အိန္ဒိယတွင် သောင်တင်နေသည့် မြန်မာရေလုပ်သား ၁၅၀ ထပ်မံရောက်

အိန္ဒိယတွင် သောင်တင်နေရာမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားများ နေရပ်သို့ပြန်ရန် ကားပေါ်တွင် တွေ့ရစဉ်
ဓာတ်ပုံ − ဖိုးတုတ်(လှည်းတန်း)
အိန္ဒိယနိုင်ငံ အက်ဒမန် ကျွန်းစုရှိ ပို့တ်ဘလဲ (Port Blair)တွင် အကြောင်းအမျိုးမျိုးကြောင့် သောင်တင်နေ
သော မြန်မာလုပ်သား ၁၅၀ ဦးသည် ဇန်နဝါရီ ၁၈ ရက်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြောင်း သတင်းရရှိ သည်။

လုပ်သားများကို အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က စင်းလုံးငှားလေယာဉ်ဖြင့် အခမဲ့သွား
ရောက်ခေါ်ဆောင်လာပြီး ဇန်နဝါရီ ၁၉ ရက်တွင် နောက်ဆုံးအနေဖြင့် ၁၁၃ ဦး ထပ်မံခေါ်ဆောင်ရန်ရှိသေးသည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

‘‘ဒီနေ့ရောက်လာတဲ့ရေလုပ်သားတွေထဲက နှစ်ယောက်ကတော့ ကျန်းမာရေးသိပ်မကောင်းဘူး။ စိုးရိမ်စရာတော့ မရှိပါဘူး။ တစ်ယောက်ကတော့ တီဘီရောဂါရှိတယ်။ ဒီနေ့ထိတော့ ကျန်းမာရေးကြီးကြီး မားမားဖြစ်တဲ့သူတွေ မပါသေးဘူး’’ဟု ကျန်းမာရေးစောင့်ရှောက်ပေးသူတစ်ဦးက ပြောသည်။

မြန်မာ ရေလုပ်သားများသည် အက်ဒမန်ကျွန်းစုသို့ မုန်တိုင်းမိ၍ (သို့မဟုတ်) ရာသီဥတု ဆိုးရွား၍ ရောက်ရှိ သွားပြီးနောက် ဖမ်းဆီးခံရကာ လက်ရှိ အဆိုပါကျွန်းတွင် မြန်မာလူမျိုး ၅၀၀ ကျော် ကျန်ရှိသေးကြောင်း ပြန်လည်ရောက်ရှိသူများက ဆိုသည်။

‘‘ပြန်ရောက်တော့ ဝမ်းသာတာပေါ့။ ဒီအလုပ်တွေကလွဲလို့ တခြားအလုပ်တော့ သိပ်မလုပ်တတ်ဘူး။ ရွာမှာ ကလည်း ဒီလိုပဲလေအလုပ်က သိပ်မပေါဘူး။ တခြား ဘာလုပ်မလဲတော့ မစဉ်းစားရသေးဘူး။ အခုတော့ အလှူ ငွေနှစ်သောင်း ရထားပါတယ်’’ဟု ပြန်လည်ရောက်ရှိလာသူ ကိုသားကြီးက ပြောသည်။

ရေလုပ်သားများသည် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင်လည်း ထပ်မံရောက်ရှိလာပြီး MAI က အိန္ဒိယ
ရောက် ရေလုပ်သားများကို ဇန်နဝါရီ ၁၇ရက်မှ ၁၉ ရက်အထိ သွားရောက်ခေါ်ဆောင်ပေးမည်ဖြစ်သည်။

‘‘မြန်မာလုပ်သားတွေပြန်ပို့ဖို့ကတော့ နှစ်နိုင်ငံအစိုးရ ညှိနှိုင်းမှုနဲ့လုပ်တာပါ။ MAI အနေနဲ့က ပြန်လာမယ့် သူတွေကို လေယာဉ် အခမဲ့စီစဉ်ပေးတာပါ။ မနက်ဖြန်မှာ နောက်ထပ်ရောက်မယ့်သူတွေတော့ ရှိသေး တယ်။ အားလုံး ၁၁၃ ယောက် ပါမယ်’’ဟု သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ရေလုပ်သားများတွင် ဧရာဝတီတိုင်းမှ ၁၃၇ ဦး၊ ရခိုင်ပြည်နယ်မှ ၁၁ ဦး၊ ရန်ကုန်တိုင်းမှတစ်ဦးနှင့် တနင်္သာရီတိုင်းမှတစ်ဦး ပါဝင်ကြောင်း သတင်းရရှိသည်။

ဖိုးတုတ်(လှည်းတန်း) | 7day

မှတ်ချက်များ