ဘာစီလိုနာ အသင်းသည် ဥရောပ ကလပ်အသင်းများ အဖွဲ့ကြီး (ECA)က ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး ကလပ်အသင်းဆုကို ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။
(၂၀၁၄-၁၅) ဘောလုံးရာသီက လာလီဂါ၊ ကိုပါဒယ်လ်ရေးနှင့် ချန်ပီယံလိဂ် ဆုဖလားများကို သိမ်းကျုံးရယူနိုင်ခဲ့သည့် စပိန်ကလပ်သည် တနင်္လာနေ့ ညပိုင်းတွင် ECA၏ ဂုဏ်ပြုဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ နည်းပြ လူးဝစ်အန်ရီကေး၏ ဘာစီလိုနာနှင့် အဖွင့်ရာသီမှာ အထူးအောင်မြင်ခဲ့ပြီး အဓိက အောင်မြင်မှု ဆုဖလားကြီး သုံးလုံးစလုံးကို ရယူနိုင်ခဲ့သည်။ ဘာစီလိုနာသည် စပိန်စူပါဖလားတွင် အက်သလက်တီကို ဘီလ်ဘာအိုကို ဂိုးပြတ် အရေးနိမ့်ခဲ့သော်လည်း ဂျီနီဗာတွင် ကျင်းပသည့် ဆုပေးပွဲတွင် ၎င်းတို့၏ ပုံရိပ်အပေါ် ထိခိုက်ခြင်း မရှိခဲ့ချေ။
ECA ဆုပေးပွဲတွင် ယူရိုပါလိဂ် ဗိုလ်လုပွဲရောက် ဒီနီပရို အသင်းကို အားကစားကဏ္ဍတွင် တိုးတက်မှု အရှိဆုံး ကလပ်အသင်းဆု ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့အပြင် လူ့အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံး အသင်းအဖြစ် အာဆင်နယ်က ဆုရရှိသည်။ ယင်းသည် ဒေသတွင်း လူငယ်ကစားသမားများ အခွင့်အလမ်း ပိုမိုကျယ်ပြန့်လာအောင် လန်ဒန်အခြေစိုက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သဖြင့် ဆုချီးမြှင့် ခံရခြင်း ဖြစ်သည်။
ECA၏ အခြားဆု တစ်ခုဖြစ်သည့် အတူပူးပေါင်းဆောင်ရွက်မှု ဂုဏ်ပြုဆုကို အက်စ်တိုးနီးယားကလပ် လီဗာဒီယာ တယ်လင်းက ရရှိခဲ့သည်။ အဆိုပါ အသင်းသည် ခွေးလိမ္မာများ၏ အကူအညီဖြင့် လှုပ်ရှားသွားလာနေရသည့် မသန်စွမ်းသူများအတွက် ခွေးနှင့်လူ အတူတကွ ပွဲကြည့်နိုင်မည့် နေရာထိုင်ခင်းများ ပွဲကြည့်စင်တွင် စီစဉ်ပေးခဲ့သည့် လုပ်ရပ်အတွက် ဆုရရှိခြင်းဟု သိရသည်။
Soccer myanmar
Soccer myanmar

မှတ်ချက်များ