥပဒေကို အသုံးချခဲ့သည် ဟု လွှတ်တော်ကိုယ်စားလှယ် အချို့က ပြစ်တင်ဝေဖန်မှု ပြုခဲ့သည်။ 

ထို့အတူ ပုဒ်မ ၁၂၇၊ ၁၂၈ ကို အသုံးပြုသည်ဟု ဆိုရာတွင် လူစုလူဝေးကို ဖြိုခွင်းရာ၌ အင်အားနည်းနိုင်သမျှ နည်းရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားသည့် ပုဒ်မ ၁၃၀ ကို ထည့်သွင်းစဉ်းစားရမည်ဟု ထောက်ပြသူများ လည်း ရှိသည်။

“လူခင်ရင် မူပြင်တယ်။ လူမုန်းရင် မူသုံးတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက လက်ရှိ ပြည်ထဲရေးနှင့် အုပ်ချုပ်ရေးအာဏာပိုင် အဆင့်ဆင့်၏ လုပ်ဆောင်ချက်များအပေါ် မှတ်ချက်ပြုလာသည်။
ဘယ်သူ့တာဝန်လဲ

ပြည်ထဲရေးရာဌာန၊ တိုင်းဒေသကြီး အစိုးရနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့၏ တာဝန်များ ရောထွေးယှက် တင်လျက် ရှိသည်။ သီးခြားလုပ်ပိုင်ခွင့် မရှိ။ ဌာနတစ်ခုနှင့် တစ်ခုက ကိစ္စရပ်တိုင်းတွင်ချိတ်ဆက်ငြိတွယ်နေ ပြီး ရှင်းလင်းမှုမရှိ။

ပြည်သူကို စောင့်ရှောက်ရန်က ပြည်ထဲရေး၏ တာဝန်။ တိုင်းပြည်ကို စောင့်ရှောက်ရန်က ကာကွယ်ရေး ဝန်ကြီးဌာန၏ တာဝန်ဟု အကြမ်းဖျင်း ဖွင့်ဆိုနိုင်သော်လည်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ရောထွေးသောအခါ မလိုလားအပ်သော ပြဿနာများကို ဖြစ်စေခဲ့သည်မှာ ဆူးလေ ကျောင်းသားသပိတ်က သက်သေခံလျက်ရှိ သည်။

ဆူးလေကျောင်းသား အရေးတွင် ပြည်ထဲရေး မဟုတ်သော အရပ်သား လက်ပတ်နီများက ဖြိုခွင်းသောင်း ကျန်ခဲ့ခြင်း ဖြစ်သည်။

ဤသို့ဆိုလျှင် ပြည်ထဲရေး၏ လုပ်ပိုင်ခွင့်ကိစ္စရပ်ကို မည်သူ ဘောင်ကျော်ခဲ့သနည်း။

ပြည်ထဲရေး ဝန်ကြီးဌာနတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော ရဲအရာရှိကြီး တစ်ဦးကတော့ ဆူးလေအရေးကိစ္စသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းတို့တွင်သာ တာဝန်ရှိသည်ဟု ဤသို့ ဖွင့်ဟလာသည်။
“ဒီနေ့ (မတ်လ ၅ ရက်) ဖြစ်သွားတဲ့ ဖြစ်စဉ်အားလုံးက ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ နယ်/လုံဝန်ကြီး ဗိုလ် မှူးကြီးတင်ဝင်းတို့ ခိုင်းစေတာပါ။ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက လူမိုက်တွေလို့ သိရပါတယ်” ဟူ၍ သူကပြောသည်။

အဆိုပါ ရဲချုပ်က ဝန်ကြီးချုပ် ဦးမြင့်ဆွေ လုပ်ပိုင်ခွင့်နှင့် ရပ်တည်မှုကို ဆက်လက် မှတ်ချက်ပြုလာသည်က-
“အဲဒီ ဝန်ကြီးချုပ်ကို သမ္မတတောင် မနိုင်ဘူး။ တစ်ချိန်က သူက ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးဟောင်း) တောင် အိတ်ထဲထည့်ထားတာ။ ပြောရရင် ဗဟိုအစိုးရတောင် ဂရုစိုက်တာ မဟုတ်ဘူး သူ့ကိုယ်သူ သမ္မတတစ်ပါး လို အောက်မေ့နေတာ” ဟု ဖြစ်သည်။

လတ်တလော ဖြစ်ပွားခဲ့သော ကျောင်းသားသပိတ် အရေးကို ဖြေရှင်းနည်းများကိုကြည့်၍ စာရေးဆရာ လေသူရဲ ဦးလှဝင်းကလည်း ဤသို့ မေးခွန်းနှစ်ခု မေးလာသည်။
“ပြည်ထောင်စုအစိုးရ၊ ပြည်ထဲရေး၊ တိုင်းဒေသကြီးအစိုးရ၊ နယ်/လုံတို့ကြားမှာ ချိတ်ဆက်မှု ပျောက်နေ တာလား။ ဒါမှမဟုတ် ဆိုးရွားတဲ့ ပြဿနာကြီး ဖြစ်သွားပြီ။ သူ တာဝန်မယူချင်၊ ကိုယ်တာဝန်မယူချင်လို့ ချိတ် ဆက်မှုမရှိတဲ့ သဘောမျိုး လုပ်နေတာလား။ အဲဒီနှစ်ခု ရှိတယ်”

သို့သော် လတ်တလောတွင်တော့ ဦးလှဝင်း၏ မေးခွန်းကို မည်သူမျှ တုံ့ပြန်ဖြေကြားမည် မဟုတ်ပေ။ သို့သော်အချိန်က အဖြေပေးသွားလိမ့်မည်။
သမ္မတ ဘာလုပ်မလဲ

အစိုးရအပေါ် ဝေဖန်မှု ပြင်းထန်ခဲ့သော ရဲတပ်ဖွဲ့အပေါ် ပြည်သူမျက်မုန်းကျိုးခဲ့သော ရန်ကုန်မြို့တော်ခန်း  မရှေ့ ကျောင်းသားသပိတ် ဖြိုခွင်းမှုနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနက ဤသို့ ဤနှယ် တုံ့ပြန် လာသည်။

ထိုကျောင်းသားသပိတ် ဖြိုခွင်းမှု အဓိကစေခိုင်းသူကို ပြည်ထဲရေး ဝန်ကြီးဌာန ဦးဆောင်၍ စုံစမ်းရေးကော်မရှင်ဖွဲ့၍ စုံစမ်းဖော်ထုတ်မည် ဖြစ်သည်။ သမ္မတ၏ ညွှန်ကြားချက်ဟု ဆိုသော်လည်း ပြည်ထဲရေး၏ တုံ့ပြန်ချက်ဆိုလျှင် ပို၍ မှန်မည်ထင်။


ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဦးဆောင်သည့် ငါးဦးပါ စုံစမ်း စစ်ဆေးရေးကော်မရှင်ကို မတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်သည်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို မတ်လ ၃၁ ရက်နေ့အရောက် နိုင်ငံတော် သမ္မတထံ တိုက်ရိုက်အစီရင်ခံ တင်ပြရမည်ဖြစ်သည်။

သို့သော် လက်ရှိ စုံစမ်းရေးကော်မရှင်ဖွဲ့ စုံစမ်းလျက်ရှိသော ရန်ကုန်မြို့တော်ခန်းမရှေ့ ဆူးလေ ကျောင်းသား သပိတ် ဖြိုခွင်းမှု အပါအဝင် ပြည်တွင်း၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတိုင်း၏ နည်းလမ်းမကျသည့် ဖြေရှင်းမှုဂ ယက်သည် ဦးဆုံးရိုက်ခတ် ခံစားရမည်က နိုင်ငံတော်သမ္မတပင်။

ထို့ကြောင့်လည်း လေသူရဲ ဦးလှဝင်းက ယင်းအရေးကိစ္စများတွင် ပါဝင်ပတ်သက်ခဲ့သူ အားလုံးကို သက် ညှာမှုမပြုဘဲ အရေးယူဆောင်ရွက်ရန် ဤသို့ဆိုလာသည်။
“သမ္မတက ကောင်းတာလုပ်ခဲ့သမျှဟာ ဒီတစ်ခု ဖြစ်လိုက်တာ မြောင်းထဲရောက်သွားတာပဲ။ မြောင်းထဲက ဘယ်လိုပြန်ထွက်မလဲဆိုတာ ဘယ်သူမှ ညှာမနေနဲ့။ အမှန်တရားကို ဖော်ထုတ်ပြီးရှင်းပါ။ ဘယ်သူ့မှာ တာဝန်ရှိလဲ။ ရှိတဲ့ကောင်တွေ ဖြုတ်ပစ်ရမယ်။ ပြည်ထဲရေးဝန်ကြီး တာဝန်ရှိတာလား။ ဘယ်သူတာဝန်ရှိ တာလဲ ရှိတဲ့ကောင်တွေ ဖြုတ်ပစ်ရမယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် တာဝန်ရှိရင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပေါ့” ဟု ဦးလှဝင်းက သမ္မတ၏ အနေရိုးအေး၍ သည်းခံခွင့်လွှတ်နေမှုကို အားမလိုအားမရ ဆိုလာသည်။
ဘာမှားနေလဲ ပြည်ထဲရေး

လက်ပံတန်း အရေးတွင်တော့ ပြည်ထဲရေး၏ ကိုင်တွယ်မှု လိုအပ်ချက်များကို ကွက်ကွက်ကွင်းကွင်း တွေ့ခဲ့သည်ဟု ဆိုရမည်။ ယင်းကို လူမှုရေးကွန်ရက် စာမျက်နှာနှင့် မီဒီယာစာမျက်နှာတို့တွင် တက် လာသော မှတ်တမ်းဓာတ်ပုံများက သက်သေခံလျက်ရှိသည်။

ဒေါသတကြီး ဝိုင်းအုံရိုက်နှက်နေသော ရဲတပ်ဖွဲ့ဝင်များကို အချို့ရဲတပ်ဖွဲ့ဝင်များက တားဆီးနေကြသည်။ ရပ်ထားသည့် ကားတစ်စီးကို အကြောင်းမဲ့ ထုရိုက်ခွဲနေသည်။ ကျောင်းသားတို့ အလေးအနက်ထားရသည့် ကျောင်းသားသမဂ္ဂအလံကို စိတ်လွတ်လက်လွတ် ဖနောင့်နှင့် ပေါက်နေသည်။ ထို့အပြင် ကျောင်းသား၊ သံဃာ၊ သတင်းထောက်၊ အရပ်သားပြည်သူဟူ၍ ခွဲခြားမှုမရှိဘဲ တွေ့သမျှမြင်သမျှကို မည်းမည်းမြင်ရာ ဒေါသတကြီး ရိုက်နှက်ဖြိုခွင်းနေကြသည်။

ဤသည်က မြန်မာ့ရဲတပ်ဖွဲ့၏ သရုပ်မှန်လော။


EU ကတော့ ရှုတ်ချသည်။ EU ၏ သင်ကြားမှုက လက်တွေ့နယ်ပယ်သို့ ပါမလာခဲ့။

“ကျွန်တော်တို့ အဓိကသင်တာက လူစုလူဝေးနဲ့ ရင်ဆိုင်ရတဲ့အခါ လိုအပ်တာထက် ပိုစိတ်ရှည်ဖို့နဲ့ အင်အား ကို လိုသည်ထက် ပိုမသုံးမိဖို့ကို အဓိကထား သင်ပေးခဲ့တာပါ” ဟု အဓိကရုဏ်း နှိမ်နင်းနည်း သင်တန်းပေး ခဲ့သည့် IMG အဖွဲ့နှင့်အတူ မြန်မာ့ရဲလုပ်ငန်း ပြုပြင်ပြောင်းလဲရေး စီမံကိန်းကို ပူးပေါင်းလုပ်ဆောင်လျက် ရှိသည့် အငြိမ်းစား ရဲအရာရှိတစ်ဦးက ဆိုလာသည်။

သို့သော် လက်တွေ့ လက်ပံတန်းအရေးတွင်တော့ ရဲတပ်ဖွဲ့ဝင်အချို့၏ ဒေါသက အထွတ်အထိပ်။ အဘယ့်ကြောင့်နည်း။

“အိမ်ကို မပြန်ရဘဲ တစ်ရက်၊ နှစ်ရက်၊ သုံးရက် ယူနီဖောင်းမချွတ်ရ၊ ရေမချိုးရ မိသားစုနဲ့ မတွေ့ဘဲထားရင် အဲဒီရဲ မပေါက်ကွဲဘဲ နေမလား။ ရဲအစစ်ပဲထားဦး။ အခုဟာက လက်ပံတန်းမှာ ရဲအစစ်မှ ဟုတ်ရဲ့လား ဆိုတဲ့ သံသယတွေ ရှိတယ်” ဟု အငြိမ်းစား ထောင်ပိုင်ကြီး ဦးမြင့်သန်းက ဒေါသတရားဖြင့် ဖြေရှင်းမိ ခဲ့သော ရဲတပ်ဖွဲ့ဝင်အချို့၏ စိတ်ခံစားမှုကို စာနာစွာ ဆိုလာသည်။

ထိုသို့ အများပြည်သူ၏ အမြင်တွင် လက်ပံတန်းအရေး ဖြေရှင်းခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအပေါ် ရဲအစစ် မဟုတ်သူများပါ ရောထွေးပါဝင်ခဲ့သည်ဟု သံသယ ရှိနေကြသည်။ ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ဦးလှဝင်း က ရဲနှစ်မျိုး ဖြစ်နေခြင်းမှာ စဉ်းစားစရာ ကောင်းကြောင်း၊ သင်တန်းနှစ်မျိုးပေးခြင်း များလားဟု အရွှန်းဖောက် လာသည်။

အချို့သော အဓိကရုဏ်း နှိမ်နင်းရေး သုတေသီများ၏ အဆိုအရ လူအင်အား အယောက်တစ်ရာ ပါဝင်သည့် အဓိကရုဏ်းနှိမ်နင်းရေး တပ်သည် မဟာဗျူဟာနှင့် နည်းဗျူဟာ ကောင်းများကို အသုံးပြုပြီး လူအင်အား ၂၃,၀၀၀ ကျော်ကို ထိန်းချုပ်နိုင်သည်ဟု ပြောဆိုထားကြသည်။

သို့သော် ယခုဖြစ်ပွားခဲ့သည့် လက်ပံတန်းအရေးတွင် ကျောင်းသားတစ်ယောက်လျှင် ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ခန့်က ဝိုင်းဝန်းရိုက်နှက် ဖြိုခွင်းခဲ့သည်။
ပြည်ထဲရေးအတွက် အချက်ပေးသံ

“တိုင်းပြည်တစ်ပြည်မှာ တစ်ခုခုဖြစ်တယ် ဆိုရင် အစိုးရက မဖြစ်စေချင်ရင် ဖြစ်လို့မရဘူး။ အစိုးရက တစ်စုံတစ်ရာ အကျိုးစီးပွားကြောင့် ဖြစ်စေချင်မှ ဖြစ်လို့ရတာ။ အစိုးရမှာ ယန္တရား အကုန်ရှိတယ်။ လူထုမှာက စိတ်ဓာတ်ပဲရှိတာ။ ဘယ်အဓိကရုဏ်းတွေမှာပဲ ဖြစ်ဖြစ် ဒီလိုဖြေရှင်းမှုတွေဟာ အစိုးရက ဒီလိုဖြစ်စေချင်လို့ ဖြစ်တာပဲ။ သူမဖြစ်စေချင်ရင် မဖြစ်ပါဘူး” ဟု အငြိမ်းစား ထောင်ပိုင်ကြီး ဦးမြင့်သန်းက ထောက်ပြလာသည်။ အစိုးရအနေနှင့် ကျောင်းသားသပိတ်ကို ထိန်းချုပ်လိုပါက လက်ပံတန်း မရောက် မီကပင် ထိန်းချုပ်နိုင်ပြီး အချိန်ဆွဲ၍ အတင်းအကျပ် ကျုံးသွင်းထားခဲ့ခြင်းကြောင့် ကျောင်းသားနှင့် ရဲတပ်ဖွဲ့ ဝင်များအကြား မလိုလားအပ်သည့် ပဋိပက္ခ ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက သုံးသပ်လာသည်။

ပြည်သူများတွင်လည်း ယင်းသို့ ယူဆသူများက ထုနှင့်ဒေး။

“အစိုးရအနေနဲ့ ပြည်ထဲရေးကို ဖာပေးတာထက် ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်း မှားယွင်းတာကို ရဲရဲဝန်ခံပြီး လိုအပ်ရင် ရဲရဲပြင်ရဲရမယ်။ ဒါမှ ဒီမိုကရေစီစနစ်နဲ့ အံဝင်တဲ့ ရဲတပ်ဖွဲ့ကိုရမယ်” ဟု အမည်မဖော်လိုသော စီးပွားရေးပညာရှင် တစ်ဦးက သုံးသပ်ပြသည်။


ကျောင်းသားထုနှင့် ဖြစ်ပွားခဲ့သည့် ယခုဖြစ်ရပ်က ပြည်ထဲရေးအနေနှင့် လုပ်ထုံးလုပ်နည်း မှားယွင်းမှုများကို မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်နေပြီ ဆိုသည်ကို မီးမောင်းထိုးပြလိုက်ပြီ ဖြစ်သည်။

ဖြစ်ပြီးခဲ့သမျှ လက်ပံတန်း၊ ဆူးလေ၊ မလက်တို၊ ရှားခဲ၊ ညောင်ဝန်းနှင့် လက်ပံတောင်း စသည့် ရဲနှင့် ပြည်သူထိပ်တိုက်တွေ့ဖြစ်စဉ်များ၏ ရလဒ်သည်က-
ပြည်သူများ ရင်တွင်း၌ ဒဏ်ရာဟောင်းများ မကျက်ခင် ကြီးမားပြင်းထန်သည့် ဒဏ်ရာသစ်ဖြစ်ခဲ့ပြီ။

ပြည်ထဲရေးအနေနှင့် ဆန္ဒပြမှုများကို ယခုအတိုင်း ဆက်လက်ကိုင်တွယ်နေမည် ဆိုပါက ရလဒ်က မကောင်းနိုင်။ မလိုလားအပ်သည့် အဆိုးဆုံး ကိစ္စများလည်း ဖြစ်သွားနိုင်သည်။

ယင်းနှင့်ပတ်သက်၍ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦး၏ မှတ်ချက်က-
“ဒီအတိုင်း ဆက်သွားရင် အုံကြွမှုတွေ ထပ်ထပ်ဖြစ်လာမယ်။ ဒီတော့ တိုင်းပြည်နာတာပေါ့ဗျာ”

The Voice

မှတ်ချက်များ