တကျွန်းကျ အန္တရယ်ရှိထောင်ပြး ၂ ဦးကို အမေရိကန်ရဲ ပိုက်စိပ်တိုက်ရှာဖွေ


အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်က လုံခြုံရေးအဆင့်အမြင့်ဆုံး အကျဉ်းထောင်တခုကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ တသက်တကျွန်းကျ ထောင်ပြေး ၂ ဦးကို အမေရိကန်ရဲလုံခြုံရေးတွေက ဇွန် ၆ ရက်နေ့က ပိုက်စိပ်တိုက်ရှာဖွေနေကြပါတယ်။

၂ ဦးလုံး လူသတ်မှုနဲ့ ထောင်ဒဏ်တသက်တကျွန်း ကျခံနေ ရသူတွေဖြစ်ပြီး အန္တရာယ်ကြီးတဲ့ထောင်ပြေးတွေလို့ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောဆိုပါတယ်။

အသက် ၃၄ နှစ်အရွယ် David Sweat ဆိုသူကတော့ ၂၀၀၂ ခုနှစ်မှာ Broome မြို့နယ်၊ ဒုလုံခြုံရေးမှူးကို သတ်ဖြတ်မှုနဲ့ ပြစ်ဒဏ်လျော့ပေါ့ခွင့်မရှိ ထောင်ဒဏ်တသက်ချခံထားရပါတယ်။

နောက်တဦးကတော့ အသက် ၄၈ နှစ်အရွယ် Richard Matt ဆိုသူဖြစ်ပြီး ၁၉၉၇ ခုနှစ်က လူတဦးကို ပြန်ပေးဆွဲရိုက်နှက် သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် ၂၅ နှစ်ကျခံနေရတာပါ။

သူတို့ ၂ ဦး အခန်းချင်း ကပ်လျက်လည်းဖြစ်ပြီး အခန်းအနောက်မှာ အပေါက်ဖောက်၊ အဲ့ဒီကနေတဆင့် ဖြတ်တောက်ရေးကိရိယာတွေသုံးပြီး ရေဆိုးစွန့်မြောင်းပေါက်ကနေတဆင့် ထွက်ပြေး လွတ်မြောက်သွားတာလို့ ထောင်အာဏာပိုင်တွေက ပြောဆိုပါတယ်။

အခုလို လုံခြုံရေးအဆင့် အမြင့်ဆုံးဖြစ်တဲ့ ကလင်တန်အကျဉ်းထောင်ကနေ စနစ်တကျ ကြိုတင်စီစဉ်ပြီး ထွက်ပြေးလွတ်မြောက်သွားတာဖြစ်လို့ ထောင်ရဲ့ နှစ်ပေါင်း ၁၅၀ သမိုင်းမှာ ပထမဆုံးဖြစ်တယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။

လောလောဆယ် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နဲ့ ရှာဖွေနေပြီး သူတို့ကိုတွေ့ရှိရင် ရဲတပ်ဖွဲ့ကို ချက်ချင်းအကြောင်းကြားဖို့ မြို့ခံတွေကို တိုက်တွန်းထားပါတယ်။

DVB

မှတ်ချက်များ