အသစ်ထုတ်ဝေမည့် Charlie Hebdo မဂ္ဂဇင်း မျက်နှာဖုံးတွင် တမန်တော် မိုဟာမက်ပုံ အသုံးပြုထား

ပါရီတွင် လုံခြုံရေးစောင့်ကြပ်နေသည့် ပြင်သစ်တပ်ဖွဲ့ဝင်များ
Charlie Hebdo၏ အသစ်ထုတ်ဝေမည့် မဂ္ဂဇင်း မျက်နှာဖုံးတွင် တမန်တော် မိုဟာမက်ပုံကို ရေးဆွဲဖော်ပြ သွားပြီး စောင်ရေ (၃)သန်းမျှထိ ရိုက်နှိပ်သွားမည်ဟု သတင်းရရှိသည်။

တမန်တော် မိုဟာမက်ကို လှောင်ပြောင်ရေးသားခဲ့မှုများကြောင့် အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် သမားများ၏ ဝင်ရောက်ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး လူ(၁၂)ဦး သေဆုံးသည့် အခြေအနေနှင့် ကြုံခဲ့ရသည့် မဂ္ဂဇင်းတိုက်သည် ဇန်နဝါရီ (၁၄)ရက်တွင် အသစ်ထုတ်ဝေရာ၌ မျက်နှာဖုံးအတွက် ယင်းသို့ ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။

စောင်ရေ (၃)သန်းအနက် ဇန်နဝါရီ (၁၄)နှင့် (၁၅)ရက်များတွင် စောင်ရေ(၁)သန်း အပြီးသတ် ရိုက်နှိပ်ပြီး
 ဈေးကွက် တောင်းဆိုမှုကို စောင့်ကြည့်ကာ နောက်ထပ်စောင်ရေ (၂)သန်းကို ဖြည့်စွက်ရိုက်နှိပ်ရန် ပြင် ဆင်ထားကြောင်း အဆိုပါ မဂ္ဂဇင်းကို ဖြန့်ချိရေး တာဝန်ယူထားသည့် ကုမ္ပဏီက ဆိုသည်။

ဖြန့်ချိရေး ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မိုက်ကယ် ဆာလီယွန်က “တစ်ကမ္ဘာလုံးက အမှာစာပေါင်း (၃)သိန်းကျော် ကျွန်တော်တို့ လက်ခံ ရရှိထားပြီးပါပြီ။ မှာယူမှုတွေက တစ်နာရီပြီး တစ်နာရီ ဆက်တိုက်
 မြင့်တက်လာနေပါတယ်။ မကြာမီ သန်းဂဏန်းထိ ရောက်လာမှာပါ။ နောက်ထပ် စောင်ရေအသစ် တိုးပြီး ရိုက်နှိပ်ဖို့ သင့်မသင့်ကိုတော့ ဇန်နဝါရီ (၁၄)ရက် အခြေအနေကို ကြည့်ပြီး ဆုံးဖြတ်ပါမယ်”ဟုပြောကြား ခဲ့သည်။

သတင်းများက အဆိုပါ မဂ္ဂဇင်းတွင် တမန်တော် မိုဟာမက်၏ ကာတွန်းပုံကို ရေးဆွဲထားပြီး ပါးပြင်တွင် မျက်ရည်များ စီးကျကာ “ငါက Charlieပါ”ဆိုသော ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားမည်ဟု ရေးသားခဲ့သည်။ ထို့အပြင် “အားလုံးကို ခွင့်လွှတ်လိုက်ပါပြီ”ဆိုသော စာသားကိုလည်း ရိုက်နှိပ်ထားမည်ဟု သိရသည်။ အဆိုပါ မဂ္ဂဇင်း မျက်နှာဖုံးကို လုဇ်ဟု လူသိများသည့် ပြင်သစ် ကာတွန်းဆရာ ရီနဲလ်လူဇီယာက ရေး ဆွဲထားကြောင်းလည်း New York Times သတင်းစာက ဖော်ပြထားသည်။

7day

မှတ်ချက်များ