ပလက်ဖောင်းပေါ်တွင် စာကျက်နေခဲ့သည့် ဖိလစ်ပိုင် ကလေးငယ် ပညာသင် ထောက်ပံ့ကြေးရရှိ
ပလက်ဖောင်းပေါ်တွင် ထိုင်ပြီး McDonald’s စားသောက်ဆိုင် တစ်ဆိုင်၏ မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် စာကျက်နေသည့် ဓာတ်ပုံကြောင့် အင်တာနက်တွင် လူသိများခဲ့သည့် ဖိလစ်ပိုင် ကလေးငယ်သည် ယခုအခါ ပညာသင် ထောက်ပံ့ကြေး ရရှိသွားပြီ ဖြစ်သည်။
အိမ်ခြေရာမဲ့ ကလေးငယ် တစ်ဦးဖြစ်သည့် ၉ နှစ်အရွယ် ဒန်နီရယ်လ် ကာဘရီရာ၏ ဓာတ်ပုံ အင်တာနက်တွင် ပျံ့နှံ့လာသည့်နောက် ၎င်း၏ ပညာလိုလားမှုအပေါ် လူအများက ချီးကျူးကြသလို ကလေးငယ်၏ နွမ်းပါးသော အခြေအနေအတွက် ကရုဏာ သက်ခဲ့ကြသည်။
ဂျွိုင်ဆီဂဲလော့စ် တိုရေဖရန်ကာဆိုသည့် ဆေးသိပ္ပံ ကျောင်းသူ အမျိုးသမီးက ကာဘရီရာ၏ ဓာတ်ပုံကို လူမှုကွန်ရက်များတွင် လွှင့်တင်ကာ ကလေးငယ် တစ်ဦး၏ စိတ်ဓာတ်ခွန်အားအပေါ် လေးစားမိကြောင်း ရေးသားခဲ့သည့်နောက် အဆိုပါ ဓာတ်ပုံသည် လျင်လျင်မြန်မြန် ပျံ့နှံ့သွားခြင်း ဖြစ်သည်။
ယခုအခါ ဒေသခံ နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် ဆမ်မြူရယ်လ် ပက်ဒီလာရိုက ကာဘရီရာအတွက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်သွားမည်ဟု ကတိပြုခဲ့သည်။ ထို့ကြောင့် ကလေးငယ် အနေဖြင့် ဘွဲ့ရ ပညာတတ် တစ်ဦးဖြစ်လာပြီး ၎င်းမျှော်လင့်သည့်အတိုင်း ရဲအရာရှိတစ်ဦး ဖြစ်ခွင့်ရရန် အခွင့်အလမ်း ပေါ်လာပြီ ဖြစ်သည်။
“ကျွန်မတို့အားလုံး အရမ်းပျော်နေကြပါတယ်။ ဒီအတွက် ဘယ်လို ကောင်းချီးပေးရမှန်း စကားလုံး မရှာတတ်တော့ဘူး”ဟု ကာဘရီရာ၏ မိခင်ဖြစ်သူ ခရစ္စတီနာ အက်စ်ပီနိုဆာက ဆိုသည်။ သူမသည် စတိုးဆိုင် တစ်ခုတွင် အရောင်းဝန်ထမ်းနှင့် အိမ်အကူ အလုပ်များကို လုပ်ကိုင်နေသူ ဖြစ်သည်။ “အခုတော့ ကျွန်မသားက သူ့ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူဖို့ပဲ အားထုတ်ရတော့မယ်”ဟုလည်း အသက် ၄၂ နှစ်အရွယ် အမျိုးသမီးက ပီတိစကား ဆိုသည်။
အဆိုပါ ဓာတ်ပုံနှင့် ပတ်သက်ပြီး ဒေသဆိုင်ရာ ရဲတပ်ဖွဲ့သည်လည်း ရန်ပုံငွေတစ်ရပ် ထူထောင်ကာ ကာဘရီရာတို့ မိသားစုအတွက် လိုအပ်သော အသုံးအဆောင်များ ကူညီထောက်ပံ့ပေးခဲ့ကြသည်။ အက်စ်ပီနိုဆာနှင့် ကလေးငယ် သုံးဦးတို့သည် သူမအလုပ်လုပ်ရာ ကုန်စုံဆိုင်တွင် ကပ်မှီ နေထိုင်ခဲ့ရခြင်း ဖြစ်သည်။ သူမတို့ နေအိမ်မှာ လွန်ခဲ့သည့် ၅ နှစ်က မီးလောင် ဆုံးရှုံးသွားခဲ့သည်။
သူမ အလုပ်လုပ်သည့် ကုန်စုံဆိုင်သည် McDonald’s စားသောက်ဆိုင်နှင့် ကပ်လျက်တည်ရှိပြီး ကာဘရီရာက ညပိုင်းတွင် အဆိုပါ ဆိုင်မီးရောင်ဖြင့် စာထွက်ကျက်နေခြင်း ဖြစ်သည်။ အက်စ်ပီနိုဆာတွင် သားသမီး အကြီးသုံးဦး ရှိသေးသော်လည်း အားလုံး အိမ်ထောင်ကျကာ အိမ်ခွဲနေထိုင်လျက် ရှိသည်။ သူမ၏ ခင်ပွန်းဖြစ်သူမှာမူ ၂၀၁၃ ခုနှစ်က ပြင်းထန်သည့် ဝမ်းရောဂါ တစ်မျိုးဖြင့် ကွယ်လွန်ခဲ့သည်။
အက်စ်ပီနိုဆာက “ကျွန်မသားက ဆင်းဆင်းရဲရဲ မနေချင်ဘူး။ ပညာတတ်မှ ချမ်းသာမယ်လို့ ပြောပြလေ့ ရှိတယ်။ ဒါပေမဲ့ ကျွန်မတို့ ပြဿနာက သူ့ပညာရေးအတွက် ငွေရေးကြေးရေး ဘယ်လို အထောက်အပံ့ ရှာပေးရမလဲ မတွေးတတ်ခဲ့တာပါ”ဟု ဖွင့်ဟခဲ့သည်။ ကာဘရီရာ၏ အပြုအမူကို ကြားသိရသည့်နောက် ဒေသခံ ခရစ်ယာန် ဘုရားကျောင်း တစ်ခုနှင့် အစိုးရ လူမှုရေး အဖွဲ့အစည်း တစ်ခုတို့ကလည်း သီးခြား ထောက်ပံ့ ကူညီမှုများ ပြုလုပ်ခဲ့သည်။
“ဒီကောင်လေးက ဆင်းရဲနွမ်းပါးတဲ့ လူငယ်လေးတွေအတွက် စံပြုစရာပါပဲ။ ဆင်းရဲလို့ စာမသင်နိုင်ပါဘူးဆိုတဲ့ ကလေးတွေအတွက် တကယ်တမ်း ဆန္ဒရှိရင် လျှပ်စစ်မီးတောင် မလိုဘူးဆိုတာ သူက သက်သေပြခဲ့တာပါပဲ”ဟု ကာဘရီရာအတွက် ဝိုင်းဝန်းကူညီသည့် အလှူရှင် တစ်ဦးက ပြောကြားခဲ့သည်။
ကာဘရီရာအကြောင်း အင်တာနက်ပေါ်တွင် ဖော်ပြခဲ့သည့် တိုရေဖရန်ကာက “ကျွန်မရဲ့ပို့စ်က ဒီလောက် ပျံ့နှံ့သွားမယ်လို့ မထင်မိဘူး။ တော်တော် အံ့ဩသွားမိတယ်။ ဒီကောင်လေးကို ထူးထူးခြားခြား သတိပြုမိခဲ့တာတော့ အမှန်ပါ။ တခြား ကလေးတွေက လမ်းပေါ်မှာ တောင်းရမ်းနေတဲ့အချိန် သူက သည်းကြီးမည်းကြီး စာလုပ်နေတယ်လေ”ဟု မှတ်ချက်ပေးသွားသည်။
7day daily

မှတ်ချက်များ