ဥပုသ်ဟူသည်

အဋ္ဌင်္ဂီက ရှစ်ပါးသီလကို ကမ္ဘာစဉ်ဆက် ဘုရားရှင်လက် ထပ်ကစပြီး သာသနာတွင်း၊ သာသနာပ နှစ်ဌာ နတို့မှာ သူတော်ကောင်းတို့သီလစောင့်ခြင်း၊ ညစာရှောင်ခြင်း၊ ရတနာ(၃)ပါးတို့၌ ဆည်းကပ်ခြင်းဖြင့် ကျင့်ကြံအပ်တာဖြစ်လို့ ဥပုသ်ရယ်လို့ ခေါ်ရခြင်းဖြစ်တဲ့အကြောင်းကို သီလက္ခန် အဋ္ဌကထာ သာမည ဖလ သုတ် အဖွင့်မှာ ဖော်ပြထားတယ်။

ဥပုသ်စောင့်ရာမှာ ဥပုသ်(၃)မျိုး ရှိတယ်။

၁။ နိဂဏ္ဍ- တိတ္ထိတို့စောင့်သော ဥပုသ်- ယူဇနာတစ်ရာအတွင်းမှာရှိတဲ့ သတ္တ၀ါတွေကိုသာ မသတ်ရလို့ သိက္ခာပုဒ် ဆောက်တည်ပြီး စောင့်တဲ့ဥပုသ်ဖြစ်တယ်။

၂။ ဂေါပါလဥပုသ်- သီလဥပုသ်ခံယူပြီး ရတနာသုံးပါးရဲ့ ဂုဏ်တော် ကျေးဇူးတော်တွေကို မအောက်မမေ့ဘဲ၊ မပွားများဘဲ ၀တ်ရေး စားရေး အစုစုတို့ကိုသာ ကြံစည်အောက်မေ့ပြီး ဆောက်တည်တဲ့ဥပုသ်ဖြစ်တယ်။

၃။ အရိယဥပုသ်- ဥပုသ်ဆောက်တည်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသုဘတရားတွေကို ဆင်ခြင်စဉ်းစားခြင်း၊ ရတနာသုံးပါး၏ ဂုဏ်တော်တရားတွေကို အောက်မေ့ပွားများခြင်းဖြင့် ဆောက်တည်တဲ့ဥပုသ်ဖြစ်တယ်။

ဥပုသ်စောင့်တဲ့ နေ့လနှစ်တွေနဲ့ ပတ်သတ်ပြီး စတုက္ကနိပါတ် အင်္ဂုတ္တရပါဠိတော်မှာ (၄)မျိုး ဖော်ပြထားတယ်။

၁။ ပကတိဥပုသ်- (၈)ရက် လပြည့်လကွယ် ဥပုဒ်မျိုးဖြစ်တယ်။

၂။ ပတိဇာဂရဥပုသ်- အကြိုအပို့စောင့်တဲ့ ဥပုသ်မျိုးဖြစ်တယ်။

၃။ အဓိဋ္ဌာန်ဥပုသ်- ရက်လနှစ် ပိုင်းခြားပြီး တည်ဆောက်တဲ့ ဥပုသ်မျိုးဖြစ်တယ်။

၎။ ပါဋိဟာရိယဥပုသ်- အထွက်တစ်ရက်နေ့မှာစောင့်တဲ့ ဥပုသ်ဖြစ်တယ်။

ဥပုသ်နေ့မှာ ရှောင်ကြဉ်ရမည့် အချက်များ

ဘုရားရှင်လက်ထပ်တော်ကတည်းက ရဟန်းတော်တွေကို အခါအခွင့်နဲ့ ပိုင်းခြားပြီး အကပ်ခံရပုံနဲ့ ဘယ်လိုဝတ္ထုကို ဘယ်အချိန်အခါအထိသာ သုံးဆောင်နိုင်ကြောင်းကို ပညတ်တော်မူခဲ့တယ်။ အဲဒီပညတ်ချက်(၄)ပါးဟာ ဥပုသ်သည်တွေနဲ့လည်း သက်ဆိုင်တယ်။

၁။ ယာဝကာလိက- စပါးမျိုး၊ ပဲမျိုး၊ အသီးကြီးကိုးမျိုး စတဲ့ အာဟာရကိစ္စကို ပြီးစေနိုင်တဲ့ ၀တ္ထုဟူသမျှကို အရုဏ်တက်ချိန်က မွန်းတည့်အထိသာ အကပ်ခံကောင်းတယ်။ သုံးဆောင်ကောင်းတယ်လို့ ပညတ်တော်မူတယ်။

၂။ ယာမကာလိက- ဘုရားခွင့်ပြုတော်မူတဲ့ အဖျော်ရှစ်ပါးနဲ့ အနုလောမ အဖျော်တွေကို နေအရုဏ်တက်မှ နောက်အရုဏ်တက်အထိတစ်ယာမ်အတွင်း သုံးဆောင်ကောင်းတယ်။ အကပ်ခံကောင်းတယ်လို့ ပညတ်တော်မူတယ်။

၃။ သတ္တာဟကာလိက- ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်လဲ၊ သကြား၊ ကြံသကာ၊ ဆေးငါးပါးတို့ကို တစ်ခါအကပ်ခံထားရင် ခုနှစ်ရက်အထိ သုံးဆောင်ကောင်းတယ်လို့ ပညတ်တော်မူတယ်။

၎။ ယာဝဇိဝိတ- ပြခဲ့ပြီးတဲ့ ကာလိက သုံးပါးနဲ့ ကာလိကမှလွတ်တဲ့ ရေ၊ တံပူကို ချန်ထားပြီး ကြွင်းတဲ့ ဇီးဖြူ၊ ရှိရှား၊ သဖန်းခါးစတဲ့ အာဟာရကိစ္စကို မပြီးစေနိုင်တဲ့ ဆေးဘက်ဝင် အမြစ် အရွက် အသီး အခေါက် စသည်တို့ကို တစ်ခါအကပ်ခံထားရင် အသက်ရှင်နေသမျှ သုံးဆောင်နိုင်တယ်လို့ ပညတ်တော်မူတယ်။

ရေ၊ တံပူတို့ကတော့ ကာလိကလေးပါးလွတ်တယ်။ အကပ်ခံဖွယ်မရှိပါ။ ဥပုသ်သည်တွေအနေနဲ့ကတော့ ယာဝကာလိကကို နေ့လွဲကစပြီး မစားရပါ။ ကျန်သုံးပါး စားနိုင်ပါတယ်။

ဥပုသ်သီလဆောက်တည်ရာမှာ အပိုင်း(၄)ပိုင်းရှိတယ်။

၁။ ဘုရားရှိခိုးတဲ့အပိုင်း

၂။ သရဏဂုဏ် ဆောက်တည်တဲ့အပိုင်း

၃။ သီလတောင်းတဲ့အပိုင်း

၎။ သီလသိက္ခာပုဒ်ကို ဆောက်တည်ပွားများတဲ့အပိုင်းတို့ ဖြစ်တယ်။

သီလကို အဓိဋ္ဌာန်ပြီးလည်း ဆောက်တည်နိုင်သလို ဘုရားရှေ့မှာဖြစ်ဖြစ်၊ ရဟန်းသာမဏေရှေ့မှာဖြစ်ဖြစ်၊ သီလရှိသူ ပုဂ္ဂိုလ်တို့ ရှေ့မှာဖြစ်ဖြစ် ခံယူဆောက်တည်နိုင်တယ်။

သီလကို ဆောက်တည်တဲ့နေရာမှာ အာရုံခြောက်ပါးရှိတဲ့အနက် ဘာပဲမြင်မြင်၊ မြင်သိစိတ်ပေါ် တိုင်းပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

ဘာပဲကြားကြား ကြားသိစိတ်ပေါ်တိုင်း ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

ဘာအနံ့ပဲရရ နံသိစိတ်ပေါ်တိုင်း ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မ သွားဖို့ အပ္ပမာဒ ရှိရတယ်။

လျှာရဲ့အရသာ ဘာပဲရရ အရသာသိစိတ်ပေါ်တိုင်း ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက် ၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

ကိုယ်နဲ့အတွေ့ ဘယ်လိုပဲထိထိ ထိသိစိတ်ပေါ်တိုင်းပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက် ၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

စိတ်ရဲ့အတွေးအကြံ ဘယ်လိုပဲရှိရှိ တွေးတောကြံစည်စိတ်ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

အ၀တ်အထည်အနားတွေ စုတ်ပြတ်သလို သီလအစ သိက္ခာပုဒ်အဆုံး ပျက်စိးခြင်းဟာ သီလကျိုးပြတ်တယ် မည်တယ်။

အ၀တ်အထည်အလယ်ပေါက်သလို သီလအလယ် သိက္ခာပုဒ် ပျက်စီးခြင်းဟာ သီလပေါက်တယ် မည်တယ်။ နွားပြောက်ကွက်လိုမျိုး ပထမသိက္ခာပုဒ်လုံခြုံ၊ ဒုတိယသိက္ခာပုဒ်ပျက်စီး စသဖြင့် လုံလိုက်၊ ပျက်လိုက် ဆက်တိုက်ဖြစ်နေမှုဟာ သီလပြောက်ကွက်တယ် မည်တယ်။

နွားကြောင်များလို သိက္ခာပုဒ် အစဉ်အတိုင်း နှစ်ခု သုံးခု ပျက်ရင် သီလပြောက်ကျားတယ်မည်ပါတယ်။

(မှတ်ချက်။ ဦးကျော်ဇေယျရေးသားသော ဥပုသ်ကုသိုလ်စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

MOI Webportal Myanmar

မှတ်ချက်များ