ပစ္စတိုပစ်နိုင်တဲ့ ဒရုန်းကို ဆယ်ကျော်သက်တစ်ဦး တီထွင်


လူသေစေနိုင်တဲ့ အိမ်တွင်းဖြစ် ဒရုန်းတစ်ခုက တောအုပ်ထဲမှာ ပစ်ခတ်နေတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ရှိလို့လာပါတယ်။

ဒီသရုပ်ပြဗီဒီယိုကို အမေရိကန်၊ ကွန်နက်တစ်ကက် ပြည်နယ်က ဆယ်ကျော်သက်တစ်ဦးက ရိုက်ယူခဲ့ပုံရပါတယ်။ ဒီဗီဒီယိုမှာ ဒလက်၎ခုပါ စက်ရုပ်က သေနတ် ၄ချက်ဆက်တိုက်ပစ်ခတ်ခဲ့တာပါ။

သေနတ်တစ်ချက် ပစ်ခတ်တိုင်းမှာ ဒရုန်းဟာ နောက်ဘက်ကို လွင့်လွင့်သွားပါတယ်။ ဒါပေမဲ့ ၃စက္ကန့်တိုင်းမှာ နောက်ထပ်ကျည်တစ်တောင့်ကို ပစ်လွှတ်ဖို့ တည်ငြိမ်တဲ့အဆင့်ကိုပြန်လည် ရရှိပါတယ်။

ကွန်နက်တစ်ကက်ပြည်နယ်၊ ကလင်တန်မြို့က အသက် ၁၈နှစ်အရွယ် Austin Haughwout ရဲ့ ရိုက်ကူးချက်လို့ ထင်ရတဲ့ ၁၄စက္ကန့်စာ ဗီဒီယိုဖိုင်ကို Youtube မှာတင်ထားခဲ့ပြီး အဲ့ဒီ့နာမည်အကောင့်နဲ့ ပြီးခဲ့တဲ့ အပတ်ကတင်ထားခဲ့တာဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်ကို သူက ‘သေနတ်ပျံ’ (Flying Gun) လို့ အမည်ပေးခဲ့ပြီး အိမ်တွင်းဖြစ် ဒရုန်းပေါ်မှာ ဆီမီးအော်တို ပစ္စတိုကို တပ်ဆင်ထားတယ်လို့ ဖော်ညွှန်းချက်ရေးထားပါတယ်။

လေကြောင်း ဗဟိုအစိုးရ အာဏာပိုင်တွေရဲ့ ဖော်ပြချက်အရ၊ တည်ဆဲဥပဒေတွင် မည်သည့် လေယာဉ်ပျံအမျိုးအစားတွင်မဆို မည်သည့်လက်နက်တပ်ဆင်မှုကိုမျှ မတပ်ဆင်ရန် တားမြစ်ပိတ်ပင်ထားကြောင်း သိရပါတယ်။

( Skyler ) - သစ်ထူးလွင်
Ref : Dailymail


မှတ်ချက်များ