![]() |
| မိုင်းလားမြို့၏ညရှုခင်းတစ်ခု (ဓာတ်ပုံ−ငြိမ်းငြိမ်းပြည့်) |
လွန်ခဲ့သည့် ၁၀ မိနစ်ခန့်ကအထိ တောမြိုင်ဂနိုင်ထဲမှာရှိနေခဲ့တာ ဟုတ်မှဟုတ်ပါလေစဟု ဇဝေဇဝါဖြစ်မိလောက်သော မြန်မာနိုင်ငံရှိ အခြားသော မည်သည့်မြို့ပြ၊ မည်သည့်အရပ်ဒေသနှင့်မျှ အသွင်မတူသော ဤမြို့တော်၌ လက်သုံးစကားတစ်ခွန်းကတော့ ‘‘ဘာမဆိုရနိုင်သည်’’ဟူ၍။
ဤအရပ်ကို အရှေ့တိုင်း၏ လာ့စ်ဗီးဂတ်စ်ဟု အချို့ကတင်စားကြသည်။ အချို့က ဒုစရိုက်မြို့တော်ဟု သတ်မှတ်ကြသည်။ အချို့ကတော့ တရုတ်၏သဗ္ဗအိမ်ပေါက်ဟု ကင်ပွန်းတပ်ကြသည်။ အခြားသော အရိုင်းဆန်သည့် အမည်ပြောင်အမျိုးမျိုးလည်း အပေးခံထားရသော ဤအရပ်သို့ ဝင်ဝင်ချင်းတွင် ‘မိုင်းလားမြို့မှ ကြိုဆိုပါ၏’ဆိုသော စာသားကြီးကို မြင်နိုင်သည်။ မြန်မာအစိုးရကမူ ဤအရပ်ဒေသကို အထူးဒေသ(၄)ဟု တရားဝင်သတ်မှတ်ထားပါသည်။
‘‘မိုင်းလားကို မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့က စောင့်ကြပ်နေတာ မဟုတ်ဘဲနဲ့ ဒေသခေါင်းဆောင် မူးယစ်ဆေးဝါးကုန်ကူးသူ လင်မင်ရှောင်က ထောင်ထားတဲ့ ဂျိမ်းစ်ဘွန်းဆန်ဆန် ကြေးစားရဲတပ်ဖွဲ့က စောင့်ကြပ်နေတာဖြစ်တယ်’’ဟု ပေါက်ကြားခဲ့သော သံခင်းတမန်ခင်းမစ်ရှင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကြား လဲလှယ်ပေးပို့သည့် လျှို့ဝှက်အမှာစာတွင် ထိုသို့ရေးသားခဲ့သည်။
အထူးဒေသ(၄)၏ မြို့တော်မိုင်းလားသည် သားနားသပ်ရပ်သည့် အဆောက်အအုံများ၊ ဖြောင့်ဖြူးညီညာသည့် လမ်းများ၊ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များ၊ မြန်နှုန်းမြင့်အင်တာနက် အပါအဝင် မြို့ပြအင်္ဂါရပ်နှင့်အညီ အခြေခံအဆောက်အအုံ ကောင်းမွန်သော မြို့တစ်မြို့ဖြစ်သည်။ ဒေသအုပ်ချုပ်ရေးကို အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)က ချုပ်ကိုင်ထားသည်။ မြို့တော်၏ နေရာတကာတွင် အဆင့်မြင့်လက်နက်ကိရိယာများ တပ်ဆင်ကိုင်ဆောင်ထားသော ယူနီဖောင်းဝတ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိနေ၏။ အစိမ်းရောင်ပြောက်ကျားဝတ် စစ်သားများကိုလည်း မကြာခဏမြင်တွေ့နိုင်သည်။ ညချမ်းအချိန် တစ်မြို့လုံးကို ခြုံကြည့်လိုက်ပါက နီယွန်မီးရောင်စုံ ထိန်ထိန်ညီးနေသော ဟိုတယ်များ၊ လောင်းကစားရုံများ၊ အရက်ဘားများ ၊ အနှိပ်ခန်းများ၊ ကလပ်များ ၊ အပျော်မယ်များနှင့် ဂိမ်းဆိုင်များကိုသာ အများဆုံးမြင်ရသည်။ နီယွန်မီးရောင်များဖြင့် တဖျပ်ဖျပ်လက်နေသော ဆိုင်းဘုတ်များက တရုတ်စာလုံးများဖြင့်ဖြစ်သည်။ မြို့တွင်းဘယ်နေရာကနေ လှမ်းကြည့်ကြည့် ဖူးမြင်နိုင်သည့် တောင်ကုန်းမြင့်ပေါ်ပူဇော်ထားသော မြန်မာမှုလက်ရာ ဗုဒ္ဓဘုရားစေတီတော်တစ်ဆူကြောင့် ဤအရပ်သည် မြန်မာနိုင်ငံဘက်ခြမ်း၌ရှိနေကြောင်း မှတ်ယူစရာရှိ၏။
‘‘ညဘက် အသံဗလံတွေ ဘာတွေကြားရင် စိတ်မပူပါနဲ့။ ဒီမှာက ပွဲတော်လိုပဲ စည်စည်ကားကား ဗြောက်အိုးဖောက်တာမျိုးတွေ ရှိတတ်လို့ ပြောပြတာပါ။ ဒီဒေသကို ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းပဲ ထိန်းချုပ်မှုအပြည့်ရှိပါတယ်’’ဟု မိုင်းလားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။
တောရိုင်းတိရစ္ဆာန်များနှင့် ထူးထူးဆန်းဆန်း သားရဲများအကြောင်းပြသသော Nat Geo Wild ကဲ့သို့ ရုပ်သံလိုင်းထဲတွင်သာ မြင်ခဲ့ဖူးမည့် မြွေအမျိုးမျိုး ၊ ကျားသားရေ၊ ကျားရိုး၊ ကျားစွယ်၊ မျောက်၊ လိပ်၊ သင်းခွေချပ်၊ ချေ အပါအဝင် အမျိုးမျိုးအဖုံဖုံသော အကောင်ပလောင်အရှင်လတ်လတ်များကို မိုင်းလားရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များ၏ အနောက်ခန်းထဲတွင် အစုလိုက်အပြုံလိုက်တွေ့နိုင်သည်။ မိုင်းလားမြို့မဈေးထဲ တစ်ပတ်လှည့်လိုက်လျှင် ရှားပါးတောတိရစ္ဆာန်နှင့် အစိတ်အပိုင်းများအား ရောင်းချနေသူတို့ကို ဟိုတစ်စုဒီတစ်စု တွေ့ရသည်။ ကျားသားရေပြားချပ်တစ်ခု၏ ပေါက်ဈေးသည် မိုင်းလားတွင် မြန်မာငွေကျပ် သိန်း ၁၇၀ နှင့်ညီမျှသော ယွမ်တစ်သိန်းခန့် ပေါက်ဈေးရှိသည်။
တောရိုင်းတိရစ္ဆာန်နှင့် သဘာဝသစ်တောထွက်အရင်းအမြစ်များ ကူးသန်းရောင်းဝယ်မှု စောင့်ကြည့်ရေးအဖွဲ့အစည်း(TRAFFIC)၏ လေ့လာမှုစစ်တမ်းအရ တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုသည် ယခင် ထိုင်း- မြန်မာနယ်စပ် တာချီလိတ်တွင် အများအပြားရှိရာမှ ယခုအခါ မြန်မာ-တရုတ်နယ်စပ် မိုင်းလား၌ အဓိကဈေးကွက်ဖြစ်ထွန်းနေသည်။
‘‘ခင်ဗျားတို့ ဒီမှာ သွားလို့မရတဲ့နေရာမရှိဘူး။ ဓာတ်ပုံရိုက်လို့မရတဲ့နေရာမရှိဘူး’’ ဟု NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့ကပြောသည်။
လက်တွေ့တွင်မူ ရှားပါးတောရိုင်းတိရစ္ဆာန်ရောင်းသူအများစုနှင့် အခြားသော အလားတူလုပ်ငန်းလုပ်ကိုင်နေသူများက ကင်မရာတစ်လုံး၏ ချိန်ရွယ်ခြင်းကို လိုလိုလားလား လက်ခံတတ်ကြသူများထဲတွင် မပါဝင်ပါ။ ထိုသို့ဖြစ်ရခြင်းနှင့် ပတ်သက်၍ သူတို့၌ အကြောင်းပြချက် ကောင်းကောင်းရှိနေသည်။ သတင်းတွင် ဓာတ်ပုံပါလာလျှင် အဖမ်းခံရမည်ဆိုသည့် သတိပေးမှုမျိုး သူတို့ရထားကြသည်ဟု ထုတ်ဖော်ပြောကြားလာ၏။
‘‘ဒါတွေက မြန်မာပြည်ထဲကပဲလာတာ။ ကျွန်မတို့က တစ်ဆင့်ပြန်ရောင်းတာ’’ဟု အမည်ထုတ်ဖော်ရန် ငြင်းဆိုသည့် တိရစ္ဆာန်အစိတ်အပိုင်းရောင်းသူ လမ်းဘေးဈေးသည်တစ်ဦးက မြန်မာစကားသံဝဲဝဲဖြင့် ပြောပြသည်။ ဆေးဖက်ဝင်သည်ဟူသော အယူအဆဖြင့် ဝယ်လိုအားများသည်ကတော့ မြွေအမျိုးမျိုးနှင့် ကျားဝိုင်တစ်မျိုးဖြစ်ပြီး သူတို့၏ ဖောက်သည်များကတော့ တရုတ်နိုင်ငံဘက်ခြမ်းမှ လာရောက်သူတို့ပင်ဖြစ်သည်။
မိုင်းလားဈေးအတွင်း အနောက်ဘက်တန်းနှင့် တောင်ဘက်တန်းတစ်လျှောက် ‘အနှိပ်ခန်း’ဆိုသည့် ဆိုင်းဘုတ်ငယ်ကလေးများတပ်ဆင်ထားသည့် ဆိုင်ခန်းများက တန်းစီနေ၏။ ‘အနှိပ်ခံမလား။ လာပါ။ အနှိပ်ခံပါဦး’ဆိုသည့် အသံများအကြား ထွက်ပြေးလွတ်မြောက်ရန် အတော်ကြိုးစားရမည်။ ရုပ်ရည်ချောမောသော၊ အရပ်အမောင်း ကိုယ်လုံးကိုယ်ထည်ကြည့်ကောင်းသော၊ အသားအရည်လှပသော အသက်(၁၆)နှစ်မှ (၂၈)နှစ်ခန့်အရွယ်ကြား အမျိုးသမီးများက ဆိုင်ခန်းကလေးများရှေ့ မီးရောင်အောက်တွင် ဒေသထွက်နေကြာစေ့ကို တဖြောက်ဖြောက်ဝါးရင်း အုပ်စုလိုက်ထိုင်နေကြသည်။ ဆိုင်ရှေ့လမ်းမက ဖြတ်သန်းသွားသူမှာ အမျိုးသမီးဖြစ်နေလျှင် သူတို့က တစ်ချက်တလေလှမ်းကြည့်ရုံအပြင် ဒီထက်ပိုအရေးမစိုက်ကြ။ သို့သော် ထိုဖြတ်သန်းသူသည် အမျိုးသားဖြစ်လေလျှင်တော့ လှမ်းခေါ်ရုံတင်မက၊ လမ်းပေါ်ထွက် ဖိတ်ခေါ်မှုပင်ပြုကြသည်။ နှိပ်ခမှာ ပျမ်းမျှတစ်နာရီလျှင် တရုတ်ယွမ် ၁၀၀ ရှိသည်ဟု ဆိုသည်။
ဘာမဆိုရနိုင်သည့် တောင်ကြားမြို့ကလေးတွင် မြန်မာကျပ်ငွေကို အသုံးမပြုကြပါ။ ငွေလဲလှယ်နှုန်း လက်တလောပေါက်ဈေး တရုတ်ငွေတစ်ယွမ်ကို မြန်မာငွေ ၁၇၀ ကျပ်ဝန်းကျင်ရှိ၏။ ထို့အပြင် မြန်မာစကား မပြောကြပါ။ လမ်းဘေးဈေးဆိုင်မှစ၍ တရားဝင်ရုံးသုံး၊ လုပ်ငန်းသုံးဘာသာစကားမှာ တရုတ်စကားဖြစ်သည်။ ဤအရပ်ရှိ လူတိုင်းတွင် နာမည်စာလုံးပေါင်းနှစ်ခုစီ ပိုင်ဆိုင်ထားကြသည်။ တရုတ်စာ စာလုံးပေါင်းနှင့်တစ်ခု၊ မြန်မာစာလုံးပေါင်းနှင့် တစ်ခုဖြစ်၏။ ကျိုင်းတုံမြို့မှ ၅၆ မိုင်အကွာတွင်သာရှိသော မိုင်းလားမြို့၌ မြန်မာစံတော်ချိန်ကို အသုံးမပြုကြဘဲ မြန်မာထက် ရှေ့တစ်နာရီခွဲတိတိ (မိနစ် ၉၀)စောသော တရုတ်စံတော်ချိန်ကို တရားဝင်သတ်မှတ်သုံးစွဲကြသည်။ တယ်လီဖုန်းနှင့်တကွ အင်တာနက်လိုင်းကိုလည်း ချိုင်းနားမိုဘိုင်းလ်ကွန်ရက်သာ အသုံးပြုကြသည်။ တစ်နေ့လျှင် ဧည့်သည်ထောင်ချီ လည်ပတ်မှုရှိသည်ဆိုသော မိုင်းလားမြို့သို့ လာရောက်သူဧည့်သည်အများစုမှာ အိမ်နီးချင်းတရုတ်အမျိုးသားများ ဖြစ်ကြလေ၏။
၁၉၉၀ ပြည့်လွန်နှစ်များကဆိုလျှင် မိုင်းလားသည် ရုရှားအပျော်မယ်များ၊ ကာဇက်စတန်အပျော်မယ်များ၊ တရုတ်အပျော်မယ်များဖြင့် သွေးဆောင်ရာနေရာအဖြစ် နာမည်ကျော်ခဲ့ဖူးသည်။ လက်ရှိအချိန်တွင်မူ ၎င်းတို့ကို သိပ်မတွေ့ရတော့ဘဲ တရုတ်သွေးနှောသူအများစုကိုသာ တွေ့ရသည်။
မိုင်းလားရှိ ဟိုတယ်တစ်ခုခု၏ ဧည့်ကြိုဌာနသို့ရောက်လျှင် ဝန်ထမ်းက အခန်းသော့တစ်ချောင်းကမ်းပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ အခြားမည်သည့်ဟိုတယ်မျိုးတွင်မဆို ဆောင်ရွက်လေ့ရှိသော လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သည့် မှတ်ပုံတင်ကတ်ပြားတောင်းခံခြင်း၊ နိုင်ငံကူးလက်မှတ်တောင်းခံခြင်းမျိုး ဤအထူးဒေသရှိ ဟိုတယ်များတွင်မရှိပေ။ ရှိသည်ကတော့ ဟိုတယ်တိုင်း၏ အောက်ထပ်ခန်းမ၌ နေရာယူထားသည့် မာကျောက်စားပွဲဝိုင်းများ၊ ဂိမ်းစက်များပင်။ ဟိုတယ်အခန်းတွင်း ခုတင်ဘေး စားပွဲပုလေးပေါ်တွင် ဓာတ်ပုံတစ်ပုံထောင်ထားပြီး မလုံ့တလုံမိန်းမလှတစ်ဦး၏ပုံနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ရေးသားထားသည်။ ထိုအရာက မိုင်းလားရှိ ဟိုတယ်တိုင်းနှင့် အခန်းတိုင်းတွင် ရှိနေသော ဓလေ့ပဲဖြစ်၏။
‘‘ကျွန်တော်တို့မြို့မှာ ဟိုတယ်အခန်းပေါင်း သုံးသောင်းကျော်ရှိတယ်’’ဟု မိုင်းလားအစိုးရအဖွဲ့ဝင် ဦးစိုင်းမောက်ကပြောသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ စာရင်းအရ ၂၀၁၅ မတ်လ ၃၁ ရက်အထိ မြန်မာ့စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ဟိုတယ်အခန်းပေါင်း ၁၃,၉၉၀ ခန်းသာရှိသည်။
ဟိုတယ်အခန်းပေါင်းများစွာရှိနေပြီး အသစ်ထပ်မံဆောက်လုပ်နေဆဲ ဟိုတယ်များလည်းရှိနေသော မိုင်းလားသို့ ဧည့်အဝင်များသည့် အဓိကအကြောင်းရင်းတစ်ရပ်က ကာစီနို(ခေါ်) လောင်းကစားရုံများပဲဖြစ်သည်။ မိုင်းလားမြို့တွင်းသို့ မဝင်ခင် (၇) မိုင်အကွာတွင် Galaxyse အမည်ရှိ ခမ်းနားသားနားသည့် ကာစီနိုရုံအဖြူရောင်အဆောက်အအုံကြီးက ဆီးကြိုနေ၏။ ရှပ်အင်္ကျီအဖြူ၊ စတိုင်ပင်အနက်နှင့် လည်စည်းတို့ကို စမတ်ကျကျဝတ်ထားသော ဆယ်ကျော်သက်ရွယ်အမျိုးသမီး၊ အမျိုးသားကလေးများ အဆောက်အအုံရှေ့တွင် လူးလာခေါက်တုံ့ လှုပ်ရှားနေကြသည်။
‘‘မိုင်းလားဒေသခံရော မြန်မာပြည်မကလာတဲ့ တခြားတိုင်းရင်းသားတွေရော အရွယ်ကောင်းတဲ့ ယောက်ကျားလေး၊ မိန်းကလေး အကုန်လုံးက ဒီမှာပဲ အလုပ်လုပ်နေကြတာ’’ဟု မိုင်းလား-ကျိုင်းတုံ အငှားယာဉ်ပြေးဆွဲနေသူ အသက် (၃၅)နှစ်အရွယ် ဒေသခံစိုင်းလုံးကျောက်ကပြောပြသည်။
ညအချိန် အဝေးမှကြည့်လိုက်မည်ဆိုလျှင် ပိုးစုန်းကြူးအသိုက်ကြီးကို လှမ်းမြင်လိုက်ရသလို အဆောက်အအုံတစ်ခုလုံးတွင်သာမက တောင်နံရံနှင့် သစ်ပင်များထက်တွင်ပါ အရောင်စုံနီယွန်မီးများက ထိန်ထိန်ညီးနေသည်။ ယင်းအဆောက်အအုံကြီးအနီးဝန်းကျင်တွင် အလားတူရောင်စုံအဆောက်အအုံများ နေရာယူထားကြသည်။ ထိုအဝန်းအဝိုင်းကို ‘‘သူဌေးဖြစ် ခွေးဖြစ် ဘုံ’’ဟု အချို့ကတင်စားသည်။ ထိုသီးခြားကမ္ဘာလေးတစ်ခုသည် အိမ်နီးချင်းတရုတ်နိုင်ငံမှ ဧည့်သည်များ ၂၄ နာရီပတ်လုံး အဝင်အထွက်များရာ လောင်းကစားကမ္ဘာတစ်ခုပင် ဖြစ်တော့၏။
တောင်ကြားချောင်းငယ်လေးတစ်ခုသာ ခြားထားသော တစ်ဖက်နိုင်ငံမှ ဒေသဆိုင်ရာအာဏာပိုင်များက မိုင်းလားရှိ လောင်းကစားရုံများနှင့်ပတ်သက်၍ မျက်ကွယ်ပြုထားလေ့ရှိသော်လည်း ရံဖန်ရံခါတွင်မူ ကြားဝင်လေ့ရှိကြောင်း ဖြစ်ပွားခဲ့သော သမိုင်းအဖြစ်အပျက်တချို့အရ တွေ့ရသည်။ ၂၀၀၃ ခုနှစ်က တရုတ်အစိုးရ အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ သမီးဖြစ်သူသည် မိုင်းလားတွင် လောင်းကစားရင်း ယွမ် ၁ ဒသမ ၄ သန်း (မြန်မာငွေ ၂၃၈ သန်းခန့်) ရှုံးနိမ့်ခဲ့ဖူးသည်။ ယင်းကြောင့် တရုတ်စစ်သားအများအပြားက နယ်စပ်ကို ကျော်ဖြတ်ဝင်ရောက်လာပြီး တရုတ်နိုင်ငံသား ဖွင့်လှစ်ထားသော ကာစီနိုရုံငါးရုံကို ပိတ်ပစ်မှုဖြစ်ခဲ့ကြောင်း အေးရှားတိုင်းမ်အွန်လိုင်းက ဖော်ပြခဲ့သည်။
ချမ်းသာကြွယ်ဝသည့် သင်္ကေတများ ၊ အပျော်အပါးထုံမွမ်းသည့် အရိပ်အယောင်များ ဖုံးလွှမ်းလျက်ရှိသော မြို့တွင်းမြို့ပြင် ဆောင်ရွက်ဆဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ အဆောက်အအုံများ ဟိုမှာသည်မှာ နေရာယူနေကြသော ဤမြို့တွင် မြန်မာပြည်မမှလာသော အလုပ်သမားများ အများအပြားရှိနေကြောင်း ဒေသအာဏာပိုင်အစိုးရထံမှ သိရသည်။ အများစုက ဤမြို့တွင် အခြားသူများ မလုပ်ကိုင်လိုကြသည့် အလုပ်ကြမ်းများ၊ အောက်ခြေသိမ်း အလုပ်များကို လုပ်ကိုင်ခွင့်သာရကြသည်ဟု ဆိုသည်။
မိုင်းလား၌ အခြေခံအလုပ်ကြမ်းလုပ်သူများအနေဖြင့် တစ်ရက်လုပ်အားခ ယွမ် ၈၀ မှ ယွမ် ၁၀၀ကြား (မြန်မာငွေ ၁၃၆၀၀ ကျပ်ခန့်မှ ၁၇၀၀၀ကျပ်ခန့်) ရရှိကြသည်ဟု ဆိုသည်။ အလုပ်သမားများအနေဖြင့် မိုင်းလားအုပ်ချုပ်ရေးအဖွဲ့ထံတွင် မှတ်ပုံတင်ရန်လိုအပ်ပြီး ခြောက်လစာအတွက် အလုပ်သမားမှတ်ပုံတင်ကြေး ယွမ် ၂၀ သတ်မှတ်ထားသည်ဟု ဆိုသည်။
အမည်မဖော်လိုသော မိုင်းလားအစိုးရအဖွဲ့ဝင်လူကြီးတစ်ဦး ပြောပြချက်အရ နေပြည်တော်မှ ဗဟိုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတစ်ဦးက မြန်မာပြည်မမှ အလုပ်သမားများ မိုင်းလားဒေသတွင်း ပို့လွှတ်အလုပ်ပေးရန် ကမ်းလှမ်းထားကြောင်း သိရသည်။ မြန်မာအလုပ်သမားများကို မိုင်းလားတွင် အလုပ်လုပ်ခွင့်ပေးရန်၊ မြန်မာလုပ်သမားတစ်ဦးလျှင် လုပ်အားခတစ်ရက် ကျပ် ၂,၅၀၀ သာ အများဆုံးပေးရန် အဆိုပါပြည်ထောင်စုဝန်ကြီးက ကမ်းလှမ်းထားပြီး ထိုနှုန်းမှာ မိုင်းလားဒေသတွင် ပေးနေသော လုပ်အားခနှုန်းနှင့် နှိုင်းယှဉ်တွက်ကြည့်လျှင် အလွန်နည်းပါးနေသည့်အတွက် မိုင်းလားအဖွဲ့ဘက်က လက်ခံရန် အားနာလျက်ရှိသည်ဟု မိုင်းလားအရာရှိတစ်ဦးကပြောကြားသည်။
‘‘ဒီမှာ ဗမာအလုပ်သမား လေးထောင်ကျော်ရှိတယ်’’ဟု NDAA ဗဟိုကော်မတီဝင်လည်းဖြစ်သည့် ဦးစိုင်းမောက်က ပြောပြသည်။
မိုင်းလား
- မိုင်းလားသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ အထူးဒေသ (၄) ၏ အုပ်ချုပ်ရေး၊ စီးပွားရေးမြို့တော်ဖြစ်သည်။ အိမ်နီးချင်းတရုတ်နိုင်ငံတွင် မိုင်းလားစီရင်စုရှိနေ၍ အမည်တူသော မိုင်းလားကို မိုင်းလားကလေး (သို့မဟုတ်) ရှောင်မိုင်းလားဟုလည်း တရုတ်တို့က ခွဲခြားခေါ်ဝေါ်ကြမှုရှိသည်။ အထူးဒေသ (၄) မိုင်းလားသည် ထိုင်းနယ်စပ်မြို့တစ်ခုဖြစ်သော မယ်ဆိုင်မှ ခန့်မှန်းခြေ မိုင် ၁၆၀ ခန့်အကွာတွင်ရှိပြီး ကျိုင်းတုံမြို့မှ ၅၆ မိုင်အကွာတွင် ရှိသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်မြို့ဖြစ်သော ဒါလောင်နှင့်ချောင်းတစ်ခုခြား မျက်နှာချင်းဆိုင်တည်ရှိသည်။ ၁၉၉၀ ပြည့်နှစ်အထိ ဝေးလံခေါင်ဖျား ရွာငယ်ဇနပုဒ်ကလေးတစ်ခုအဖြစ်သာ ရှိခဲ့သော မိုင်းလားသည် လာ့စ်ဗီးဂတ်စ်မြန်မာဗားရှင်းဖြစ်ရန် ပေါ်ထွက်လာခဲ့သည်ဟု ပြောစမှတ်ပြုကြသည်။
- ‘‘အသက်(၆၅)နှစ်ဝန်းကျင်အရွယ် မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်း (အမည်ရင်းမှာ လင်မင်ရှောင်)သည် တပ်နီတော်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကို အားဖြည့်ရန်အတွက် ၁၉၆၀ နှောင်းပိုင်းနှစ်များက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှနေ၍ ဝင်ရောက်လာခဲ့သည်။ သူသည် ဗကပ ဇုန် ၈၁၅ ၏ စစ်မြေပြင်ကွပ်ကဲရေးမှူးတစ်ဦး ဖြစ်လာခဲ့သည်။ ယင်းနေရာသည် လက်ရှိ မိုင်းလားမြို့နေရာပင်ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် အခြေအနေမကောင်းတော့သည့် ဗကပမှ ‘ဝ’က ခွဲထွက်ကြောင်း ကြေညာချိန်တွင် ဦးစိုင်းလင်းကလည်း NDAA အဖွဲ့ကို ဦးဆောင်ခွဲထွက်ခဲ့သည်။ သူသည် ရန်ကုန်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးသည့် ဗကပတပ်မှူးဟောင်းများအနက် တစ်ဦးဖြစ်လာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် ဦးစိုင်းလင်း၏ NDAAအဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ပြီးနောက် ကီလိုမီတာ ၄၉၅၀ အကျယ်အဝန်းရှိ အထူးဒေသ (၄)သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ် ရောက်ရှိခဲ့သည်။ ထို့အပြင် များပြားလှစွာသည့် စီးပွားရေးအထူးလုပ်ပိုင်ခွင့်များ အစိုးရကပေးခဲ့ပြီး ယင်းအနက် အမြတ်အများဆုံးဖြစ်သော ဘိန်းကုန်သွယ်မှုလုပ်ပိုင်ခွင့်ကိုပါ ဖွင့်ဟရန်မလိုသည့် အပြန်အလှန်နားလည်မှုမျိုးဖြင့် ပေးခဲ့ကြောင်း နိုင်ငံတကာက ထောက်ပြခဲ့သည်။
- ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလတွင် ဦးစိုင်းလင်းသည် မြန်မာနိုင်ငံမြောက်ပိုင်း၌ အင်အားအကြီးဆုံး မူးယစ်ဆေးဝါးဆင်ဒီကိတ်များအနက် တစ်ဖွဲ့ကို ဦးဆောင်သူဖြစ်ခဲ့ပြီး နှစ်စဉ် ဟီးရိုးအင်း ကီလိုဂရမ်တစ်ထောင် (သို့မဟုတ်) နှစ်ထောင်ခန့် ထုတ်လုပ်မှုရှိခဲ့ကြောင်း နိုင်ငံတကာအစီရင်ခံစာများက ဖော်ပြခဲ့သည်။ နှစ်ပေါင်းများစွာတိုင်အောင်ပင် ဦးစိုင်းလင်းသည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ စိတ်ကိုပြောင်းလဲစေသောဆေးဝါး ထိန်းချုပ်ရေးမဟာဗျူဟာအစီရင်ခံစာ hitlist စာရင်းတွင် ပါဝင်နေခဲ့သည်။ နောက်ပိုင်းတွင် ကမ္ဘာ့ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသော မူးယစ်ဆေးဝါးတိုက်ဖျက်သုတ်သင်ရေး အစီအစဉ်တစ်ခုကို မိုင်းလား၌ စတင်ခဲ့သည်။
- ၁၉၉၇ ခုနှစ်တွင် မိုင်းလားကို ‘ဘိန်းကင်းစင်နယ်မြေ’အဖြစ် ကြေညာခဲ့သည်။ နောက်သုံးနှစ်အကြာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးစိုင်းလင်းသည် သူ့ဒေသတွင် ဘိန်းစိုက်ပျိုးမှုကင်းစင်အောင် ဆောင်ရွက်ကြောင်း ဖော်ပြခဲ့သည်။
- ၂၀၁၂ ခုနှစ်တွင် သစ်တန်ချိန်တစ်သောင်း ထုပ်လုပ်ခွင့်၊ ရေအားလျှပ်စစ်စက်ရုံများ ဆောက်လုပ်ခွင့်နှင့် ဓာတ်သတ္ထုလုပ်ငန်းများ လည်ပတ်ခွင့်တို့ကို အစိုးရက NDAA အား ပေးခဲ့သည်။
- မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် အစိုးရနှင့် လက်ရှိတိုက်ပွဲဖြစ်ပွားလျက်ရှိသော ကိုးကန့်လက်နက်ကိုင်အဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်ကြားရှင်၏ သမက်ဖြစ်သည်။ ဦးဖုန်ကြားရှင်သည် ၂၀၀၉ ခုနှစ် လောက်ကိုင်တိုက်ပွဲ အရေးနိမ့်ပြီးနောက် မိုင်းလားနယ်အတွင်း တိမ်းရှောင်နေခဲ့သည်ဆိုသော သတင်းများထွက်ပေါ်ခဲ့ဖူးသည်။ ပထဝီဝင်အရ အစိုးရထိန်းချုပ်နယ်မြေ ကျိုင်းတုံမှ ၅၆ မိုင်အကွာရှိ အထူးဒေသ (၄) မိုင်းလား၊ အထူးဒေသ (၂) ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ အထူးဒေသ (၁) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့သည် အစဉ်လိုက်တစ်ဆက်တည်း ထိစပ်တည်ရှိလျက်ရှိသည်။ ပြီးခဲ့သည့် မေလ ၈ ရက် ကျိုင်းတုံတွင် မိုင်းလားဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် ဇနီးဖြစ်သူက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြသည်။
ငြိမ်းငြိမ်းပြည့် - 7day daily
ဤအရပ်ကို အရှေ့တိုင်း၏ လာ့စ်ဗီးဂတ်စ်ဟု အချို့ကတင်စားကြသည်။ အချို့က ဒုစရိုက်မြို့တော်ဟု သတ်မှတ်ကြသည်။ အချို့ကတော့ တရုတ်၏သဗ္ဗအိမ်ပေါက်ဟု ကင်ပွန်းတပ်ကြသည်။ အခြားသော အရိုင်းဆန်သည့် အမည်ပြောင်အမျိုးမျိုးလည်း အပေးခံထားရသော ဤအရပ်သို့ ဝင်ဝင်ချင်းတွင် ‘မိုင်းလားမြို့မှ ကြိုဆိုပါ၏’ဆိုသော စာသားကြီးကို မြင်နိုင်သည်။ မြန်မာအစိုးရကမူ ဤအရပ်ဒေသကို အထူးဒေသ(၄)ဟု တရားဝင်သတ်မှတ်ထားပါသည်။
| မိုင်းလားမြို့ကို အပေါ်စီးမှမြင်ရစဉ် (ဓာတ်ပုံ−ငြိမ်းငြိမ်းပြည့်) |
အထူးဒေသ(၄)၏ မြို့တော်မိုင်းလားသည် သားနားသပ်ရပ်သည့် အဆောက်အအုံများ၊ ဖြောင့်ဖြူးညီညာသည့် လမ်းများ၊ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များ၊ မြန်နှုန်းမြင့်အင်တာနက် အပါအဝင် မြို့ပြအင်္ဂါရပ်နှင့်အညီ အခြေခံအဆောက်အအုံ ကောင်းမွန်သော မြို့တစ်မြို့ဖြစ်သည်။ ဒေသအုပ်ချုပ်ရေးကို အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)က ချုပ်ကိုင်ထားသည်။ မြို့တော်၏ နေရာတကာတွင် အဆင့်မြင့်လက်နက်ကိရိယာများ တပ်ဆင်ကိုင်ဆောင်ထားသော ယူနီဖောင်းဝတ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိနေ၏။ အစိမ်းရောင်ပြောက်ကျားဝတ် စစ်သားများကိုလည်း မကြာခဏမြင်တွေ့နိုင်သည်။ ညချမ်းအချိန် တစ်မြို့လုံးကို ခြုံကြည့်လိုက်ပါက နီယွန်မီးရောင်စုံ ထိန်ထိန်ညီးနေသော ဟိုတယ်များ၊ လောင်းကစားရုံများ၊ အရက်ဘားများ ၊ အနှိပ်ခန်းများ၊ ကလပ်များ ၊ အပျော်မယ်များနှင့် ဂိမ်းဆိုင်များကိုသာ အများဆုံးမြင်ရသည်။ နီယွန်မီးရောင်များဖြင့် တဖျပ်ဖျပ်လက်နေသော ဆိုင်းဘုတ်များက တရုတ်စာလုံးများဖြင့်ဖြစ်သည်။ မြို့တွင်းဘယ်နေရာကနေ လှမ်းကြည့်ကြည့် ဖူးမြင်နိုင်သည့် တောင်ကုန်းမြင့်ပေါ်ပူဇော်ထားသော မြန်မာမှုလက်ရာ ဗုဒ္ဓဘုရားစေတီတော်တစ်ဆူကြောင့် ဤအရပ်သည် မြန်မာနိုင်ငံဘက်ခြမ်း၌ရှိနေကြောင်း မှတ်ယူစရာရှိ၏။
| တောရိုင်းတိရစ္ဆာန်များရောင်းဝယ်သည့်ဆိုင်တစ်ဆိုင် |
တောရိုင်းတိရစ္ဆာန်များနှင့် ထူးထူးဆန်းဆန်း သားရဲများအကြောင်းပြသသော Nat Geo Wild ကဲ့သို့ ရုပ်သံလိုင်းထဲတွင်သာ မြင်ခဲ့ဖူးမည့် မြွေအမျိုးမျိုး ၊ ကျားသားရေ၊ ကျားရိုး၊ ကျားစွယ်၊ မျောက်၊ လိပ်၊ သင်းခွေချပ်၊ ချေ အပါအဝင် အမျိုးမျိုးအဖုံဖုံသော အကောင်ပလောင်အရှင်လတ်လတ်များကို မိုင်းလားရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များ၏ အနောက်ခန်းထဲတွင် အစုလိုက်အပြုံလိုက်တွေ့နိုင်သည်။ မိုင်းလားမြို့မဈေးထဲ တစ်ပတ်လှည့်လိုက်လျှင် ရှားပါးတောတိရစ္ဆာန်နှင့် အစိတ်အပိုင်းများအား ရောင်းချနေသူတို့ကို ဟိုတစ်စုဒီတစ်စု တွေ့ရသည်။ ကျားသားရေပြားချပ်တစ်ခု၏ ပေါက်ဈေးသည် မိုင်းလားတွင် မြန်မာငွေကျပ် သိန်း ၁၇၀ နှင့်ညီမျှသော ယွမ်တစ်သိန်းခန့် ပေါက်ဈေးရှိသည်။
တောရိုင်းတိရစ္ဆာန်နှင့် သဘာဝသစ်တောထွက်အရင်းအမြစ်များ ကူးသန်းရောင်းဝယ်မှု စောင့်ကြည့်ရေးအဖွဲ့အစည်း(TRAFFIC)၏ လေ့လာမှုစစ်တမ်းအရ တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုသည် ယခင် ထိုင်း- မြန်မာနယ်စပ် တာချီလိတ်တွင် အများအပြားရှိရာမှ ယခုအခါ မြန်မာ-တရုတ်နယ်စပ် မိုင်းလား၌ အဓိကဈေးကွက်ဖြစ်ထွန်းနေသည်။
| ဟိုတယ်တစ်ခုအတွင်းတွေ့ရသည့် အပျော်မယ်ကြော်ငြာ |
လက်တွေ့တွင်မူ ရှားပါးတောရိုင်းတိရစ္ဆာန်ရောင်းသူအများစုနှင့် အခြားသော အလားတူလုပ်ငန်းလုပ်ကိုင်နေသူများက ကင်မရာတစ်လုံး၏ ချိန်ရွယ်ခြင်းကို လိုလိုလားလား လက်ခံတတ်ကြသူများထဲတွင် မပါဝင်ပါ။ ထိုသို့ဖြစ်ရခြင်းနှင့် ပတ်သက်၍ သူတို့၌ အကြောင်းပြချက် ကောင်းကောင်းရှိနေသည်။ သတင်းတွင် ဓာတ်ပုံပါလာလျှင် အဖမ်းခံရမည်ဆိုသည့် သတိပေးမှုမျိုး သူတို့ရထားကြသည်ဟု ထုတ်ဖော်ပြောကြားလာ၏။
‘‘ဒါတွေက မြန်မာပြည်ထဲကပဲလာတာ။ ကျွန်မတို့က တစ်ဆင့်ပြန်ရောင်းတာ’’ဟု အမည်ထုတ်ဖော်ရန် ငြင်းဆိုသည့် တိရစ္ဆာန်အစိတ်အပိုင်းရောင်းသူ လမ်းဘေးဈေးသည်တစ်ဦးက မြန်မာစကားသံဝဲဝဲဖြင့် ပြောပြသည်။ ဆေးဖက်ဝင်သည်ဟူသော အယူအဆဖြင့် ဝယ်လိုအားများသည်ကတော့ မြွေအမျိုးမျိုးနှင့် ကျားဝိုင်တစ်မျိုးဖြစ်ပြီး သူတို့၏ ဖောက်သည်များကတော့ တရုတ်နိုင်ငံဘက်ခြမ်းမှ လာရောက်သူတို့ပင်ဖြစ်သည်။
| ရွှေတြိဂံထရိတ်ဒင်းဟိုတယ် |
ဘာမဆိုရနိုင်သည့် တောင်ကြားမြို့ကလေးတွင် မြန်မာကျပ်ငွေကို အသုံးမပြုကြပါ။ ငွေလဲလှယ်နှုန်း လက်တလောပေါက်ဈေး တရုတ်ငွေတစ်ယွမ်ကို မြန်မာငွေ ၁၇၀ ကျပ်ဝန်းကျင်ရှိ၏။ ထို့အပြင် မြန်မာစကား မပြောကြပါ။ လမ်းဘေးဈေးဆိုင်မှစ၍ တရားဝင်ရုံးသုံး၊ လုပ်ငန်းသုံးဘာသာစကားမှာ တရုတ်စကားဖြစ်သည်။ ဤအရပ်ရှိ လူတိုင်းတွင် နာမည်စာလုံးပေါင်းနှစ်ခုစီ ပိုင်ဆိုင်ထားကြသည်။ တရုတ်စာ စာလုံးပေါင်းနှင့်တစ်ခု၊ မြန်မာစာလုံးပေါင်းနှင့် တစ်ခုဖြစ်၏။ ကျိုင်းတုံမြို့မှ ၅၆ မိုင်အကွာတွင်သာရှိသော မိုင်းလားမြို့၌ မြန်မာစံတော်ချိန်ကို အသုံးမပြုကြဘဲ မြန်မာထက် ရှေ့တစ်နာရီခွဲတိတိ (မိနစ် ၉၀)စောသော တရုတ်စံတော်ချိန်ကို တရားဝင်သတ်မှတ်သုံးစွဲကြသည်။ တယ်လီဖုန်းနှင့်တကွ အင်တာနက်လိုင်းကိုလည်း ချိုင်းနားမိုဘိုင်းလ်ကွန်ရက်သာ အသုံးပြုကြသည်။ တစ်နေ့လျှင် ဧည့်သည်ထောင်ချီ လည်ပတ်မှုရှိသည်ဆိုသော မိုင်းလားမြို့သို့ လာရောက်သူဧည့်သည်အများစုမှာ အိမ်နီးချင်းတရုတ်အမျိုးသားများ ဖြစ်ကြလေ၏။
၁၉၉၀ ပြည့်လွန်နှစ်များကဆိုလျှင် မိုင်းလားသည် ရုရှားအပျော်မယ်များ၊ ကာဇက်စတန်အပျော်မယ်များ၊ တရုတ်အပျော်မယ်များဖြင့် သွေးဆောင်ရာနေရာအဖြစ် နာမည်ကျော်ခဲ့ဖူးသည်။ လက်ရှိအချိန်တွင်မူ ၎င်းတို့ကို သိပ်မတွေ့ရတော့ဘဲ တရုတ်သွေးနှောသူအများစုကိုသာ တွေ့ရသည်။
| မိုင်းလားမြို့ရှိ အပန်းဖြေဂိမ်းဆိုင်အချို့ကို တွေ့ရစဉ် |

မှတ်ချက်များ