ရန်ကုန်မြို့တွင် အဆင့်မြင့် ယာဉ်ရပ်နားစခန်း စီမံကိန်းများ တည်ဆောက်လိုသည့် ကုမ္ပဏီခုနစ်ခု တင်ဒါတင်သွင်းထား

မင်္ဂလာမွန်ဈေးအနီး အထပ်မြင့်ယာဉ်ရပ်နားစခန်း ပါဝင်သည့် တိုးချဲ့မင်္ဂလာဈေးသစ် စီမံကိန်းအား တွေ့ရစဉ်

ရန်ကုန်မြို့တွင် အဆင့်မြင့် ယာဉ်ရပ်နားစခန်း စီမံကိန်းများ တည်ဆောက်ရန် မတ်လအတွင်းက တင်ဒါခေါ် ယူခဲ့ရာ တည်ဆောက်လုပ်ကိုင်လိုသည့် ကုမ္ပဏီခုနစ်ခုက တင်ဒါတင်သွင်းထားပြီး ၎င်းတို့ထဲမှ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကို မကြာမီ ရွေးချယ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တင်ဒါခေါ် ယူရေး လုပ်ငန်းကော်မတီမှ သိရသညိ။

အဆင့်မြင့်ယာဉ်ရပ်နားစခန်း စီမံကိန်းများကို ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းရှိ မြေဧရိယာ ၂ ဧကကျော်နှင့် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေဧရိယာ ၁ ဧက ၀န်းကျင်၌ တည်ဆောက်မည်ဟု သိရသည်။

“အဆင့်မြင့် ယာဉ်ရပ်နားစခန်းတွေ ဆောက်ဖို့ တင်ဒါခေါ်တာပါ။ တင်ဒါတင်သွင်းတဲ့ကုမ္ပဏီ ခုနစ်ခုရှိပါ တယ်။ အဲဒီ ကုမ္ပဏီခုနစ်ခုကိုတော့ လောလောဆယ် ထုတ်ပြန်လို့ မရနိုင်သေးပါဘူး။ မကြာမီလုပ် ကိုင်ခွင့်ရ ကုမ္ပဏီကို ရွေးချယ်မှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တင်ဒါရွေးချယ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆင့်မြင့် ယာဉ်ရပ်နားစခန်းများဟု ဆိုရာတွင် အထပ်မြင့် ယာဉ်ရပ်နားစခန်းနှင့် မြေပြင်ယာဉ်ရပ်နားစခန်း များ ပါဝင်သည်ဟု သိရသည်။

ရန်ကုန်မြို့တွင် တိုးပွားလာသော ယာဉ်အစီးရေအပေါ် ယာဉ်ရပ်နားရန်နေရာ လုံလောက်မှု မရှိခြင်းကလည်း ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွာလာခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်နေရာ ယင်းကိစ္စကို ဖြေရှင်းနိုင်ရန် အဆင့်မြင့် ယာဉ်ရပ်နားနေရာများ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး ဆိပ်ကမ်းသာလမ်းတွင် ၁၅ ထပ် အမြင့်ရှိ ယာဉ်ရပ်နားစခန်း၊ မင်္ဂလာမွန်ဈေးအနီး ယာဉ်အစီးရေ ၄၀၀ ကျော်ခန့် ရပ်နားနိုင်သည့် အထပ်မြင့် ယာဉ်ရပ်နားစခန်း အကောင်အထည်ဖော်ရန် ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကတည်းက လျာထားခဲ့သည်။

သို့သော် ယင်းနှစ်ခုထဲမှ ဆိပ်ကမ်းသာ အထပ်မြင့် ယာဉ်ရပ်နားစခန်းမှာ ဘဏ္ဍာငွေအခြေအနေကြောင့် မတည်ဆောက်ဖြစ်သေးဘဲ မင်္ဂလာမွန်ဈေးအနီး အထပ်မြင့် ယာဉ်ရပ်နားစခန်းမှာမူ တည်ဆောက် မှုပြီးစီး တော့မည်ဖြစ်ပြီး ယခုနှစ်အတွင်း စတင်အသုံးပြုနိုင်မည်ဟု သိရသည်။

အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အနီးတွင်လည်း အဆင့်မြင့်မြေပြင် ယာဉ်ရပ်နားစခန်းတစ်ခုကို အကောင်အထည်ဖော်ရန်လည်း စီစဉ်နေသည်ဟု သိရသည်။

EMG

မှတ်ချက်များ