ခိုကိုးရာမဲ့ လေလွင့်သူတို့၏ မရေရာသည့် အနာဂတ်



ခြံရှေ့သို့ ကားတစ်စီး ထိုးရပ်လိုက်တာမြင်သည်နှင့် သူတို့ ဂနာမငြိမ်တော့။ မျှော်လင့်ချက် မျက်ဝန်းအစုံဖြင့် ခြံဝကို အလုအယက်တိုးဝှေ့ကြည့်ကာ ၀မ်းသာအားရ အော်ဟစ်ခုန်ပေါက်ကြသည်။ ကားပေါ်မှ ဆင်းလာ သည့် လူများကို ခင်မင်နှစ်လိုဖွယ် အမူအရာဖြင့် နှုတ်ဆက်နေကြသည်။ သူတို့ပို၍ စိတ်ဝင်စားကြသည်က ကားထဲမှာ ပါလာသည့် စားစရာ မုန့်ထုပ်များကိုပဲဖြစ်သည်။

စေတနာရှင်အလှူရှင်တို့က သူတို့ကိုချစ်၍ ခဏခဏ မုန့်လာကျွေးလေ့ရှိသည်။ သူတို့ကလည်း ဒီခြံသို့ရောက်လာသူတိုင်းကို ချစ်ခင်နှစ်သက်ဟန်ဖြင့် အနီးသို့ တိုးကပ်ကာ ပလူးပလဲလုပ်ပြတတ်ကြသည်။ ထိုအမူအရာလေးများကိုပင် ဒီနေရာသို့ရောက်လာသူတိုင်းက အလွန်သဘောကျကြလေသည်။

သူတို့ထဲမှ အတော်များများမှာ အမည်နာမသတ်မှတ်ချက်မရှိ။ ယခင်ကတော့ ရှိဖူးကောင်းရှိဖူးလိမ့်မည်။ ဒီခြံကိုရောက်လာတော့ သူတို့နာမည်တွေက တစ်မျိုးပြောင်းလဲသွားခဲ့သည်။ သူတို့ကတော့ ဘယ်သူဘယ် လိုခေါ်ခေါ် အရေးသိပ်မကြီး။

အိပ်မည်၊ ဆော့ကစားမည်၊အချင်းချင်းရန်ဖြစ်ကြမည်၊ပျော်ပျော်ပါးပါး ထမင်းလုစားမည်။ တစ်ခါတစ်ရံ မှ ရောက်လာတတ်သော မုန့်ကျွေးမည့်လူကြီးများကို မျှော်လင့်ကြမည်။ ခိုနားရာနေရာလေးတစ်ခု ရရှိလိုက်သည်ကပင် သူတို့ဘ၀အတွက် ကုသိုလ်ထူးလေပြီ။

လမ်းဘေးတွင် လေလွင့်ကာ ကူကယ်ရာမဲ့၊ စားစရာမဲ့၊ ခိုနားရာမဲ့ ဒုက္ခရောက်နေသည့် ခွေးလေးများအတွက် ခိုနားစရာနေရာဌာနတချို့ ပေါ်ပေါက်လာနေသည်။ လေဖြတ်နေသည့် ခွေးများ၊ နာမကျန်း၍ လမ်းဘေး လဲနေသည့် ခွေးများ၊ သခင်စွန့်ပစ်ခံရ၍ မျက်စိသူငယ်ဖြစ်နေသည့် ခွေးလေးများ၊ လူသားတို့၏ မညှာမတာ ရိုက်နှက်ခြင်းခံရ၍ သွေးစက်လက်ဖြင့် လမ်းဘေးမှ တအီအီ အော်မြည်နေသည့် ခွေးများကို တိရစ္ဆာန်ချစ် သူတို့က တတ်နိုင်သလောက်လေး ကယ်တင်ရန် ကြိုးပမ်းလာနေကြသည်။

အိမ်မွေးနိုင်ငံခြားခွေးမျိုးများကို ငွေကြေးတတ်နိုင်သူတို့က ချစ်ခင်မြတ်နိုးစွာ တယုတယ ၀ယ်ယူမွေးမြူနေ ကြချိန်တွင် ခွေးချစ်သူများက ခွေးအတန်းအစား မခွဲခြားဘဲ မွေးစားသူမဲ့၊ ခိုးနားရာမဲ့ လမ်းဘေးခွေးများ အတွက် စဉ်းစားလာကြသည်။ ထိုသို့ဖြင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် တိရစ္ဆာန်ချစ်တတ်သူများ၊ တိရစ္ဆာန် ကူညီကယ်ဆယ်ရေးအဖွဲ့၊ ပုလဲနှလုံးသား ခွေးဂေဟာ (မြန်မာ့ ခွေးလေခွေးလွင့်များကို ကယ်တင်ပါ)၊Pearl Heart Animal Shelter (Save Myanmar Strays)၊ Saving Disabled Strays (လေ လွင့်တိရစ္ဆာန်လေးများ ကယ်တင်ခြင်း)၊ Homeless Animal Rescue(လေလွင့်တိရစ္ဆာန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့)၊ သန်လျင်ခွေးစောင့်ရှောက်မှုဂေဟာ စသဖြင့် ခွေးလေခွေးလွင့်များကို ခေါ်ယူစောင့်ရှောက် ကျွေးမွေး ထားသည့် ရိပ်မြုံလေး များ၊ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးသည့် တိရစ္ဆာန်ကုသမှု ဆရာဝန်အ ဖွဲ့လေးများ ပေါ်ထွက်လာခဲ့သည်။

အဆိုပါအဖွဲ့များက ခွေးလေခွေးလွင့်များကို ကယ်တင်ခေါ်ယူ စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှ ခွေးချစ်သူတို့ လှူ ဒါန်းသည့် အလှူငွေများကို စုဆောင်းကာ ကျွေးမွေးပြု စုလျက် ရှိကြသည်။

သန်လျင်ခွေးစောင့်ရှောက်မှုဂေဟာမှ မမြတ်သက်မွန်သည် တရုတ်နိုင်ငံသို့ အစားအသောက်အဖြစ် ရောင်း ချရန် မှောင်ခိုပို့ဆောင်ခြင်းခံရလုဆဲဆဲ ခွေးကောင်ရေ ၁၄၀ ခန့်ကို ကယ်တင် ခဲ့သူဖြစ်သည်။ မန္တလေးမှ မမြတ်သက်မွန်၏ သူငယ်ချင်းတစ်ဦး က ဖေ့စ်ဘွတ်ခ်ပေါ်တွင် ခွေးမှောင်ခိုတင်ပို့နေသည့် လူတစ်ဦး အကြောင်းကို ရေးသားခဲ့ရာမှ ခွေးချစ်သူ မမြတ်သက်မွန်က ချက်ချင်းပင် မန္တလေးသို့ ဆင်းသွားကာ ကယ်တင်မှုအစီအစဉ် စတင်ပြုလုပ်ခဲ့သည်။

‘‘ခွေးတွေလိုချင်တဲ့ပုံစံမျိုးနဲ့ အဲဒီလူကို အချိုသတ်ပြီးပြောရတာ။ မန္တလေးက ခွေးချစ်သူအချို့နဲ့ပေါင်းပြီး အယုံသွင်းရင်းနဲ့ တစ်ကောင်ကို ခုနစ်ထောင်ပေးပြီး အကောင်ခြောက်ဆယ် စ၀ယ်လိုက်တယ်။ ဒါပေမဲ့ တခြား ကျန်တဲ့ခွေးတွေကိုရဖို့ မလွယ်ဘူး ဖြစ်တော့ မန္တလေးတိုင်းဝန်ကြီးချုပ်အပါအ၀င် ဆယ်ဌာနလောက် ကို စာတင်ခဲ့တယ်။ နောက်ဆုံးကျမှ ရဲက အဲဒီနေရာကို သွားဝိုင်းတော့ ခွေးခြံအပြင် တရားမ၀င်ကားတွေ၊ သစ်တွေပါ မိခဲ့တယ်’’ဟု မမြတ်သက်မွန်က ပြောပြသည်။

အဆိုပါပုဂ္ဂိုလ်က တရုတ် နိုင်ငံသို့ မူဆယ်ဂိတ်ပေါက်မှ တစ်ဆင့် တစ်လလျှင် ခွေးကောင်ရေ ၂၀၀ ခန် မှောင်ခိုတင်ပို့နေသူဖြစ်သည်။ ရဲများက ဖမ်းမိသွားသော်လည်း ခွေးများကို မွေးစားရန် ခေါ်ယူလိုသည့် မမြတ်သက်မွန်၏ ဆန္ဒကို မလိုက်လျောလိုခဲ့ကြပေ။

‘‘ခွေးတွေက သက်သေခံပစ္စည်းဖြစ်တယ်ဆိုပြီး မပေးဘူး။ ခြံထဲမှာ ခွေးတွေက ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ဆေးကုသဖို့ လိုနေတယ်။ အစားလည်း ငတ်နေကြတယ်။ ကျွန်မ မန္တလေးမှာ ခွေးကိုရအောင် ကြိုးစားတာ တစ်လလောက်ကြာတယ်။ မွေးကင်းစကလေးအငယ်ကို ရန်ကုန်မှာ အဘွားနဲ့ ထားခဲ့ရတာ’’ဟု သူကပြောပြသည်။

မမြတ်သက်မွန်သည် ပိုင်ရှင်မဲ့ဖြစ်နေသည့် ခွေးကောင်ရေ တစ်ရာကျော်ကို သနားစိတ်ဖြင့် ကယ်တင်ရန် အစွမ်းကုန်ကြိုးပမ်းခဲ့သည်။ နောက်ဆုံးတွင် ဘုန်းတော်ကြီးနှစ်ပါးထံ ဦးတိုက် လျှောက်ထား၍ အကူအ ညီ တောင်းခံခဲ့ရာ မန္တလေးတိုင်း ၀န်ကြီးချုပ်ကိုးကွယ်သည့် ဆရာတော်၏ ထောက်ခံချက်ဖြင့် ခွေးများကို ရန်ကုန်သို့ ခေါ်ဆောင်ခွင့် ရရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ သြ ဂုတ် ၁၄ ရက်တွင် မန္တလေးမှ ရန်ကုန်သို့ ဆယ့်နှစ်ဘီးကားကြီးဖြင့် ခေါ်ဆောင် လာသည့် ခွေးလေ ခွေးလွင့်များကို မမြတ်သက်မွန်က သန်လျင်မြို့နယ်ရှိ ခြံတစ်ခြံ၌ ယာယီစောင့်ရှောက် ထားခဲ့ကာ နိုဝင်ဘာလတွင် မိတ်ဆွေမိသားစုတစ်စုက အသုံးပြုခွင့်ပေးသော သန်လျင်၊ ထမလုံကျေးရွာ ရှိ ပေ ၆၀၊ ပေ ၈၀ မြေကွက်ကို ခြံခတ်၍ ခွေးဂေဟာအဖြစ် တည်ထောင်ခဲ့သည်။

‘‘အဲဒီနောက်ပိုင်း ရန်ကုန်မှာ ခွေးစောင့်ရှောက်တဲ့ အဖွဲ့တွေ ထပ်ပေါ်လာကြတယ်’’ဟု သူက ဆိုသည်။

ခွေးချစ်သူနှစ်ဦးဖြစ်သည့် အန်တီရှုနှင့် မသန္တာလှိုင်တို့နှစ်ဦးသည် လမ်းဘေးခွေးများကို သနားသည့် စိတ်ဖြင့် ခွေးစောင့်ရှောက်ရေးပြုလုပ်ရန် စတင်ခဲ့ကြသည်။ ရွှေပေါက်ကံမြို့နယ်၊ ဆင်ဖုန်ကျေးရွာရှိ လယ်မြေနှစ်ကွက်ကို ၀ယ်ယူခဲ့ပြီး အစီအစဉ်စတင်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိုအချိန်တွင် အမေရိကန် သမ္မတအိုဘားမား မြန်မာပြည်ခရီးစဉ် လာရောက်မည့်ကာလ ဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ် အနီးတစ်ဝိုက်ရှိ ခွေးလေခွေးလွင့်များကို ရှင်းလင်းပစ်ရန် သက်ဆိုင်ရာက စီစဉ်နေခြင်းကို သိရသောကြောင့် ရသလောက် အမြန်ဆုံး ခေါ်ဆောင်သွားခဲ့ရာ ခွေးကောင်ရေ သုံးဆယ်ကို အသက်ဘေးမှ ကယ်တင်နိုင်ခဲ့ တယ်။

ထိုသို့ဖြင့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် ပုလဲမေတ္တာ အမည်ရှိ မြန်မာ့ခွေးလေခွေးလွင့်များ ကယ်ဆယ်ရေးအ ဖွဲ့လေးသည် ယခုအခါ ခွေးကောင်ရေ ငါးဆယ်ခန့်ကို နွေးထွေးစွာ စောင့်ရှောက်ကျွေးမွေးထားနိုင်ခဲ့ သည်။

ထိုသို့ပင် ခွေးလေခွေးလွင့် စောင့်ရှောက်သည့်ဂေဟာတချို့ ကို ရန်ကုန်တွင် ခွေးချစ်သူတို့က လူနေရပ် ကွက်နှင့် လှမ်းသည့် နေရာများတွင် တည်ထောင်လာကြသည်ကို တွေ့ရသည်။

ခွေး ချစ်သူများကလည်း နာမကျန်းသည့် ခွေးများ၊ စွန့်ပစ်ခံရသည့် ခွေးများ၊ အဆိပ်သတ်ခံရတော့ မည့်ခွေး များကို ကယ်တင်ခေါ် ဆောင်ကာ ခွေးဂေဟာများသို့ ပို့ ဆောင်ပေးနေကြသည်။ ခွေး အရေအတွက် များပြားလာသည်နှင့်အမျှ ခွေးချစ်စိတ်ဖြင့် ဂေဟာ တည်ထောင်သူတို့မှာ ကျွေးမွေး စရိတ် အခက်အခဲဖြစ်လာကြသည်။

မမြတ်သက်မွန်၏ သန်လျင်ခွေးဂေဟာလေးသည် တစ်လလျှင် ငွေကျပ် ၁၅ သိန်းနှင့် သိန်း ၂၀ ၀န်းကျင် ကြားကုန်ကျမှုရှိနေသည်။ တစ်လလျှင် ဆန်အိတ် ၂၅ အိတ်နှင့် Dog Food၊ ငါးခြောက်၊ ငါးသေတ္တာ၊ အမဲရွတ် စသဖြင့် ဆန်နှင့် အသား၊ ငါးကို ရောပြုတ်ကာ နေ့စဉ်ကျွေးမွေးရသည့်အပြင် ခွေးစောင့်ရှောက် သည့် လုပ်သားစရိတ်၊ ထမင်းချက်သည့် ထင်းဖိုးစရိတ်များက တစ်ကိုယ်တည်းဆောင်ရွက်နေသည့် မမြတ်သက်မွန်အတွက် သက်ပြင်းချစရာများဖြစ်လာသည်။

‘‘ကိုယ်ဘက်က ပြန်ရစရာ မရှိဘူး။ ကိုယ်ကပဲ ပေးဆပ်ပြီး ခွေးတွေအတွက် လုပ်ပေးတာပါ’’ဟု သူကဆို သည်။

မန္တလေး၊ ပလိပ်မြို့တွင် တရုတ်သို့ မှောင်ခိုပို့ခံရတော့မည့် ခွေးတစ်ရာကျော်ကို သွားရောက် ကယ်တင်စဉ်ကလည်း အမျိုးသားဖြစ်သူနှင့် အချေအတင် စကားများခဲ့ရသည်။ သို့သော် မမြတ်သက်မွန် က ခွေးချစ်စိတ် ဖြင့် ဇွတ်တရွတ် ရှေ့တိုးခဲ့တာဖြစ်သည်။

‘‘မန္တလေးကိုသွားမယ်ဆိုရင် ရန်ကုန်မြေကထွက်တာနဲ့ လင်မယားအကွဲပဲဆိုပြီး သူကပြောပေမယ့် ကျွန်မက အတင်းထွက်သွားခဲ့တာ။ ခွေးတွေနဲ့မှ ပြန်လာ မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ ဟို ရောက်တော့ ခွေးလေးတွေ မျက် နှာမြင်ပြီး ပြန်မလာနိုင်တော့ဘူး’’ ဟု သူက ရယ်မောရင်းပြောပြ သည်။

ခွေးချစ်သူများသည် ဖေ့စ် ဘွတ်ခ်ရှိ Group စာမျက်နှာများတွင် ဆုံဆည်းလေ့ရှိကြပြီး မိမိတို့ မွေးမြူထား သည့် ခွေးလေးများကို ဓာတ်ပုံရိုက်ကာ သားသမီးသဖွယ် သုံးနှုန်း၍ တင်ဆက်လေ့ရှိကြသည်။ ခွေးချစ်သူ များက နေ့စဉ် အဆိုပါစာမျက်နှာများသို့ ဝင်ရောက်ကြည့်ရှုလျက် ချစ်စရာကောင်းသည့် ခွေးများ ကိုကြည့်ရှုကာ ပီတိဖြစ်ရသည့်အလုပ်တစ်ခု ပိုလာသည်။

မိမိမွေးမြူထားသည့် ခွေး များ၊ ကြောင်များ ဓာတ်ပုံကို တင်ဆက်ရင်း၊ တခြားတစ်ဦး မွေးမြူထားသည့် ခွေးနှင့် ကြောင်များကို ချစ်ခင်ကြောင်း မှတ်ချက်ပေးခြင်း တို့ဖြင့် တိရစ္ဆာန်ချစ်မြတ်နိုးကြသည့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက ရင်းနှီးမှုပိုမိုတိုးပွားလာကြသည်ဟု ကြောင်ချစ်သည့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ခွေးလေခွေးလွင့်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ကာကွယ်ဆေးထိုး နှံပေးခြင်းအပြင် စနစ်တကျထိန်းသိမ်းခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်သင့်သည်ဟု လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ယမန်နှစ်က ကျင်းပခဲ့သည့် တိုင်းဒေသကြီးလွှတ်တော် တွင် ပြောကြားဖူးသည်။ အသစ်ပြင်ဆင်ရေးဆွဲထားသည့် ရန်ကုန်မြို့တော်စည်ပင် ဥပဒေကြမ်းတွင် လည်း ခွေးလေခွေးလွင့်နှင့် ကြွက်များရှင်းလင်းရေးကို အခန်းတစ်ရပ်အဖြစ် ထည့်သွင်းထားသည်ဟု သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)၏ စာရင်းအရ လူဦးရေ တစ်သန်းလျှင် ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှု ၂၂ ဦးနှုန်းအထိ ရှိနေသော မြန်မာနိုင်ငံသည် အဆိုပါ ရောဂါအဖြစ် အများဆုံးနိုင်ငံများတွင် တစ်ခုအပါအ ဝင် ဖြစ်သည်။

မက္ကဆီကိုနိုင်ငံတွင် ငါးနှစ် စီမံကိန်းဖြင့် နိုင်ငံအတွင်းရှိ ခွေး လေခွေးလွင့်မကျန် ကာကွယ် ဆေးထိုးခြင်းကို ပြုလုပ်ခဲ့ရာ ဖြစ် ပွားမှုနှုန်းသည် ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။ တစ်နှစ် လျှင် သေဆုံးမှု ၆၀ ကျော်မှ ၂၀ ကျော်အောက်သို့ ရောက်သွားခဲ့ ခြင်းသည် ဥပမာကောင်းတစ်ခု ဖြစ်သည်။

ခွေးတစ်ကောင်အား ကာကွယ်ဆေးထိုးလျှင် ကျပ်ငွေသုံးထောင်မှ ငါးထောင်ခန့်သာကုန်ကျပြီး လူတစ်ဦးလျှင် အဆိုပါ ရောဂါကာကွယ်ဆေးမှာ ခြောက်သောင်းခန့် ကျသင့်မည်ဖြစ်သည်။ တစ်နှစ်လျှင် ခွေးကိုက်ခံရသူ ခြောက်သိန်းခန့်ရှိသော မြန်မာနိုင်ငံတွင် အကိုက်ခံရသူများအားလုံးကို ကာကွယ်ဆေးထိုးပါက အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ကုန်ကျသွားလိမ့်မည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တိရ စ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနအနေဖြင့် အမဲသားကို အဆိပ်ခတ်၍ တစ်လလျှင် ခွေးလေခွေးလွင့်၂,၅၀၀ ခန့် ရှင်းလင်းပေးနေရသည်ဟု ဆိုသည်။ သို့သော် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော အဆိုပါနည်းလမ်းဟောင်းအပေါ် တိရစ္ဆာန်ချစ်သူတို့က မနှစ်မြို့ နိုင်ကြချေ။

လက်ရှိဖွင့်လှစ်ထားကြသည့် ခွေးစောင့်ရှောက်ရေးဂေဟာအသီးသီးတွင် ခွေးအားလုံးကို လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံထားပြီးဖြစ်ကြသည်။

‘‘အဓိက ဖြစ်စေချင်တာက အဆိပ်ခတ်မသတ်ဘဲ သားကြောဖြတ်ပေးတာမျိုး၊ ခွေးရူးကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ်ထိုးပေးတာမျိုးလို့ လုပ်သင့်တယ်။ ဒါဆို လူတွေအတွက်ရော၊ ခွေးတွေအတွက်ပါကောင်း သွားမယ်။ ကျွန်မ ကတော့ ခွေးတွေကို လွတ်လွတ်လပ်လပ်ပဲနေစေချင်တယ်။ အခုလို ရပ်ကွက်နဲ့ဝေးတဲ့ လယ်ကွင်းထဲက ခြံမှာနေကြရတော့ ကလေးတွေကို သနားတယ်’’ဟု ပုလဲ မေတ္တာ ခွေးလေခွေးလွင့် ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့လေးတွင် ပါဝင်နေသည့် မအဲလိဇဘက်က မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံအနှံ့မှ ကျေးလက်မြို့ပြအိမ်ထောင်စုများသည် အဖော်ရစေရန်အလို့ငှာ၊ အိမ်ခြံလုံခြုံစေ ရန်အလို့ငှာ၊ ခွေးကိုချစ်ခင်သည့်အလို့ငှာ ခွေးမွေးမြူခြင်းကို ပြုလုပ်လေ့ရှိကြသည်။ ယနေ့ခေတ် တွင် နိုင်ငံခြားမျိုးခွေးများကို ဂုဏ်တစ်ခုအနေဖြင့် လည်းကောင်း၊ လှပ၍ ချစ်ခင်ဖွယ်ကောင်း ၍လည်းကောင်း ဈေးကြီးပေး၍ မွေးမြူလာကြသည့် တစ်ဖက်တွင် ပြည်တွင်းပေါက် ခွေးများမှာ ကြင်နာမည့်သခင်မဲ့သည့်ဘဝနှင့် လမ်းဘေးခွေးလေခွေးလွင့်များအဖြစ် ဖြတ်သန်းလာကြရသည်။

အမဲတုံးပစ်ကျွေး၍ အဆုံးသတ်ခြင်းမခံလိုက်ရဘဲ စောင့်ရှောက်ရေးဂေဟာသို့ ကံကောင်းထောက်မ စွာရောက်ရှိသွားသည့် ခွေးများကတော့ ဂေဟာရှေ့သို့ ထိုးဆိုက်လာသည့် ကားသံကို စောင့်မျှော်ရင်း တဝုတ်ဝုတ် အသံ ပေးလျက်သာ... ။



ဥက္ကာကိုကို | 7day daily



မှတ်ချက်များ