အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲ နောက်ဆုံးအဆင့်ရောက်

ဓာတ်ပုံ - ရိုက်တာ
သြစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာမှာ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ ဆွေးနွေးပွဲဟာ ဇူလိုင် ၁၃ ရက် တနင်္လာနေ့မှာ နောက်ဆုံးနေ့ ဖြစ်မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျဗက် ဇာအိက ဇူလိုင် ၁၂ ရက်နေ့က သတင်းထောက်တွေကို ပြောပါတယ်။

မာရသွန် ဆွေးနွေးပွဲဟာ တနင်္လာနေ့မှာ နောက်ဆုံးအဆင့်ကို ရောက်ပြီလို့ မျှော်လင့်ပါတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပွဲ ပြုလုပ်နေတဲ့ ဟိုတယ် လေသာဆောင်ကနေ သတင်းထောက်တွေကို ရှင်းပြပါတယ်။

အပြီးသတ် သဘောတူညီချက် ရဖို့အတွက် ဆွေးနွေးနေတာ ၁၅ ရက်ရှိနေပြီး အရေးကြီးတဲ့ ကိစ္စရပ်တွေကို ညှိနှိုင်းနေတာ အဆင်ပြေသလောက်နီးနီး ဖြစ်နေပြီလို့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အထူးသဖြင့် အီရန်ရဲ့ နျူကလီးယား စီမံကိန်းကို ထိန်းချုပ်ဖို့ ညှိနှိုင်းနေတာ တိုးတက်မှု ရရှိခဲ့သလို အရင်တုန်းက အီရန်ရဲ့ လျှို့ဝှက် နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ နျူကလီးယား အေဂျင်စီကို ရှင်းပြဖို့ အီရန်ဘက်က သဘောတူထားပြီးပြီလို့ ဆိုပါတယ်။

ဆွေးနွေးညှိနှိုင်းမှုတွေမှာ ပါဝင်တဲ့ တချို့ သံတမန်တွေက သတင်းထောက်တွေကို ပြောကြားချက်အရ အပြီးသတ် သဘောတူညီချက်ရဖို့ ၉၈ ရာခိုင်နှုန်း သေချာနေပြီး နောက်ထပ် ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းလောက်ပဲ ဖြေရှင်းဖို့ ကျန်တယ်လို့ ဆိုပါတယ်။

၂ ပတ်ကျော်ကြာ ဆွေးနွေးပြီး အဆုံးမှာ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ကြားမှာ အပေးအယူ သဘောဆောင်တဲ့ သမိုင်းဝင် သဘောတူညီချက်ဟာ တနင်္လာနေ့မှာ ရဖို့ အတော်လေး နီးစပ်နေပြီလို့ ညှိနှိုင်းရေးမှူးတွေက ပြောပါတယ်။

DVB

မှတ်ချက်များ