ဖန်သားပြင်နှစ်ခုနဲ့ selfie ကင်မရာနှစ်ခုပါဝင်တဲ့ V10 ဖုန်းမော်ဒယ်အသစ်ကို LG မိတ်ဆက်ပြသ
စက်တင်ဘာလဟာ နာမည်ကြီးဖုန်းအသစ်ကြေငြာချက်တွေနဲ့ ပြည့်နှက်နေပြီး LG ဟာ လမကုန်ခင်လေးတင် စက်တင်ဘာလရဲ့ ဖုန်းပါတီထဲ ၀င်ရောက်ခဲ့ပါတယ်။ LG ဟာ V10 လို့ နာမည်ပေးထားတဲ့ ဖုန်းကို နယူးယော့စ်စီးတီးမှာပြုလုပ်မယ့် ပြပွဲမတိုင်ခင် တစ်ရက်အလို မှာတင် စတင်မိတ်ဆက်လိုက်ပါတယ်။
ဒီဖုန်းဟာ LG ရဲ့ ပထမဆုံး V စီးရီးဖြစ်ပြီး ဖုန်းကိုယ်ထည်ကို ပလတ်စတစ် အစား ပိုအရည်အသွေးကောင်းတဲ့ စတိန်းလက်စတီးနဲ့ ဆီလီကွန်တို့ နဲ့ သုံးထားပါတယ်။
အထူးခြားဆုံးအနေနဲ့ ဖုန်းမျက်နှာပြင်မှာ စခရင်နှစ်ခုပါဝင်လာပြီး ၅.၇ လက်မအရွယ် QHD အဓိက ဖန်သားပြင် display ရဲ့အပေါ်ဘက်လေးမှာ အမြဲတမ်းပါဝါပွင့်နေမှာတဲ့ ဖန်သားပြင်လေးတစ်ခု ထပ်တိုး ပါဝင်လာပါတယ်။ အဓိကစခရင် ပါဝါပိတ်ထားရင်တောင်၊ အရန်စခရင်ကနေ app တွေကို အမြန်ဝင်နိုင် တာ၊ favorite contact တွေ ကြည့်နိုင်တာ၊ Notification တွေ ယူထားနိုင်တာတွေကို လုပ်နိုင်ပါတယ်။
နောက်ထပ် ထူးခြားတာက အရှေ့ ကင်မရာနှစ်လုံးပါဝင်လာခြင်းဖြစ်ပါတယ်။ ကင်မရာနှစ်လုံးလုံးဟာ 5MP စီရှိပြီး ကင်မရာတစ်လုံးက ၁၂၀ ဒီဂရီ ထောင့်ကျယ်ရိုက်နိုင်ကာ၊ နောက်တစ်လုံးကတော့ ၈၀ ဒီဂရီရိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကင်မရာနှစ်လုံးကြောင့် 3D ပုံရိပ်တွေ ရိုက်နိုင်မှာမဟုတ်ပေမယ့် V10 မှာ ဒီ lens နှစ်လုံးက တစ်ပြိုင်တည်း ရိုက်ထားတဲ့ပုံတွေကို ပေါင်းစည်းပေးနိုင်တဲ့ ဆော့ဖ်ဝဲပါရှိတယ်လို့ LG က ဆိုပါတယ်။
V10 ဟာ LG G4 နဲ့ ကင်မရာ 16 MP တူတူပဲဖြစ်ပြီး ဗီဒီယိုရိုက်ကုးမှာတော့ 4K video တွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒီ့အပြင် shutter speed၊ ISO၊ white balance၊ focus နဲ့ frame rate တွေကို အသုံးပြုသူတွေအနေနဲ့ စိတ်တိုင်းကျပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
LG V10 ကို တောင်ကိုရီးယားမှာ ယခုလအတွင်း ၀ယ်ယူရရှိနိုင်မှာဖြစ်ပြီး မကြာခင်မှာ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ တစ်ချို့ နိုင်ငံတွေမှာ ၀ယ်ယူသွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အရောင် ငါးရောင် နဲ့ လာမှာဖြစ်ပြီး 64 GB storage ရှိကာ microSD ကတ်ကနေ 2TB အထိ ထပ်စိုက်လို့ ရမှာဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ LG က ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
Ye Wint - သစ်ထူးလွင်
Ref : The Verge

မှတ်ချက်များ