အင်းဝမြို့ရိုး တူးဖော်မှု (၅၀) ရာခိုင်နှုန်းပြီးစီး
မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦး မြို့နယ်အတွင်း အင်းဝမြို့ဟောင်းရှိ နန်းတော် အုတ်ခုံမြို့ရိုး တူးဖော်မှုမှာ (၅၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး) ထံမှ သိရသည်။ ယင်းမြို့ရိုးတူးဖော်မှုကို သြဂုတ်လ ကတည်းက စတင်ခဲ့ရာ ယခုနှစ်ကုန်တွင် တူးဖော်ပြီးစီးရန် အတွက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
“တူးဖော်နေတာတော့ (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီ။ တူးဖော်ရတာတော့ မြန်မာဘုရင်တွေ နန်းမြို့ရိုး ဘယ်လို ဆောက်တယ် ဆိုတာတွေ လေ့လာဖို့နဲ့ မြန်မာ့ယဉ်ကျေးမှု အဆင့်အတန်းတွေကို တခြားသူတွေ သိစေချင်လို့ဖြစ်တယ်။ မြို့ရိုးကို တူးဖော်ပြီးလို့ နောင်ကျရင် ကမ္ဘာ့ အသိအမှတ်ပြုတဲ့နေရာ မဖြစ်နိုင်ဘူးလို့ ပြောမရဘူး”ဟု ရှေးဟောင်း သုတေသန အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းအင်းဝမြို့ရိုးအား တူးဖော်ပြီးစီးပါက ရှေးမူမပျက် ထားရှိပြီး ကမ္ဘာလှည့် ခရီးသွားများ ပြည်တွင်းခရီးသွားများ လေ့လာနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတူးဖော်မှုတွင် အုတ်ချပ်များမှာ ကုန်းဘောင်ခေတ်ဦးနှင့် ကုန်းဘောင်ခေတ် လယ်ပိုင်းမှ အုပ်ချပ်လက်ရာများ ဖြစ်ပြီး အုတ်ရိုးကို ကျင်းရှည်စနစ်ဖြင့် တူးဖော်ခြင်း ဖြစ်ကာ တူးဖော်ပြီးသော အုတ်ရိုး အမြင့်မှာ (၃) ပေ မှ (၈) ပေခွဲအထိ ရှိသည်။
အင်းဝမြို့ဟောင်းသည် ကမ္ဘာလှည့် ခရီးသွားများနှင့် ပြည်တွင်း ခရီးသွားများ နေ့စဉ်သွားရောက် လည်ပတ်နေသည့် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်သည်။
messenger

မှတ်ချက်များ