ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ ရုပ်ရှင်ကား ၁၀ ကား (အပိုင်း-၁)


ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ အကောင်းဆုံး Hollywood ရုပ်ရှင်ကားဆယ်ကားကို ကြည့်ကြည့်ရအောင်။


၁၀။ Jaws (၁၉၇၅)

ဒါရိုက်တာ Steven Spielberg ရဲ့ ပြောင်မြောက်တဲ့လက်ရာဖြစ်တဲ့ Jaws ဟာ စတူဒီယိုရဲ့ ရှယ်ယာရှင်တွေက လွဲလို့ တခြားလူတွေကို အကျိုးသိပ်မရှိခဲ့သလို လူထုမှာလည်း ပြောင်းလဲမှုကြီးကြီးမားမားလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီ ရုပ်ရှင်ကားဟာ သူ့ နည်းသူ့ ဟန်နဲ့ တော့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးရေး လောကရဲ့ သဘာဝနဲ့ ပရိတ်သတ်တွေရဲ့ ခံစားမှုပုံစံကိုတော့ ပြောင်းလဲစေခဲ့ပါတယ်။

စီးပွားရေးအရ အမြတ်အစွန်းအကြီးအကျယ်ရခဲ့တဲ့ ဒီရုပ်ရှင်ကားဟာ ကုန်ကျစရိတ်ကြီးမားတဲ့ရုပ်ရှင်ကား ရိုက်ကူးမှုတွေ ပေါ်ပြူလာဖြစ်လာခြင်းရဲ့ အစခြေလှမ်းပါ။ Box Office ရဲ့ အထင်ကရ ဇာတ်ကားကြီး တစ်ကားဖြစ်ခဲ့တဲ့ Jaws ဟာ ဒီဘက်ခေတ်ထိ ဆက်အောင်မြင်နေနိုင်မယ့် ဒီလိုဇာတ်ကားအမျိုးအစားတွေရဲ့ စံပုံစံကို ချပေးနိုင်ခဲ့ပါတယ်။



၉။ Super Size Me (2004)

McDonalds ရဲ့ အစားအစာတွေကိုချည်း ဖေဖော်ဝါရီလ ၁ ရက် ၂၀၀၃ ခုနှစ်ကနေ၊ မတ်လ ၂ ရက်နေ့ အထိ တစ်လလုံးစားခဲ့တဲ့ လူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ documentary ဇာတ်ကားဟာလည်း ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ အရမ်းသိသာရိုးစင်းလွန်းတဲ့ဇာတ်ကြောင်းဆိုပေမယ့် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် အခုထိ ရပ်တည်နေပါတယ်။ ဒါရိုက်တာ Morgan Spurlock ရိုက်ကူးပြီး၊ ကိုယ်တိုင် သရုပ်ဆောင်၊ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ဒီဇာတ်ကားမှာ Spurlock ဟာ McDonalds အစားအစာတွေပဲ တစ်လတိတိ စားခဲ့ပြီး ကိုယ်အလေးချိန် ပေါင် ၂၀ မြင့်တက်ခဲ့ကာ ၊ စိတ်ကျရောဂါခံစားခဲ့ရ ပါတယ်။ လိင်စိတ်ကုန်ခန်းလာသလို အသည်းပျက်စီးမှုလည်း ခံစားခဲ့ရပါတယ်။ အသင့်စား စားသောက်ကုန် လုပ်ငန်းရဲ့ လူ့ ဘ၀တွေ အပေါ် ရိုက်ခတ်မှုကို ထင်ထင်ရှားရှားရိုက်ကူးပြခဲ့တဲ့ ဒီ documentary ကားဟာ အော်စကာဆုမှာ ဆန်ကာတင်စာရင်းဝင်ခဲ့သလို box office မှာလည်း ၀င်ငွေ ဒေါ်လာ သန်း ၃၀ ကျော်ရရှိခဲ့ပါတယ်။ McDonalds ဟာ ဒီဇာတ်ကားထွက်ရှိပြီး ခြောက်ပတ်အတွင်းမှာ သူ့ ရဲ့ စားစရာမီနူးစာရင်း ထဲက Super Size စာရင်းကို ဖယ်ထုတ်ပစ်ခဲ့ပါတယ်။ သူတို့ ကတော့ ဒီဇာတ်ကားကြောင့်လားဆိုတာတော့ ၀န်မခံခဲ့ပါဘူး။



၈။ The Battle of Algiers ( 1966)

ဒီဇာတ်ကားဟာ ရိုက်ကူးခဲ့သမျှ ရုပ်ရှင်ကားတွေထဲမှာ အကောင်းဆုံးတစ်ကားဖြစ်တယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ ၁၉၅၀ ပြည့်နှစ် ပြင်သစ်အစိုးရကို တော်လှန်တဲ့ အယ်လ်ဂျီးရီးယားလွတ်မြောက်ရေး စစ်ပွဲ ရဲ့ သမိုင်းမှတ်တမ်းကို ရိုက်ကူးထားတဲ့ ဒီ စစ်ကား မှာ အယ်ဂျီးရီးယားလွတ်မြောက်ရေးပုန်ကန်သူတွေ ဟာ ပြင်သစ်လူမျိုးအရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အခန်းတွေ အများအပြားပါဝင်ပြီး ရုပ်ရှင်ကြည့် သူတွေ ဟာ တော်လှန်ရေးနဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြားက မျဉ်းကြောင်းဟာ ဘယ်ဘက်ကို ပိုယိမ်းနေ သလဲဆိုတဲ့ အပေါ် စဉ်းစားစရာတွေ ပေးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ နိုင်ငံရေး၊လူမှုရေး အငြင်းပွားစ ရာတွေကြောင်း ဒီဇာတ်ကား ထုတ်လွှင့်ပြီး ငါးနှစ်ကြာတဲ့အထိ ပြသခွင့်မပေးခဲ့ပါဘူး။ ၂၀၀၃ ခုနှစ်မှာ ပင်တဂွန်ကတောင် ဒီဇာတ်ကားကို သူတို့ ရဲ့ ၀န်ထမ်းတွေကို ပြသခဲ့ပြီး ပြည်တွင်းအကြမ်းဖက် တိုက်ခိုက်မှုတွေကို ဘယ်လို ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာ သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။



၇။ Syriana (၂၀၀၅)

ဒါရိုက်တာ Stephen Gaghan ရဲ့ တိကျပြတ်သားတဲ့လက်ရာတစ်ခုဖြစ်တဲ့ သည်းထိတ်ရင်ဖိုနိုင်ငံရေး ဇာတ်ကားဟာ George Clooney တစ်ယောက် အကောင်းဆုံးဇာတ်ပို့ သရုပ်ဆောင် အော်စကာဆု ရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အရှေ့ အလယ်ပိုင်းမှာ ရှိတဲ့ ရေနံလုပ်ငန်းတွေရဲ့ အကျိုးသက်ရောက်မှုဟာ အဲဒီ့ဒေသတွင်းမှာသာမက အမေရိကန်ပြည်ထောင်စုအထိ ကမ္ဘာတစ်ဝန်းလုံအပေါ် ရိုက်ခတ်ပုံကို အဓိက ရိုက်ကူးထားပါတယ်။ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ခံခဲ့ရသလို စီးပွားရေးအရ အောင်မြင်ခဲ့တဲ့ ဇာတ်ကားပါ။

ဒီဇာတ်ကားကိုကြည့်ပြီးတဲ့ Angel ထောင်ပေါင်းများစွာသော ပြည်သူလူထုတွေဟာ နိုင်ငံရပ်ခြား က ရေနံလောင်စာရင်းမြစ်တွေ အပေါ် အမေရိကန်ပြည်ထောင်စု အားထားမှီခိုနေရမှု လျော့ချဖို့ အတွက် အမေရိကန်လွှတ်တော်ဆီ တောင်းဆိုခဲ့ကြပါတယ်။ ဒီလိုနည်းနဲ့ ဒေသတွင်း အကြမ်းဖက်မှုတွေနဲ့  မတည်ငြိမ်သက်မှုတွေ လျော့နည်းစေဖို့ မျှော်လင့်ချက်နဲ့ ပေါ့။



Angel| Trend Myanmar

မှတ်ချက်များ