ဗဟိုဘဏ်က ရွှေနှင့် ရွှေထည်ပစ္စည်းများအား အပေါင်ယူရန် ပုဂ္ဂလိကဘဏ်များသို့ လမ်းညွှန်ထားသော်လည်း ဘဏ်များက အိမ်ခြံမြေ အပေါင်ကိုသာ အဓိက လက်ခံနေပြီး ကာလပေါက်ဈေး၏ ရာခိုင်နှုန်း ၃၀ ခန့်သာ ထုတ်ချေး
အပေါင်ပစ္စည်း တင်ပြမှသာ ငွေထုတ်ချေးပေးနေသည့် ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များအား အိမ်ခြံမြေ အပြင် ရွှေနှင့် ရွှေထည်ပစ္စည်းများကိုပါ အပေါင်လက်ခံရယူရန် ဗဟိုဘဏ်က လမ်းညွှန်ထားသော် လည်း ပြည်တွင်းပုဂ္ဂလိက ဘဏ်များက ခိုင်မာမှုရှိသည့် အိမ်ခြံမြေကိုသာ အပေါင်ပစ္စည်းအဖြစ် လက် ခံကြသည့်အပြင် ကာလပေါက်ဈေး၏ ရာခိုင်နှုန်း ၃၀ ခန့်သာ ထုတ်ချေးသည့်အထိ ဈေးနှိမ်မှုများ ရှိနေကြောင်း လုပ်ငန်းရှင် အသိုင်းအ၀ိုင်းမှ သိရသည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကကျသည့် ဘဏ်လုပ်ငန်းကဏ္ဍတွင် ဗဟိုဘဏ်၏ သတ်မှတ် ချက်များအား ပြည်တွင်းဘဏ်များက လိုက်နာမှု နည်းပါးနေပြီး ရွှေနှင့် ရွှေထည်ပစ္စည်းများအား ဘဏ်အများ စုက အပေါင်ပစ္စည်းအဖြစ် လက်မခံခြင်း၊ ချေးငွေအတိုးနှုန်းအား ၀န်ဆောင်ခဟုဆိုကာ အမြင့်ဆုံး သတ်မှတ် ချက်ဖြစ်သည့် ၁၃ ရာခိုင်နှုန်းထက် တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းအထိ ပိုမိုကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
“ဘဏ်တွေက အိမ်ခြံမြေကိုပဲ အပေါင်ပစ္စည်းအဖြစ် လက်ခံတယ်။ အပေါင်ယူပြီး ထုတ်ချေးပေးတော့လည်း ကာလပေါက်ဈေးရဲ့ ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းပဲ ထုတ်ချေးပေးတယ်။ တခြားနိုင်ငံတွေမှာဆို တန်ကြေးရဲ့သုံးဆ၊ လေးဆအထိ ထုတ်ချေးတယ်” ဟု စီးပွားရေးလုပ်ငန်းရှင် ဦးသောင်းဝင်းက ဆိုသည်။
ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ် လုပ်ငန်းလုပ်ကိုင် မည့် နိုင်ငံခြားဘဏ်များအား မျှော်လင့်နေပြီး နိုင်ငံခြားဘဏ်များမှ ပြည်တွင်းလုပ်ငန်းရှင်များ တိုက်ရိုက်ငွေချေးယူခွင့် ရရှိရန်လည်း မျှော်လင့်နေသည်။ သို့သော် ပြည်တွင်း၌ နိုင်ငံခြားဘဏ်များ လုပ်ငန်းလုပ်ကိုင်ရန်ကိုမူ ကိုယ်တိုင်လည်း သတ်မှတ်စည်းကမ်းနှင့်အညီ လုပ်ဆောင်မှု မရှိ၊ အတိုးနှုန်းများကိုလည်း သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံကာ ယင်းတို့၏ ဘဏ်လုပ်ငန်းများ ပိုမိုကြီးထွားလာရေးကိုသာ အာရုံပြုနေသည့် ပြည်တွင်းဘဏ်လုပ်ငန်းရှင်များက ကန့်ကွက်မှုများ ရှိနေသည်။
“မြန်မာနိုင်ငံမှာ ဖွင့်ထားတဲ့ ဘဏ်တွေက သူတို့လုပ်ငန်း အုပ်စုတွေကိုပဲ ပြန်ချေးဖို့ ထူထောင်ထားသလို ဖြစ်နေတဲ့အပြင် ပြည်တွင်းလုပ်ငန်းရှင်တွေက သူတို့ကို လုပ်ကျွေးရသလို ဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နိုင်ငံခြား ဘဏ်များကိုမူ ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ရန်သာ ခွင့်ပြုထားပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန် အစရှိသည့် နိုင်ငံများမှ နိုင်ငံခြားဘဏ်ခွဲပေါင်း ၄၂ ဘဏ်အား ပြည်တွင်း၌ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် မရှိသည့် ဘဏ်ခွဲများအဖြစ် ဖွင့်လှစ်ခွင့်ပြုထားသည်။
မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ထားသည့် ဘဏ်များကို လေ့လာကြည့်မည် ဆိုပါက အာရှနိုင်ငံများမှ ဘဏ်များသာ ဖြစ်နေပြီး ဥရောပနိုင်ငံများမှ ဘဏ်ဆို၍ ဗြိတိန်နိုင်ငံ အခြေစိုက် Standard Chartered Bank ဘဏ်သာ လာရောက်ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက အကျဆုံးဖြ စ်သည့် ငွေကြေးကဏ္ဍတွင် အားနည်းချက်များ ဖြေလျှော့နိုင်စေရေးအတွက် လက်ရှိနိုင်ငံခြားဘဏ် ဖွင့်လှစ်ခွင့်ပြုရန် လုပ်ဆောင်နေမှုများအား အထူးသတိပြုရန် လိုအပ်ပြီး ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ အား နိုင်ငံခြားဘဏ်များက ငွေပံ့ပိုးပေးနိုင်ရန် လုပ်ဆောင်မည်ဆိုခြင်း၊ နိုင်ငံတွင်းဘဏ်များကို သာ ငွေကြေး ပံ့ပိုးပေးနိုင်ရန် ပြည်ပဘဏ်များ ဖွင့်လှစ်ခွင့်ပြုမည် ဆိုခြင်းနှင့် ငွေကြေးအင်အား တောင့်တင်းသည့် ပြည်ပ ရင်းနှီး မြှုပ်နှံသူများအား ပံ့ပိုးပေးရန် လုပ်ဆောင်မည်ဆိုသည့် ပြဿနာများအား လက်တွေ့ကျကျ ဆောင် ရွက်နိုင်ရန် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။
“လုပ်ငန်းတိုင်းက ငွေကြေးအရင်းအနှီး လိုအပ်နေကြတာ များပါတယ်။ လိုအပ်နေတာ များတဲ့အတွက် တောင်သူလယ်သမားပဲဖြစ်ဖြစ် ပြည်သူတွေပါ ချေးလို့ရရင်တော့ အဆင်ပြေတာပေါ့။ ကြားကနေ ပုဂ္ဂလိကဘဏ်တွေ ခံနေပြီး သူတို့ကမှတစ်ဆင့် နိုင်ငံခြားဘဏ်တွေဆီက ချေးငွေယူရမယ် ဆိုရင်တော့ ကျွန်တော်တို့အတွက် အတိုးနှုန်း ပိုလာမှာပေါ့။ ပုဂ္ဂလိက ဘဏ်တွေအတွက်တော့ အကျိုးပိုရှိနိုင်တယ်။ သူတို့အတွက် ကာကွယ်ပေးသလို ဖြစ်နေတယ်။ အဲဒီလိုဆိုတော့ ခုနက ကျွန်တော်ပြောတဲ့ ဆိုက်ကားသမားတို့ ခေါင်းရွက်ဗျပ်ထိုးတို့ အသေးစား အလတ်စား လုပ်ငန်းတွေအတွက် အတိုးနှုန်းက သက်သာမလာဘူး” ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက အကြံပြု ပြောကြားသည်။
EMG

မှတ်ချက်များ