တရားစွဲထားသည့် ထိုင်းရှေ့နေချုပ်ရုံးကို ယဉ်လတ် တန်ပြန် စွဲချက်တင်


သူမအပေါ် စွဲချက်တင် စစ်ဆေးမှု တစ်ခုတွင် မမျှမတ ကိုင်တွယ်ခဲ့ကြောင်း စွပ်စွဲမှုဖြင့် ထိုင်းအစိုးရ ရှေ့နေချုပ်ကို ဝန်ကြီးချုပ်ဟောင်း ယဉ်လတ် ရှင်နာဝပ်ထရာက တရားစွဲဆိုလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်သည့် ယဉ်လတ်သည် စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံခဲ့ရသူ ဖြစ်သည်။ သူမ၏ အစ်ကိုဖြစ်သူ သက်ဆင် ရှင်နာဝပ်ထရာ ဦးစီးသည့် မိသားစုသည် ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ၁၀ နှစ်ကြာ နိုင်ငံရေး ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ယဉ်လတ်သည် သူမ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်က အစိုးရက တောင်သူလယ်သမားများထံမှ ဆန်စပါး ဝယ်ယူသည့် အစီအစဉ် တစ်ရပ်တွင် စီမံကိုင်တွယ်မှု အားနည်းချက်များ ရှိခဲ့ပြီး နိုင်ငံ၏ ဘဏ္ဍာရေး ထိခိုက် နစ်နာခဲ့ကြောင်း တရားစွဲဆို ခံခဲ့ရသည်။ အဆိုပါ အစီအစဉ်တွင် ယဉ်လတ်သည် ၎င်းတို့၏ ပါတီအပေါ် အဓိက ထောက်ခံရပ်တည်သည့် လယ်သမားများထံမှ စပါးကို ပေါက်ဈေးထက် ပိုပေးကာ ဝယ်ယူခဲ့သဖြင့် နိုင်ငံက ဒေါ်လာ ၁၆ ဘီလီယံဖိုးမျှ နစ်နာခဲ့ကြောင်း ပြိုင်ဘက်များက စွပ်စွဲခဲ့သည်။

အဆိုပါ စွဲချက်တွင် ပြစ်မှုထင်ရှားပါက ယဉ်လတ်သည် ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်ခံရနိုင်သည့် အနေအထားမျိုး ကြုံခဲ့ရသည်။ ထိုင်းအစိုးရ ရှေ့နေချုပ်ရုံးက ယဉ်လတ်ကို ဇန်နဝါရီလတွင် စွဲချက်တင်ခဲ့ပြီး ထိုနေ့တွင်ပင် သူမကို နိုင်ငံရေး နယ်ပယ်မှ ၅ နှစ်ကြာ ကင်းကွာနေရမည်ဆိုသော အမိန့်ကိုလည်း ချမှတ်ခဲ့သည်။

စက်တင်ဘာ ၂၉ ရက်တွင်မူ ယဉ်လတ်၏ ဥပဒေ အကျိုးဆောင် အဖွဲ့က အစိုးရ ရှေ့နေချုပ်ရုံးကို တန်ပြန် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ သူမ၏ ရှေ့နေများက အထောက်အထား ခိုင်လုံမှု မရှိဘဲ ရှေ့နေချုပ်က ယဉ်လတ်အပေါ် စွဲချက်တင်ခဲ့ခြင်းဟု တန်ပြန်စွပ်စွဲမှုတွင် ဖော်ပြထားသည်။

ယဉ်လတ်က သတင်းထောက်များထံ ကြေညာချက် ထုတ်ပြန်ရာ သူမအပေါ် အစိုးရ ရှေ့နေချုပ်ရုံး၏ ချဉ်းကပ်ပုံသည် မှားယွင်းပြီး မျှတမှု မရှိကြောင်း ပြောကြားသွားခဲ့သည်။ ထို့အပြင် ဆန်စပါး ဝယ်ယူရေး ကဏ္ဍတွင် သူမအနေဖြင့် ရိုးရိုးသားသား စီမံကိုင်တွယ်ခဲ့ကြောင်းလည်း ယဉ်လတ်က ဆိုသည်။ ယဉ်လတ်၏ စွဲချက်နှင့် ပတ်သက်၍ ရှေ့နေချုပ်ရုံးက ငြင်းဆိုထားသည်။

ယဉ်လတ်သည် ၂၀၁၄ ခုနှစ်၊ မေလတွင် တရားရုံး ဆုံးဖြတ်ချက် တစ်ခုအရ အာဏာအလွဲသုံးစား ပြုခဲ့ကြောင်း စွပ်စွဲ အတည်ပြုခံရပြီး ချက်ချင်းလိုလိုပင် စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။

7day daily

မှတ်ချက်များ