Golden Globes ဆုပေးပွဲတွင် ပါရီ အကြမ်းဖက်မှုအတွင်း သေဆုံးသူများအတွက် ဝမ်းနည်းမှု ပြသ

Golden Globes ဆုပေးပွဲသို့ တက်ရောက်လာသည့် ဂျော့ခ်ျကလူနေးတို့ ဇနီးမောင်နှံအား တွေ့ရစဉ်
Golden Globes (ရွှေကမ္ဘာလုံး) ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲ အခမ်းအနားတွင် ပဲရစ်မြို့တော် အကြမ်းဖက်မှု များအတွင်း သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်ကို စုရုံး ပြသခဲ့ကြောင်း သတင်းရရှိ သည်။

(၇၂)ကြိမ်မြောက် Golden Globes ဆုပေးပွဲ အခမ်းအနားတွင် ဂျူလီယန်မိုး၊ အေမီအဒမ်စ်၊ ပက်ထရစ်ရှာ အာကွက်နှင့် ဂျေကေဆိုင်မွန် အစရှိသည့် ရုပ်ရှင်ကြယ်ပွင့်များက ထူးချွန်ဆုများ ဆွတ်ခူးခဲ့ပြီး ဖေဖော်ဝါရီလ တွင် ကျင်းပမည့် အော်စကာ ဆုပေးပွဲတွင် အောင်မြင်မှု ရရှိရန် အထူးတလည် ရေပန်းစားလာကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းများ အတွင်းက အမေရိကန် ရုပ်ရှင် ကုမ္ပဏီ တစ်ခုဖြစ်သည့် Sony Picturesသည်
 မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို လှောင်ပြောင်သည့် ဇာတ်မြူးရုပ်ရှင်တစ်ခုရိုက်ကူးမှုကြောင့် ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ကြုံခဲ့ပြီး ပြင်သစ်နိုင်ငံရှိ Charlie Hebdo မဂ္ဂဇင်းသည်လည်း တမန်တော် မိုဟာမက်ကို လှောင်ပြောင်သည့် ရေးသားမှုများကြောင့် အကြမ်းဖက်သမားများ၏ စီးနင်းတိုက်ခိုက်ခြင်း ခံခဲ့ရသည်။ အဆိုပါ ဖြစ်ရပ်တွင် လူ(၁၂)ဦး အသက်ဆုံးရှုံးခဲ့သည်။

ယင်းဖြစ်ရပ် နှစ်ခုစလုံးသည် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်နှင့် လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်များကို တိုက်ခိုက်ခဲ့ခြင်းဟု ဟော်လိဝုဒ် နိုင်ငံရပ်ခြား သတင်းဌာန အကြီးအကဲ သီယို ကင်မာက ဆိုသည်။ “ကျွန်တော်တို့ အားလုံးဟာ ဘယ်နေရာမှာမဆို လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖိနှိပ် လာတဲ့ အခါမှာ အတူတကွ ရပ်တည် တွန်းလှန်ရပါမယ်။ မြောက်ကိုရီးယားကနေ ပါရီထိ ဘယ်နေရာမှာ မဆိုပေါ့”ဟု ၎င်းက ဇန်နဝါရီ (၁၁)ရကတွင် Golden Globes ဆုပေးပွဲ တက်ရောက်လာသူများအား ပြော ကြားခဲ့သည်။

အော်စကာဆုရှင် မင်းသား ဂျာရတ်လီတိုကလည်း Charlie Hebdo မဂ္ဂဇင်း ဝိုင်းတော်သားများနှင့်အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြင်သစ်ဘာသာဖြင့် ပြောကြားခဲ့ပြီး ဟောလိဝုဒ် နာမည်ကျော် မင်း သား ဂျော့ဂ်ျကလူနေးကလည်း Cecil B DeMille ဆုကို လက်ခံယူချိန်တွင် Charlie Hebdo မဂ္ဂဇင်းကို
 ထောက်ခံကြောင်း ပြောဆိုသွားသည်။

(၇၂)ကြိမ်မြောက် Golden Globes ဆုပေးပွဲတွင် ဆုရရှိသွားသူများ စာရင်းမှာ အောက်ပါအတိုင်း ဖြစ် သည်။

အကောင်းဆုံး Drama ဇာတ်ကားဆု - Boyhood
အကောင်းဆုံး Musical/Comedy ဇာတ်ကားဆု - The Grand Budapest Hotel
အကောင်းဆုံးမင်းသား (Drama)ဆု - အက်ဒီရက်ဒ်မိန်း (The Theory of Everything)
အကောင်းဆုံးမင်းသမီး (Drama)ဆု - ဂျူလီယန်မိုး (Still Alice)
အကောင်းဆုံးမင်းသား (Musical/Comedy)ဆု - မိုက်ကယ်ကီတန် (Birdman)
အကောင်းဆုံးမင်းသမီး (Musical/Comedy)ဆု - အေမီအဒမ်စ် (Big Eyes)
အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု - ဂျေကေဆိုင်မွန် (Whiplash)
အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု - ပက်ထရစ်ရှာအာကွက် (Boyhood)
အကောင်းဆုံးဒါရိုက်တာဆု - ရစ်ချတ်လင့်ခ်လိတ္တာ (Boyhood)
အကောင်းဆုံးဇာတ်ညွှန်းဆု - Birdman
အကောင်းဆုံး Animation ဇာတ်ကားဆု - How to Train Your Dragon 2
အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ဇာတ်ကားဆု - Leviathan

7day

မှတ်ချက်များ