မှတ်မှတ်သားသားစကားများ

ဆယ်ကျော်သက်အရွယ်မှာ မဖြစ်မနေသိထားသင့်တဲ့ အချက် (၅) ချက်

 

ဆယ်ကျော်သက်အရွယ်ဆိုတာ လူတိုင်းရဲ့ ဘဝမှာ မဖြစ်မနေဖြတ်သန်းလာခဲ့ရတဲ့၊ ဖြတ်သန်းရမယ့် အသက်အရွယ်အပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ ကလေးလည်း မဟုတ်တော့သလို၊ လူကြီးလည်း မဟုတ်သေးပြန်တဲ့ ကြားကာလ အသက်အရွယ်တစ်ခုဖြစ်ပြီး တစ်ဘဝလုံးအတွက် အရေးကြီးဆုံး အပိုင်းအခြားကာလတစ်ခုဖြစ်တယ်ဆိုလည်း မမှားပါဘူး။ ဆယ်ကျော်သက်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ သူတွေအားလုံးအတွက် အနာဂတ်မှာ အောင်မြင်ဖို့အတွက် မဖြစ်မနေ သိထားရမယ့် အချက်လေးတွေရှိပါတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ပါဦး။

(၁) သူငယ်ချင်းအများကြီးရှိစရာမလိုပါဘူး

ကျောင်းမှာ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ အများကြီးရှိမှဖြစ်မယ်လို့ မတွေးလိုက်ပါနဲ့၊ အပေါင်းအသင်းတွေ အများကြီး၊ သူငယ်ချင်းတွေ အများကြီးရှိမှ လူရာဝင်မယ်လို့ မထင်ပါနဲ့။ သူငယ်ချင်းဆိုတာ အရေအတွက်က အဓိကမဟုတ်ဘဲ အရည်အသွေးကသာ အဓိကဖြစ်ပါတယ်။ စိတ်ရင်းကောင်းပြီး ယုံကြည်ရတဲ့၊ အကျင့်စာရိတ္တကောင်းမွန်တဲ့ သူငယ်ချင်းအနည်းငယ်ဆိုရင် တစ်ဘဝစာလုံလောက်ပါပြီ။ များပြားတဲ့ အပေါင်းအသင်းတွေက အများအားဖြင့် သင့်ကို ပျက်စီးခြင်း လမ်းကြောင်းပေါ်ကိုပဲ ရောက်စေမှာပါ။

(၂) အချစ်ရေးတစ်ခုက မရှိမဖြစ်မဟုတ်ပါဘူး

အရွယ်ရောက်လာတဲ့အခါ ချစ်သူရည်းစား မဖြစ်မနေထားရမယ်၊ အချစ်ရေးတစ်ခုက မရှိမဖြစ်ပဲ ဆိုတာမျိုးလုံးဝ မတွေးလိုက်ပါနဲ့။ သင့်သူငယ်ချင်းတွေ ရည်းစားရသွားတာမျိုးတွေလည်း အများကြီးတွေ့ရမှာပါ။ ဒါပေမယ့်လည်း သူတို့ရည်းစားရှိလို့ သင့်မှာလည်း မဖြစ်မနေ ရှိစရာမလိုပါဘူး။ သင့်အတွက် အကောင်းဆုံးလူ၊ သင်နဲ့ အသင့်တော်ဆုံးသူက အချိန်တန်တဲ့အခါ သူ့အလိုလိုပေါ်လာမှာပါ။ ဒီအတွက် သင်အားထုတ်နေစရာမလိုပါဘူး။

(၃) အသက်ကစကားပြောလာပါလိမ့်မယ်

ဆယ်ကျော်သက်အရွယ်မှာ လူရှေ့မထွက်ရဲတာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတာ၊ ဆုံးဖြတ်ချက်မချနိုင်တာမျိုးတွေ ကြုံရမှာပါ။ ဒါပေမယ့်လည်း ဒီအတွက်ကြောင့်နဲ့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အသက်တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ဘဝကပေးတဲ့ သင်ခန်းစာတွေကြောင့် တဖြည်းဖြည်းရင့်ကျက်လာပါလိမ့်မယ်။ ဒါကြောင့် ငယ်သေးတဲ့အချိန်မှာ အတင်းလူကြီးဆန်အောင် နေဖို့မကြိုးစားဘဲ ပေါ့ပါးစွာနေထိုင်ပါ။

(၄) Social Media နဲ့ပဲအချိန်မကုန်ပါနဲ့

သင့်ရဲ့အချိန်တွေတော်တော်များများကို Social Media မှာပဲ အကုန်မခံပါနဲ့။ နောက်ပြီး သင့်ရဲ့ဖြစ်ပျက်သမျှ အကြောင်းအရာတွေအားလုံးကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ထာမျိုး မလုပ်ပါနဲ့။ Social Media ဟာ ဘဝမဟုတ်ပါဘူး။ တစ်ခါတလေ သတင်းကြည့်ဖို့၊ ဗဟုသုတရှာဖို့အတွက် အသုံးပြုတာမျိုးက ဖြစ်သင့်ပေမယ့် Chattingတွေ၊ ရင်ဖွင့်တာတွေနဲ့ သင့်ရဲ့အကြောင်းတွေကို လူတကာကို ပြဖို့အတွက်တော့ မသုံးပါနဲ့။ နောင်တရစရာတွေ များလာပါလိမ့်မယ်။

(၅) လူတိုင်းမှာ မတူညီတဲ့ပန်းတိုင်ကိုယ်စီရှိပါတယ်

တက္ကသိုလ်ဝင်တန်းအောင်တဲ့အခါ မတူညီတဲ့ ဘဝလမ်းကြောင်းတွေပေါ်ကို ရောက်သွားကြတော့မှာပါ။ ဒီအချိန်မှာ သင့်ရဲ့စိတ်က အရေးကြီးဆုံးပါပဲ။ သူများဝါသနာပါတိုင်း သင်လည်း ဝါသနာပါချင်မှပါမှာပါ။ ဒါကြောင့် ရောယောင်ပြီး သူများနောက် မလိုက်မိစေဖို့ အရမ်းအရေးကြီးပါတယ်။ လူတိုင်းမှာ မတူညီတဲ့ပန်းတိုင်၊ မတူညီတဲ့ အားသာချက်ကိုယ်စီရှိတာကြောင့် ကိုယ့်ဘဝကိုယ်တည်ဆောက်ဖို့ ဘယ်လမ်းကြောင်းကို လိုက်သင့်လဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ပါ။

Credit:Em Em

Leave a Reply

Your email address will not be published. Required fields are marked *