ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် ပထမဆုံး အကြိမ်ညီလာခံ ကျင်းပမည်


မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် (ယာယီ) က ဦးဆောင်ပြီး ပထမဆုံးအကြိမ် ညီလာ ခံကို လာမယ့် မေလဆန်းမှာ မန္တလေးမြို့မှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

အဲဒီညီလာခံမှာ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းမှာဖြစ်ပြီး အမျိုးသား ပညာရေးဥပဒေနဲ့ ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အရေးကို ဆွေးနွေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ် (ယာယီ)ရဲ့ ဥက္ကဌ ဆရာ ဦးသုတက ပြောပါတယ်။

“ကျနော်တို့အဖွဲ့ချုပ် ယာယီဖွဲ့ထားတယ်၊ အခုကျနော်တို့ အတည်ဖွဲ့ဖြစ်သွားမှာပေါ့နော်၊ ပထမရက်မှာတော့ လက်ရှိမြန်မာနိုင်ငံရဲ့မပြောင်းလဲနိုင်တဲ့ ပညာရေးစနစ်ကို ဆွေးနွေး မယ်၊ ဒုတိယအချက်ဆရာ၊ ဆရာမတွေ ရဲ့အဖိနှိပ်ခံဘဝပေါ့နော်၊ တတိယအချက်က တော့ ကျန်တဲ့အမျိုးသားပညာရေးဥပဒေနဲ့ လက်ပံတန်း ကိစ္စတွေကို ကျနော်တို့အဓိကထားဆွေးနွေးသွားမယ်”

အဲဒီ ညီလာခံကို ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER၊ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ တက္ကသိုလ်၊ ကောလိပ် နဲ့ အခြေခံ ပညာအဆင့် ကိုယ်စားပြု ဆရာ၊ ဆရာမတွေအပြင် ပုဂ္ဂလိက စာသင်ကျောင်းတွေက ဆရာ၊ ဆရာမတွေနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်နဲ့ပတ်သက်ပြီး ပါဝင်ဆွေးနွေးလိုသူတွေ အားလုံးတက်ရောက်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဖွဲ့စည်းထားတဲ့ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် (ယာယီ) ကို ပြီးခဲ့တဲ့နှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင် အင်အား ၇ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒီညီလာခံနဲ့ ပတ်သက်လို့ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် (ယာယီ) က ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကို RFA ၀ိုင်းတော် သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်များ