အလင်းရောင်၏ ‘ရင့်ကျက်လာပြီ’ ပထမဆုံးစီးရီး စက်တင်ဘာလတွင် ထွက်ရှိမည်


မော်ဒယ် သရုပ်ဆောင် အလင်းရောင်၏ ရင့်ကျက်လာပြီ အယ်ဘမ်သည် စက်တင်ဘာလတွင် ထွက်ရှိ လာမည်ဖြစ်သည်။ ယင်းအယ်ဘမ်သည် ၎င်းအနေဖြင့် ပထမဆုံး သီဆိုထားသည့် အယ်ဘမ်ဖြစ်သည်။

“ကျွန်တော့် အသံနဲ့ လိုက်ဖက်တဲ့ သီချင်းတွေကို သီဆိုထားပါတယ်။ ဘဝကို အားပေးတဲ့ သီချင်းတွေကို သီဆိုထားတာပါ။ကျွန်တော့်ကို တကယ်အားပေးတဲ့ အစ်ကိုတွေ ကိုယ်တိုင် ရေးပေးထားတာမို့ သီဆိုဖြစ်တာပါ”ဟု မော်ဒယ်သရုပ်ဆောင် အလင်းရောင်က မဇ္စျိမကိုပြောသည်။

ယင်းစီးရီးတွင် နာမည်ကြီး တေးရေးဆရာများ၏ သီချင်းများ မပါဝင်ပဲ ကလုံး၊နန္ဒ၊ဂျမန်း တို့က ရေးသားပေးထားသည့် ပေါ့ပ်၊ စလိုးရောခ့်၊ ပေါ့(ပ်) ရောခ့်၊ အာအင်ဘီ အမျိုးအစား သီချင်း ၁၃ပုဒ်ကို ဝင်မည်ဖြစ်ပြီး Pro Studio တွင် အသံသွင်း ထားကာ JME မှ ထုတ်လုပ်ဖြန့်ချိမည် ဖြစ်သည်။

‘ ကျွန်တော်က ငယ်ငယ် ကတည်းက အနုပညာနဲ့ ပတ်သက်ရင် အားလုံးကို ဝါသနာပါတယ်။ သရုပ်ဆောင်တာ၊ သီချင်းဆိုတာ၊ ပန်းချီဆွဲတာ အားလုံး လုပ်ချင်တယ်။ အားလုံးကိုလည်း ဝါသနာ ပါတယ်။ သီချင်းဆိုတာဆို ကျွန်တော် ငယ်ငယ် ကတည်းက ဖြစ်ချင်ခဲ့တဲ့ အိပ်မက်ပေါ့။ အခုတော့ အဲဒီ အိပ်မက် တစ်ကယ် အကောင်အထည် ဖော်ခွင့်ရပြီ”ဟု အလင်းရောင်မှ ပြောသည်။

‘ ရင့်ကျက်လာပြီ’ တေးစီးရီးသည် အချိန် တစ်နှစ်ကျော် ကြာ ပြင်ဆင်ခဲ့ရပြီး မထင်မှတ်သည့် အခက်အခဲများ ရှိသဖြင့် ထွက်ရှိရန် ကြန့်ကြာနေခြင်း ဖြစ်သည်။ မော်ဒယ်လ် သရုပ်ဆောင် အလင်းရောင်သည် ၂ဝ၁ဝ ခုနှစ်တွင် Star & Model International တွင် မော်ဒယ်လ် သင်တန်း. ကိုတက်ရောက်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် မဟော်ဂနီ ထုတ်လုပ်ရေး၏ ခေါင်းဆောင် မင်းသားအဖြစ် စာချုပ်ချုပ် ဆိုခဲ့ကာ ဇာတ်ကားများ ရိုက်ကူးလာသူ တစ်ဦး ဖြစ်သည်။

လက်ရှိတွင် ယူနစ် အကျီကြော်ငြာကို နေတိုး၊ အောင်ရဲလင်း၊ ဝတ်မှုံရွှေရည်၊ မေကဗျာ တို့နှင့် အတူ ကြော်ငြာ ရိုက်ကူးလျက်ရှိသည်။

မှတ်ချက်များ