ဗြိတိန် နိုင်ငံရဲ့ အသေးငယ်ဆုံး ကာယဗလမောင်


ပုံမှာ မြင်တွေ့ရတဲ့ ပုဂ္ဂိုလ်ကတော့ အရပ် ၄ ပေ ၁၀ လက်မ သာ ရှိတဲ့ ဗြိတိန် နိုင်ငံရဲ့ အသေးငယ်ဆုံး ကာယဗလမောင် Choon Tan ဆိုသူပဲ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်သာ ရှိသေးတဲ့ Choon ဟာ မွေးကတည်းက မျိုးရိုးဗီဇ ပြသနာ ကြောင့် အရိုးဖွံဖြိုးမှု အပိုင်းမှာ ထိခိုက်မှုတွေရှိခဲ့ပြီး ကိုယ်ခန္ဓာ ဖွံဖြိုးကြီးထွားမှု အပိုင်းမှာ နှေးကွေးနေခဲ့တာဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ နှိမ်ချဆက်ဆံခံခဲ့ရပြီး သူ့ရဲ့ မတူညီတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် အမြဲ စနောက်ခံနေရသူဖြစ်ပါတယ်။

ဒါကြောင့် Choon ဟာ သူ့ရဲ့ အရပ်အမောင်းကို မပြောင်းလဲနိုင်ရင်တောင် ခန္ဓာကိုယ်ဖွဲ့စည်းမှုကို ပြောင်းလဲမယ်လို့ ဆုံးဖြတ်ချက်ချကာ ကာယဗလမောင်တစ်ယောက်အဖြစ် ပြောင်းလဲရပ်တည်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

"ငါဟာ လူတိုင်းနဲ့ တူညီတယ်လို့ မခံစားခဲ့ရပါဘူး။ ငါဟာ အဲဒီအချက်ကြောင့် အနှိမ်ခံခဲ့ရပြီး ဆင်းရဲ ဒုက္ခရောက်ခဲ့ရတယ်။ အဲဒီလို ဘ၀ရဲ့ အဆိုးဆုံးအချိန်ဖြစ်ခဲ့တဲ့ နှစ်ပေါင်းများစွာဟာ ငါ့ကို မျက်လုံးဖွင့်ထားတဲ့ ခရီးစဉ်တစ်ခုဆီကို တွန်းပို့နိုင်ခဲ့ပါတယ်။" လို့ Choon Tan က Metro သတင်းဌာန ကို ပြောပြခဲ့ပါတယ်။

နယူးကာဆယ်မြို့မှာ တည်ရှိတဲ့ Northumbria တက္ကသိုလ် က ကျောင်းသားဖြစ်သူ Choon Tan ဟာ သူ့ကိုယ်သူ ယုံကြည်မှုရှိလာဖို့ ကာယဗလ တည်ဆောက်မှုကို စတင်ခဲ့ပြီး တစ်ပတ်ကို ၅ ကြိမ် အားကစားလုပ်ခဲ့ကာ သူ့ရဲ့ အစားအစာ ပုံစံတွေကိုလည်း ပြောင်းလဲခဲ့ပါတယ်။ Choon ရဲ့ ပြောကြားချက်အရတော့ ပြောင်းလဲမှု ဟာ ရုပ်ပိုင်းဆိုင်ရာ သာမကပဲ စိတ်ပိုင်းဆိုင်ရာမှာပါ သက်ရောက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ လက်ရှိမှာဆိုရင် ဗြိတိန် နိုင်ငံရဲ့ ကာယဗလ နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှု အဖွဲ့ချုပ်ရဲ့ ပြိုင်ပွဲမှာပါ ၀င်ရောက်ယှဉ်ပြိုင်နေပြီ လို့ သိရပါတယ်။

Mario - သစ်ထူးလွင်
Ref : Mirror

မှတ်ချက်များ