‘‘ကျွန်တော်တို့လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးသွားပါပြီ။ တကယ်လိုအပ်တာက လေ့ကျင့်ရေးကွင်းမှာရထားတဲ့ ပုံစံကောင်းတွေက ပြိုင်ပွဲကွင်းအထိ သယ်လာနိုင်ဖို့ပဲ လိုတာပါ’’


၂၀၁၆ အတွင်း ဘာရိန်းနိုင်ငံက လက်ခံကျင်းပမည့် အာရှ ယူ- ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲများကို သက်ဆိုင်ရာနိုင်ငံများတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပကြမည် ဖြစ်သည်။ ထို့အတူ အာရှ ယူ-၁၉ ခြေစစ်ပွဲအုပ်စု (ဆ)ပြိုင်ပွဲကို မြန်မာနိုင်ငံက လက်ခံကျင်းပ လျက်ရှိရာ မြန်မာအသင်းမှာ ပြိုင် ပွဲတွင် ဗီယက်နမ်၊ ဘရူနိုင်း၊ ဟောင်ကောင်၊ တီမောအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ခြေစစ်ပွဲအဆင့်တွင် စုစုပေါင်း ၄၃ သင်းပါဝင်ပြီး ငါးသင်းပါ အုပ်စုသုံးခုနှင့် လေးသင်းပါ အုပ်စုခုနစ်ခုခွဲဝေထားသည်။ အုပ်စုတစ်ခုစီမှ အုပ်စု ပထမရရှိသည့် ၁၀ သင်းနှင့် အုပ်စုဒုတိယအကောင်းဆုံး ငါးသင်းမှာ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။မြန်မာအသင်းသည် စက်တင်ဘာ ၃၀ ရက်တွင် ဘရူနိုင်း၊ အောက်တိုဘာ ၂ ရက်တွင် တီမော၊ အောက်တိုဘာ ၄ ရက်တွင် ဟောင်ကောင်နှင့် အောက်တိုဘာ ၆ ရက်တွင် ဗီယက်နမ်တို့နှင့် ယှဉ် ပြိုင်ကစားရမည် ဖြစ်သည်။ အဆို ပါပြိုင်ပွဲမတိုင်မီ 7Day News က မြန်မာယူ-၁၉ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်နှင့် တွေ့ဆုံမေးမြန်း ထားမှုများမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ခြေစစ်ပွဲဝင် မြန်မာ ယူ-၁၉ အသင်းက စုစည်းလေ့ကျင့်ချိန် နှစ်လခန့်သာရရှိခဲ့တဲ့အတွက် နည်းပြချုပ် အတွက် ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။

ဒီထက်ပိုပြီး အချိန်ပိုပြီး ပြင် ဆင်ခွင့်ရခဲ့ရင် ပိုကောင်းမှာပါ။ ထိုင်းအသင်းနဲ့ခြေစမ်းပွဲမှာ ကစားပုံမကောင်းပေမယ့် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို ကျေနပ်အားရမှုရှိပါတယ်။ ထိုင်းအသင်းနဲ့ ခြေစမ်းကစားအပြီးမှာ အသင်းက တိုးတက်မှုတွေရှိလာပါပြီ။ ကျွန်တော်တည်ဆောက်ချင်တဲ့ ပုံစံကိုလည်း ကစားသမားတွေက လိုက်လုပ်နိုင် ပါပြီ။ ဒါပေမဲ့ အသင်းကို ဒုက္ခပေးလာနိုင်ဖွယ်ရှိတာက ပြီးခဲ့တဲ့ရက် ပိုင်းမှာ ကစားသမား ရှစ်ဦးခန့် ၀မ်းပျက်၊ ၀မ်းလျှောဖြစ်ခဲ့လို့ လေ့ကျင့် ရေးမှာ လိုက်မလုပ်နိုင်တာတွေ ရှိခဲ့တယ်။ အခုတော့ အားလုံး ကောင်းသွားပါပြီ။ အားလုံးပြောရရင်တော့ မြန်မာအသင်းက လမ်းမှန်ပေါ်ရောက်နေပြီလို့ ထင်ပါ တယ်။

ရတဲ့အချိန်အတွင်းမှာ ပြင်ဆင်မှု လုပ်ခဲ့ရတဲ့အပေါ် ကျေနပ်မှုရှိရဲ့လား။ အခု ပြိုင်ပွဲနီးမှ ကစားသမား နှစ်ဦးဒဏ်ရာရ (ရဲရင့်အောင်+စိုးမိုးထွန်း)သွားတဲ့အတွက် ပြိုင်ပွဲအတွက် ပြင်ဆင်ရာမှာကော အခက်အခဲရှိခဲ့လား။

ပြင်ဆင်ချိန် နှစ်လနီးပါးရှိခဲ့ တာပေါ့။ ဒီအခြေအနေပေါ်မှာ ကျေနပ်အားရမှုရှိပါတယ်။ ဒဏ်ရာရကစားသမားတွေမှာ စိုးမိုး ထွန်းက ပြိုင်ပွဲကို သေချာပေါက် ပါဝင်ကစားနိုင်မှာပါ။ ရဲရင့်အောင်ရဲ့ အခြေအနေကတော့ စောင့်ကြည့်ရဦးမယ်။ ပါဝင်ကစားနိုင်ဖို့ ရာခိုင်နှုန်း ၅၀ စီပါပဲ။

ပြိုင်ပွဲမှာ မြန်မာအသင်းရဲ့ အဓိက ပြိုင်ဘက်တွေက ဘယ်အသင်းတွေဖြစ်မလဲ။

ဟုတ်ကဲ့။ ဟောင်ကောင်အ သင်းနဲ့ ပတ်သက်တဲ့အကြောင်းကို အင်တာနက်မှာ ဘာမှရှာလို့မရပါ ဘူး။ ဒါပေမဲ့ ဟောင်ကောင်အသင်းက စပိန်အသင်းနည်းပြဖြစ် နေတဲ့အတွက် ဒီအသင်းရဲ့ ကစား ပုံက ဘယ်လိုဖြစ်လာမလဲဆိုတာ နည်းနည်းလေးစိုးရိမ်မှုရှိပါတယ်။ အတို့အထိ ကစားကွက်လေးတွေ နဲ့ စပိန်ကစားဟန်အတိုင်း ပွဲထွက် နိုင်ခြေရှိတယ်။ ဒါပေမဲ့ တရုတ် ကစားသမားတွေနဲ့ဆိုတော့ ဟောင်ကောင်အသင်းကို ကြောက်ရွံ့နေ တာမျိုးတော့ မရှိပါဘူး။ သတိ တော့ ထားရမှာပါ။

 မြန်မာအသင်း ရဲ့ အဓိကပြိုင်ဘက်အသင်းက ဗီ ယက်နမ်အသင်းပါ။ ဗီယက်နမ် အသင်းနဲ့ အာဆီယံချန်ပီယံရှစ်မှာ လည်း တွေ့ဆုံခဲ့ဖူးပါတယ်။ တ ကယ့်ကို တောင့်တင်းတဲ့ အသင်း ပါ။ နောက်တစ်ခုက အာဆင်နယ် လူငယ်အကယ်ဒမီကနေ ထွက် ပေါ်လာတဲ့ ကစားသမားတွေလည်းပါနေတယ်။ အကယ်ဒမီမှာ အ နည်းဆုံး ငါးနှစ်လောက်အတူ တကွလေ့ကျင့်ထားပြီးသားတွေ လို့ ထင်တယ်။ ဒါကြောင့် ဗီယက် နမ်ကတော့ အိမ်ရှင်မြန်မာအသင်းအတွက် အဓိကသတိထားယှဉ် ပြိုင်ရမယ့် အသင်းပါ။

အာဆီယံချန်ပီယံရှစ်မှာ မြန်မာအ သင်းက ဗီယက်နမ်ကို ၂-၀ ဂိုးနဲ့ ရှုံးပြီး တီမောအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တယ်။ အာရှယူ-၁၉ ပြိုင်ပွဲမှာ ကော ဒီအသင်းတွေက မြန်မာကို ထပ်ပြီး ဒုက္ခပေးနိုင်မယ်လို့ ထင် လား။ ပြန်လည်အနိုင်ယူဖို့ကော အဆင်သင့်ဖြစ်နေပြီလား။

ဒါပေါ့။ အဆင်သင့်ဖြစ်ရမယ့်အခြေအနေကို ရောက်နေပါပြီ။ ပြိုင်ပွဲနှစ်ခုကြားထဲမှာ ပြင်ဆင်ချိန် တချို့ရရှိထားပါတယ်။ ကစားသ မားတချို့ကို ပြောင်းလဲထား တယ်။ အမှားတွေကို ပြုပြင်ထား ပါတယ်။ ကျွန်တော်တို့ လုပ်သင့် လုပ်ထိုက်တာတွေ လုပ်ပြီးသွားပါ ပြီ။ တကယ်လိုအပ်တာတော့ လေ့ကျင့်ရေးကွင်းမှာ ရထားတဲ့ ပုံစံ ကောင်းတွေက ပြိုင်ပွဲကွင်းအထိ သယ်လာနိုင်ဖို့ပဲ လိုတာပါ။

ခြေစစ်ပွဲအောင်ဖို့အတွက် ကစား သမားတွေကို ဘယ်လိုစိတ်ဓာတ် မျိုးကို လေ့ကျင့်ပေးထားလဲ။

ခြေစစ်ပွဲအောင်ဖို့ဆိုတာ အားလုံးရဲ့ မျှော်မှန်းချက်ပေါ့။ ဒီအ နေအထားမှာ ကစားသမားတွေကိုတိုက်ရည် ခိုက်ရည်စိတ်၊ ကစားလိုစိတ်မျိုးကို ရိုက်သွင်းပေးထားပါတယ်။ ပြိုင်ပွဲမှာ ယှဉ်ပြိုင်လိုစိတ် လျော့နည်းနေရင် ဘယ်လိုမှ အနိုင်မရနိုင်ပါဘူး။ ပြီးတော့ လေ့ကျင့် ခန်းမှာ ကျေနပ်အားရလောက်တဲ့ ဘောလုံးဖြန့်ဖြူးမှုမျိုးတွေ တွေ့နေရပါပြီ။ ဒီအနေအထားတွေက ပြိုင်ပွဲကွင်းထဲအထိ သယ်ဆောင်လာဖို့ပဲ လိုတာပါ။

ပြီးခဲ့တဲ့ နှစ် အာရှ ယူ-၁၉ ပြိုင်ပွဲမှာ ကျော်မင်းဦး၊ သန်းပိုင်၊ အောင်သူ၊ ငြိမ်းချမ်းအောင်တို့လို ပါရမီရှင် ကစားသမားတွေ ပေါ်ထွက်ခဲ့ တယ်။ လာမယ့်ပြိုင်ပွဲမှာကော ဒီလိုကစားသမားမျိုးတွေ ထပ်မံပေါ်ထွက်လာနိုင်ပါ့မလား။

လက်ရှိအနေအထားမှာ ပါရ မီရှင် (Gifted) ကစားသမားမျိုး တွေ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ဖြစ်လာနိုင်တာမျိုးတော့ ရှိပါတယ်။ဒါကလည်း အချိန်တစ်ခုယူရဦးမှာ ပါ။ ရဲရင့်အောင်၊ စစ်မင်း၊ အောင်ဇင်ဖြိုး၊ အောင်မိုးထွန်းနဲ့ ထူးခန့်လွင်တို့ ဖြစ်နိုင်ခြေရှိပါတယ်။ အောင်ဇင်ဖြိုးက အချိန်တစ်ခုယူ ပြီး လေ့ကျင့်ပေးနိုင်မယ်ဆိုရင် သန်းပိုင်ထက်တောင် ပိုကောင်း လာနိုင်စရာရှိတယ်။ 

ဒါပေမဲ့ အချိန်နှစ်လနဲ့တော့ ပါရမီရှင်ကစားသ မားတွေ ဖြစ်လာနိုင်စရာမရှိပါဘူး။ လက်ရှိအသင်းရဲ့ ကစားသမားတွေက ကလပ်အသင်းပေါင်းစုံက နေလာတာပါ။ ကလပ်အသင်း တစ်ခုချင်းစီကနေ ရိုက်သွင်းထား တဲ့ အယူအဆတွေကို ချက်ချင်းကို ပြောင်းလဲပေးလို့ မရနိုင်ပါဘူး။ အောင်သူတို့အသင်းကတော့ အ ချိန်ကာလ ၂ နှစ်ယူပြီး ပြည်တွင်း၊ ပြည်ပမှာ လေ့ကျင့်ခဲ့တယ်။ ဥရောပအသင်းတွေနဲ့ ခြေစမ်းခဲ့တယ်။ ဒါပေမဲ့ ခြေစစ်ပွဲအောင်ခဲ့ရင် ပြင်ဆင်ချိန် ကိုးလရှိသေးလို့ ဒီအသင်းက လည်း ဘာမဆိုဖြစ်သွားနိုင်ပါ တယ်။

ပြီးခဲ့တဲ့ အာဆီယံပြိုင်ပွဲမှာ ကစားသမားတချို့ရဲ့ စည်းကမ်းပိုင်း၊ စိတ်ဓာတ်ပိုင်းကို နည်းပြကြီးက အားမရဘူးလို့ ကြားရပါတယ်။ လက်ရှိအခြေအနေကိုကော။

ပြီးခဲ့တဲ့ပြိုင်ပွဲမှာ အသင်းမှာ ပြဿနာရှိခဲ့တာမဟုတ်ပါဘူး။ ကစားသမားတစ်ဦးချင်းမှာဖြစ်နေတဲ့ ပြဿနာပါ။ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကလည်း Yellow Media တွေကနေ ပျံ့နှံ့ခဲ့တာပါ။ ကစားသမားတစ်ဦးချင်းကို စည်း ကမ်းလိုက်နာဖို့ ကျွန်တော်ပြောခဲ့ ပါတယ်။ မလိုက်နာတဲ့ ကစားသ မားကို အသင်းကနေ ထုတ်ပယ်ခဲ့ တာပါ။

ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့် ထားတာက အုပ်စုပထမနေရာလား၊ ဒုတိယနေရာနဲ့လား။

ဗီယက်နမ်နဲ့ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲမတိုင်မီမှာ သေချာပေါက် ကိုးမှတ်ရထားဖို့ လိုအပ်ပါတယ်။ ရဖို့အတွက်လည်း အကောင်းဆုံး ကြိုးစားမှာပါ။ ဒါဆိုရင် ဘာရိန်းကို သွားခွင့်လက်မှတ်တစ်စောင်ကို အမိအရဆုပ်ကိုင်နိုင်ပါပြီ။ ဗီယက် နမ်နဲ့ နောက်ဆုံးပွဲစဉ်ကလည်း အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်လာမှာ ပါ။ ဗီယက်နမ်ရဲ့ ခြေစွမ်းက အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲထက် ပိုကောင်းလာမယ်လို့ ထင်တယ်။ ဒါပေမဲ့ သူတို့အသင်းဘယ်လိုကစားလဲဆိုတာကို ရှေ့မှာ ကစားတဲ့ပွဲတွေကို အကဲခတ်စောင့်ကြည့်သွားမှာပါ။

ပွဲဦးထွက် ဘရူနိုင်းနဲ့ပွဲစဉ်က ကွင်းပိတ်ပြစ်ဒဏ်ကြောင့် ပရိသတ်မပါ ဘဲ ကစားရမှာနော်။ ဒီအတွက် အ သင်းရလဒ်အပေါ် ထိခိုက်နိုင်ပါသ လား။

တကယ်တော့ ပရိသတ်က ကျွန်တော့်အသင်းရဲ့ အဓိကအား တစ်ခုပါပဲ။ ခြေစစ်ပွဲအောင်မြင်ဖို့ အတွက် ပရိသတ်တွေရဲ့ အားက အများကြီးအရေးပါပါတယ်။ အ ဖွင့်ပွဲမှာ ပရိသတ်မပါဘဲ ကစားရတာက အသင်းအတွက် နစ်နာပါ တယ်။ ဘရူနိုင်းနဲ့ပွဲမှာ ကျွန်တော် တို့ ခြေစွမ်းကောင်းပြနိုင်ခဲ့ရင် လက်ကျန်ပွဲတွေမှာ ပရိသတ်တွေအများ အပြားလာရောက်အားပေးမယ် လို့ ယုံကြည်ပါတယ်။ 

ပရိသတ် အားနဲ့ဆို ကျွန်တော်တို့ ခြေစစ်ပွဲ အောင်နိုင်မှာပါ။ အုပ်စုအဖွင့်ပွဲမှာ ပရိသတ်တွေ ကွင်းထဲဝင်ခွင့်မရ ပေမယ့် ကွင်းအပြင်မှာ ပရိသတ် တွေ စုစည်းကြည့်ရှုနိုင်ဖို့ ဘောလုံး အဖွဲ့ချုပ်က တစ်ခုခုစီစဉ်ပေးနိုင် ရင် ကောင်းပါမယ်။ ဥပမာ- ကွင်း ပြင်ပမှာ တီဗီကြီးတွေထောင်ပြီး ပရိသတ်တွေ စုစည်းကြည့်ရှုနိုင်အောင် လုပ်ပေးတာမျိုးပေါ့။ ဒီလို သာဆိုရင် ကွင်းထဲမှာ ပရိသတ်မရှိ ပေမယ့် ပရိသတ်တွေရဲ့ အသံတွေကို ကျွန်တော့်ကစားသမားတွေ ကြားနိုင်ပြီး ကစားရတာ အားရှိပါ လိမ့်မယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

7day daily

မှတ်ချက်များ