တာလီဘန်စစ်သွေးကြွများ ကန်ဒုဇ်မြို့မှ ဆုတ်ခွာ


အာဖဂန်နစ္စတန် အစိုးရတပ်ဖွဲ့များ၏ ပြင်းပြင်းထန်ထန် ခုခံမှုကြောင့် ကန်ဒုဇ်ပြည်နယ်၏ မြို့တော်ကန်ဒုဇ်မှ တာလီဘန်စစ်သွေးကြွတပ်ဖွဲ့များ ဆုတ်ခွာသွားပြီဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ယနေ့တွင်အတည်ပြု ပြောကြားကြသည်။

တာလီဘန် စစ်သွေးကြွများသည် ကန်ဒုဇ်မြို့ကို ယခုနှစ် စက်တင်ဘာ ၂၉ ရက်မှစ၍ သိမ်းယူထား ခြင်းဖြစ်သည်။ ယင်းမြို့သည် မြို့တော်ကဘူး၏ မြောက်ဘက်ကီလိုမီတာ ၂၅ဝ အကွာ၌ တည်ရှိသည်။ ကန်ဒုဇ်မြို့နေပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် တာလီဘန်တိုက်ခိုက်ရေးသမားများက ဆုတ်ခွာပေးခြင်းဖြစ်ကြောင်း သတင်းဌာနများသို့ ထုတ်ပြန်ပေးသော တာလီဘန်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။

မိမိတို့သည် ကန်ဒုဇ်မြို့ကို သိမ်းယူရာတွင် ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ခဲ့ကြောင်း၊ အာဖဂန်အစိုးရက ဖမ်းဆီးထားသည့် အကျဉ်းသားများကို အကျဉ်းထောင်များမှ ပြန်လည် စေလွှတ်ပေးနိုင်ခဲ့ကြောင်း၊ အာဖဂန်အစိုးရတပ်ဖွဲ့များထံမှလည်း လက်နက်များနှင့် ခဲယမ်းမီး ကျောက်များကို သိမ်းယူနိုင်ခဲ့ကြောင်း တာလီဘန် အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။

တာလီဘန်တပ်ဖွဲ့များသည် အကြီးအကျယ် သေကျေပျက်စီးမှုများ ခံစားရပြီး နောက် ကန်ဒုဇ်မြို့မှ ပြန်လည်ဆုတ်ခွာသွားကြကြောင်း ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ကာဆင်ဂျန်ဂဲလ် ဘာ့ဂ်ျက အောက်တိုဘာ ၁၃ ရက် တွင် မီဒီယာများသို့ အတည်ပြု ပြောကြားခဲ့သည်။

The Mirror Daily

မှတ်ချက်များ