![]() |
| ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်း အပန်းဖြေသူများအား တွေ့ရစဉ် |
တစ်နေ့ရုံးသွားဖို့ အိမ်ကနေထွက်လာတော့ လမ်းမှာတင် မိုးကဝေါခနဲ ရွာချပါတော့တယ်။ ပုဆိုးအောက်ပိုင်း တစ်ခုလုံး ရွှဲရွှဲစိုတော့တာပါပဲ။ အဲဒီလိုနဲ့ ကားမှတ်တိုင်မှာ တော်တော်လေးကြာအောင် ရပ်စောင့်ပြီးမှ ဘတ်စ်ကား ရောက်လာပါတယ်။ ကားပေါ်ရောက်တော့ မိုးတိတ်သွားပါပြီ။ နေရာရ လို့ ပြတင်းပေါက် နားကခုံမှာထိုင်ရင်း လိုက်ပါလာခဲ့ပါတယ်။
ကားပေါ်လိုက်ပါလာရင်း လမ်းတစ်လျှောက်မြင်ကွင်းများကို ကြည့်မိတော့ ‘မိုးရွာပြီးစ မနက်ခင်း’ ဆိုတဲ့ ကဗျာလေးကို သွားသတိရမိပါတယ်။ စောစောလေးကတင် မိုးတိတ်သွားပြီမို့ လမ်းတစ်လျှောက်မြင်ရတဲ့ သစ်ပင်ကလေးတွေဟာ မိုးရေစက်လက်နဲ့ စိမ်းစိမ်းစိုစိုဖြစ်ကာ မျက်လုံးထဲမှာ အေးမြလန်းဆန်းနေသလို ခံစားရပါတယ်။ အဲဒီ သစ်ပင်တွေဆီက ထွက်လာတဲ့ အစိမ်းရောင်ဓာတ်ကို ထူးထူးခြားခြား ခံစားလိုက်ရသလိုပါပဲ။
အဲဒီအချိန်မှာ ကျွန်တော့်စိတ်ထဲ ‘Green’ ဆိုတဲ့ စကားလုံးလေး ၀င်ရောက်လာပါတယ်။ ‘အစိမ်းရောင်’ လို့ မြန်မာလို အဓိပ္ပာယ်ရတဲ့ အဲဒီစကားလုံးလေးကို ကျွန်တော်တို့ မေ့နေတာကြာပြီ ထင်ပါတယ်။ ဒါမှမဟုတ် အဲဒီ စကားလုံးလေးရဲ့ အရသာကို မခံစားရတာ ကြာပြီလို့ပဲ ပြောရမလား မသိပါဘူး။ မန္တလေးက ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တစ်ဖွဲ့ကတော့ Green ဆိုတဲ့ စကားလုံးကို ‘စိမ်းရောင်စို’ လို့ ဘာသာပြန်ပါတယ်။ ဟုတ်ပါတယ်။ အစိမ်းတော့ အစိမ်းပါပဲ။
ဒါပေမဲ့ သာမန်အစိမ်းရောင် မဟုတ်ပါဘူး။ မြင်လိုက်တာနဲ့ ရင်ထဲမှာ ထူးခြားစေတဲ့ မြင်ကွင်းမျိုးကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မမြင်မတွေ့ရတာ ကြာပါပြီ။ ၂၁ ရာစုကို ချဉ်းနင်းဝင်ရောက်လာတဲ့ ဒီဘက်ပိုင်းမှာ အစိမ်းရောင်ရပ်ဝန်းတစ်ခု တဖြည်းဖြည်းပါးလျကာ ပျောက်ကွယ်လုလု အနေအထားကို ကျွန်တော်တို့အားလုံး လက်တွေ့ခံစားနေကြရပြီ မဟုတ်ပါလား။
‘စိမ်းရောင်စို’ ဆိုတဲ့ စကားလုံးလေးနဲ့ ဆက်စပ်ပြီး ကျွန်တော် စဉ်းစားကြည့်မိပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သစ်ပင်တွေ တဖြည်းဖြည်း ရှားပါးလာတာတော့ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်ကြိုးနဲ့ မလွတ်လို့၊ အဆောက်အအုံနဲ့ မလွတ်လို့၊ ဘာနဲ့မလွတ်လို့၊ ညာနဲ့မလွတ်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အခုတ်ခံလိုက်ရတဲ့ သစ်ပင်တွေ မနည်းလှတော့ပါဘူး။ တချို့သစ်ပင်တွေက အကိုင်းအခက်တွေ အခုတ်ခံရတယ်။ တချို့သစ်ပင်တွေက အပင်လိုက်ပါ ဖြိုလှဲသုတ်သင်ခြင်း ခံလိုက်ရပါတယ်။
ကျွန်တော်တို့ဟာ သစ်ပင်တစ်ပင် အခုတ်ခံလိုက်ရတာကို ဘယ်လိုခံစားမှုမှ မပါဘဲ လုပ်ရက်နိုင်ကြသလို ကြည့်တဲ့သူကလည်း ကြည့်နေရက်ပါတယ်။ ဆရာအော်ပီကျယ်က “ကျွန်တာ့် အသက်အရွယ်လောက် သက်တမ်းရှိတဲ့ သစ်ပင်တစ်ပင် အခုတ်ခံလိုက်ရတာတွေ့ရင် ကျွန်တော်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတစ်ယောက် အသတ်ခံလိုက်ရသလို ခံစားရပါတယ်” ဟု ပြောခဲ့ဖူးတာကို သတိရမိတယ်။ တကယ်ဆို သစ်ပင်တွေအပေါ် ကျွန်တော်တို့ရဲ့ သဘောထားက အဲဒီလိုမျိုး ဖြစ်သင့်ပါတယ်။ ခုတော့။
ကျွန်တ်ာတို့ ငယ်စဉ်က စိမ်းစိုဝေဆာတဲ့ တောအုပ်တစ်ခုနဲ့တူတဲ့ ရန်ကုန်မြို့ကြီးဟာ အခုဆိုရင် အပင်တွေ မရှိသလောက် ကျိုးတိုးကျဲတဲနဲ့ ကန္တာရဆန်တဲ့ မြို့တစ်မြို့အဖြစ် အသွင်ပြောင်းဖို့ အားယူနေပါပြီ။ သစ်ပင်တွေဟာ အဆောက်အအုံတွေ၊ စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ၀ိသမ လောဘသမားတွေရဲ့ သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရပါပြီ။
တစ်နည်းပြောရရင် တောကိုတိုက်တွေက ၀ါးမျိုသွားပါပြီ။ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတဲ့ လောကရဲ့ သဘာဝပေလားတော့ မသိပါ။ သို့သော် ဘယ်လောက်ပဲ ခေတ်မီတိုက်တာ အဆောက်အအုံတွေ ဆောက်ပါစေ။ သဘာဝကို ချစ်မြတ်နိုးတဲ့ စိတ်ရှိရင် သစ်ပင်တွေကို ထိန်းသိမ်းထားကြဦးမှာပါ။ စင်ကာပူဆိုရင် ဘယ်လောက်ပဲ ခေတ်မီအဆောက်အအုံတွေ ဆောက်ဆောက် သက်တမ်းရင့် သစ်ပင်ကြီးတွေကို ဆက်လက်ထိန်းသိမ်းထားတုန်းပဲလို့ သိရပါတယ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သစ်ပင်တွေ တဖြည်းဖြည်း ရှားပါးလာတာတော့ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်ကြိုးနဲ့ မလွတ်လို့၊ အဆောက်အအုံနဲ့ မလွတ်လို့၊ ဘာနဲ့မလွတ်လို့၊ ညာနဲ့မလွတ်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အခုတ်ခံလိုက်ရတဲ့ သစ်ပင်တွေ မနည်းလှတော့ပါဘူး။ တချို့သစ်ပင်တွေက အကိုင်းအခက်တွေ အခုတ်ခံရတယ်။ တချို့သစ်ပင်တွေက အပင်လိုက်ပါ ဖြိုလှဲသုတ်သင်ခြင်း ခံလိုက်ရပါတယ် . . . . .တကယ် သက်တမ်းရင့် သစ်ပင်ကြီးတစ်ပင်ဖြစ်ဖို့ နှစ်ပေါင်းများစွာ ရင်းနှီးပြီး စောင့်ရှောက်လာခဲ့ရတာပါ။ အဲဒီလို သစ်ပင်ပေါင်း မြောက်မြားစွာ စိုက်ပျိုးခြင်းဖြင့် ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေဟာ သူတို့မျက်ကွယ်ပြုရင် ကျန်ရစ်ခဲ့ပေမယ့် ကျွန်တော်တို့အတွက် အစိမ်းရောင် အမွေအနှစ်တွေ ထားရစ်ခဲ့တာပါပဲ။ အဲဒီ အစိမ်းရောင် အမွေအနှစ်တွေကို ကျွန်တော်တို့က မိနစ်ပိုင်း၊ နာရီပိုင်း အချိန်လေးအတွင်းမှာ ဖြိုလှဲပစ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ မရှိရင် ကျန်ရစ်ခဲ့မယ့် အနာဂတ် မျိုးဆက်တွေအတွက် ဘယ်လို အမွေအနှစ်တွေကို ချန်ထားရစ်ခဲ့ကြမှာလဲ။
သစ်ပင်တွေဟာ ကမ္ဘာကြီးရဲ့ အဆုတ်တွေပါပဲလို့ ပညာရှင်တွေက ပြောခဲ့ဖူးပါတယ်။ သစ်ပင်တွေကို ခုတ်လှဲတာဟာ ကိုယ့်ကိုယ်ကိုယ် အသက်ရှူကျပ်အောင် လုပ်တာနဲ့ အတူတူပါပဲ။ ယနေ့ကမ္ဘာကြီးဟာ အသက်ကိုမျှဉ်းပြီး ခက်ခက်ခဲခဲ ရှူနေရတဲ့ လူမမာတစ်ယောက်နဲ့ တူနေပြီလားဟု ကျွန်တော်တွေးနေမိပါတယ်။ ကမ္ဘာကြီး အသက်ရှူ ကောင်းပြီး ပြန်လည်လန်းဆန်းလာဖို့ဆိုရင် သစ်ပင်မြင်ရင် ခုတ်ချင်နေတဲ့ ကျွန်တော်တို့ ရဲ့ လက်တွေနဲ့ ၀ိသမလောဘဇော တက်နေတဲ့ ဆန္ဒတွေကို ထိန်းချုပ်ဖို့ လိုပါလိမ့်မယ်။ ဒါမှ “သစ်တောသစ်ပင် ချစ်ခင်တဲ့လူမျိုး” လို့ ပါးစပ်က ကြွေးကြော်ရုံမကဘဲ တကယ်လက်တွေ့ပါ ကျင့်သုံးတဲ့ လူမျိုးပါလားလို့ ကမ္ဘာကပါ ချီးကျူးရမှာပါ။
တစ်လောက Daily Eleven သတင်းစာထဲမှာ ကျောင်းသားများ အပါအ၀င် လူ ၂၀၀၀ ကျော်ဟာ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ ဆင်ခြေဖုံး ဂိုကာနာရွာရှိ သစ်တောထဲက သစ်ပင်တွေကို လက်တွေနဲ့ ပွေ့ဖက်ပြနေတဲ့ ဓာတ်ပုံကို တွေ့လိုက်ရပါတယ်။ အဲဒီ ဓာတ်ပုံလေးက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် တစ်ကမ္ဘာလုံးမှာ ရှိတဲ့လူတိုင်း သစ်ပင်တွေကို ချစ်မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ နှိုးဆော်နေတယ်လို့ ထင်ပါတယ်။
ကြီးကြီးကျယ်ကျယ် ပြောရရင် သစ်ပင်တွေဟာ ကျွန်တော်တို့နဲ့ အတူတူ တစ်မြေတည်းနေ တစ်ရေတည်းသောက် ကမ္ဘာသူကမ္ဘာသား ဖွားဖက်တော်တွေပါပဲ။ ဒါကြောင့် သစ်ပင်တွေရှင်သန်မှ လူသားတွေလည်း ရှင်သန်နိုင်မယ်ဆိုတာကို အသိတရားရှိရှိနဲ့ နှလုံးသွင်းရင်း မိမိပတ်ဝန်းကျင်ကို စိမ်းရောင်စိုအောင် ခြယ်သနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
မောင်ကြည် | EMG

မှတ်ချက်များ