အခုဖော်ပြမယ့် အမျိုးသမီးတစ်ယောက်ရဲ့ အလုပ်အကိုင်ကတော့ ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင်များထဲမှာတောင် ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ သူမက အသက်မွေးဝမ်းကြောင်းအတွက် ဘာလုပ်လဲဆိုရင် ပန်ဒါဝက်ဝံပေါက်လေးတွေကို စောင့်ရှောက်ပေးရတာပါ။ စောင့်ရှောက်ပေးရတဲ့အထဲမှာ ပွေ့ဖက်ပေးရတာလည်း အဓိက ပါဝင်ပါတယ်။
ဟုတ်ပါတယ်။ ၎င်းအလုပ်မျိုးဟာ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှာရှိတဲ့ ပန်ဒါစောင့်ရှောက်ရေးနဲ့ သုတေသနစင်တာမှာ တကယ်ရှိတာပါ။ သတင်းများအရဆို ထိုစင်တာမှာ ပန်ဒါတွေကို စောင့်ရှောက်ပေးရတဲ့ အမျိုးသမီးရဲ့ လုပ်အားခဟာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၃၂,၀၀၀ (မြန်မာကျပ်ငွေနဲ့ဆို သိန်း ၅၀၀ နီးပါး) တောင် ရပါတယ်။ အခြားလုပ်ငန်းခွင်တွင်း ခံစားခွင့်တွေကတော့ နေ/စား စရိတ်ငြိမ်းတဲ့အပြင် SUV ကားပါ ပေးသုံးပါတယ်။
ဒီလို ပန်ဒါစောင့်ရှောက်ရတဲ့ အလုပ်ဟာ အရင်တုန်းကတော့ ဒီလောက် လုပ်အားခ မများခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပန်ဒါတွေကို စောင့်ရှောက်ရတဲ့အလုပ်ကို လူတွေ ပိုအာရုံစိုက်မိစေဖို့ အခုလို လုပ်အားခတိုးလိုက်ရခြင်းဖြစ်ကြောင်း ပန်ဒါစင်တာက အရာရှိတစ်ဦးဖြစ်တဲ့ Heng Yi ဆိုသူက ရှင်းပြခဲ့ပါတယ်။
တရုတ်နိုင်ငံက လူ့စွမ်းအားအရင်းအမြစ် ပညာရှင်တစ်ဦးဖြစ်တဲ့ Ye Mingxin ဆိုသူကတော့ ပန်ဒါတွေကို ဂရုစိုက်ပေးရတဲ့ ထိုအလုပ်ကို ရနိုင်ဖို့ အဆင့်သတ်မှတ်ချက်တွေတော့ မြင့်ကြောင်း ပြောခဲ့ပါတယ်။ ပညာအရည်အချင်းမြင့်ပြီး လုပ်သက်အတွေ့အကြုံမှာလည်း အရာရှိအဆင့် ဖြစ်ဖူးရမည်ဖြစ်ပြီး ပန်ဒါစင်တာမှာ နေရမယ့်အချိန်များတဲ့အတွက် အစားအသောက်အနေအထိုင် လိုက်လျောညီထွေဖြစ်အောင် နေနိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Elite Readers
Credit:Shwemom