ရုံးသုံးဗားရှင်းအဖြစ် အသုံးပြုနိုင်မည့် ဝန်ဆောင်မှုအသစ်ကို Facebook မိတ်ဆက်


Facebook ၏ ရုံးသုံးဗားရှင်းဟု ဆိုနိုင်သည့် Facebook at Work ကို မိတ်ဆက်လိုက်ပြီးနောက် ရုံးတွင်း လုပ်ငန်းပိုင်း မျှဝေဆောင်ရွက်မှုများနှင့် အချက်အလက် လုံခြုံမှုများအတွက် များစွာ အဆင်ပြေလာမည်ဟု
 မျှော်လင့်ကြောင်း Facebook က ပြောကြားခဲ့သည်။

Facebook အနေဖြင့် ရုံးသုံးဝန်ဆောင်မှု တစ်မျိုးကို ဖန်တီး အကောင်အထည် ဖော်နေကြောင်း သတင်းများ ကာလအတန်ကြာ ထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါ Facebook at Workကို စမ်းသပ်အဆင့်ဖြင့် လက်တွေ့
 ပြသလာခြင်း ဖြစ်သည်။ Facebook သည် အဆိုပါ ဝန်ဆောင်မှု အသစ်ကို လက်ရှိတွင် လူဦးရေ အကန့် အသတ်ဖြင့် စမ်းသပ် သုံးစွဲခွင့် ပေးထားသည်။

PC ကွန်ပျူတာအပြင် Androidနှင့် iOS တို့ကဲ့သို့ မိုဘိုင်းဖုန်း OSများနှင့်ပါ အဆင်ပြေပြေ အသုံးပြုနိုင်မည့် Facebook at Work သည် ကုမ္ပဏီ၊ လုပ်ငန်း တစ်ခုချင်းစီ၏ ဝန်ထမ်းများကို Facebook Tool များဖြင့် အပြန်အလှန် ချိတ်ဆက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်အောင် စီစဉ်ပေးထားသည်။

သတင်းများက Facebook တွင် ပါရှိသည့် News Feed၊ Group၊ Message နှင့် Event တို့ကဲ့သို့ ဝန်ဆောင် မှုများကို Facebook at Work တွင် ထည့်သွင်းပေးထားပြီး ယင်းကို ကုမ္ပဏီ တစ်ခုတည်းအတွက်ကန့်သတ်
အသုံးပြုနိုင်မည်ဟု ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါ ကုမ္ပဏီ တစ်ခုချင်းစီမှ ဝန်ထမ်းများကလည်း သက်ဆိုင်ရာ Facebook at Work အသိုက်အဝန်းကို ချိတ်ဆက်ထားရန် လိုအပ်ကြောင်းလည်း သိရသည်။

Facebook သည် အဆိုပါ ဝန်ဆောင်မှုသစ် အသုံးပြုသည့် ကုမ္ပဏီများထံမှ အခကြေးငွေ ကောက်ယူပြီး ဝင်ငွေတိုးတက်လာအောင် ဆောင်ရွက်ဖွယ် ရှိကြောင်းလည်း သတင်းများက ဆိုသည်။

Facebook ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက “ဒီဝန်ဆောင်မှုအရ ကုမ္ပဏီတစ်ခုရဲ့ သတင်းအချက်အ လက် မျှဝေမှုတွေဟာ ကုမ္ပဏီနဲ့ ပတ်သက် ဆက်နွှယ်သူတွေ အချင်းချင်း ကြားမှာပဲ လုပ်ဆောင်နိုင်ပါမယ်။ Facebook အနေနဲ့ လတ်တလော စမ်းသပ်အဆင့်မှာ သုံးစွဲသူတွေဆီက တုံ့ပြန်မှုတွေကို နားထောင်နေပါ တယ်။ Facebook at Work ကို ဖြစ်နိုင်သမျှ အကောင်းဆုံး အတွေ့အကြုံမျိုး ရရှိစေအောင် စီမံသွားမှာပါ” ဟု ပြောကြားခဲ့သည်။

Facebook သည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အသုံးပြုသူများကို ပိုမိုဆွဲဆောင်နိုင်စေမည့် Feature အ သစ်များကို ပေါင်းစပ် ထည့်သွင်းပေးလာခဲ့သည်။ Facebook သည် တည်ထောင်မှုသက်တမ်း (၁၀)နှစ် ရှိပြီဖြစ်ပြီး လက်ရှိအချိန်တွင် သုံးစွဲသူ အရေအတွက် (၁.၃၅) ဘီလီယံမျှ ရှိနေရာ ကမ္ဘာပေါ်တွင် လူသုံး အများဆုံး Social Media အဖြစ် ရပ်တည်လျက်ရှိသည်။

7day


မှတ်ချက်များ