သျှမ်း/အလယ်တွင် အစိုးရတပ်နှင့် SSPP/SSA တို့ယနေ့ ပစ်ခတ်မှုဖြစ်ပွါး
သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်မြို့နယ်ခွဲအတွင်း ယနေ့မနက်ပိုင်းက အစိုးရစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်တို့ ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်းသိရ သည်။
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်နှင့် အစိုးရစစ်တပ် မိုင်းပန်အခြေစိုက် ခမရ ၅၂၀ နှင့် ခလရ ၁၁၇ တို့အကြား တိုက်ပွဲဖြစ်ပွါး ခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။
“ မိုင်းနောင်အရှေ့ဘက် ၅ မိုင်အကွာ နမ့်ပန်ချောင်းကမ်းဘေး တာ့ဆမ် ပူး အောက်ဘက်က တာ့ခမ့်ကူးတို့ဆိပ်အနီးမှာဖြစ်တာ။ ကွန်ကောက် အုပ်စုဝင် ဝမ့်နောင်ခိတ် နားပေ ရွာ ဝမ့်တူယားရွာ နားမှာဖြစ်တာ။ ၈ နာရီခွဲမှာ စတင်ပစ်ခတ်တယ်။ ပစ်ခတ်သံတော့သိပ်မကြာပါဘူး” ဟု မိုင်းနောင်မှဒေသခံများကပြောသည်။
ထိခိုက်သေဆုံးမှုတော့ မသိရှိရသေးပေ။
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်းဌာနချုပ် အနီးဝန်း ကျင် ဒေသ များ၌ အစိုးရတပ်များ ပိုမိုများပြားအင်အားဖြည့်တင်းလာ ရာ မိုင်းရယ်မြို့နယ် နှင့် ကျေးသီးမြို့နယ်ကြားရှိ နမ့်ပုတ် တပ်စခန်းတွင်လည်း မိုင်းပန်မြို့အခြေစိုက် စကခ ၁၇ လက်အောက်ခံ ခမယ ၅၇၅ က လာရောက် အစားထိုးနေထိုင်ကြောင်းလည်း သိရသည် ။
ထို့အပြင် လဲချားမြို့ နယ် အရှေ့မြောက်ဘက် စလိုင်းခုံ ၌ စစ်ကြောင်း တကြောင်း ၊ ကွန်ဟိန်း - ကာလိ ဘက်မှ အင်အား ၂၀၀ ကျော်ရှိ စစ်ကြောင်း တကြောင်း ဝမ့်ဟိုင်းဌာနချုပ်ဘက် ဦးတည်နေသည်ဟု လည်း သိရသည် ။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တပြည်လုံးအပစ်ရပ်ရေးလက်မှတ်ရေးထိုးရေး အတွက် ဆွေးနွေးနေစဉ်အတွင်း ထိုသို့တိုက်ပွဲဖြစ်ပွါးခဲ့ သည်။
အားလုံးပါဝင်မှ လက်မှတ်ထိုးမည်ဆိုသည့် တပ်ဖွဲ့များသည် SSPP/SSA အပါအဝင် ကချင် KIA ၊ ကရင်နီ KNPP ၊ မွန် MNSP တို့ပါဝင်သည့် တပ်ဖွဲ့ ၁၀ ဖွဲ့ရှိသည် ။ ထို့အထဲတွင် မပါဝင်သည့် မိုင်းလား နှင့် ၀ တို့လည်း လက်မှတ်ရေးထိုးရေးအတွက် ငြင်းဆန်ထားသည့် တပ်ဖွဲ့များဖြစ်သည် ။
မြောက်ပိုင်းသျှမ်းပြည်တပ်မတော် အမည်ရ SSPP/SSA သည် ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက် က မြန်မာအစိုးရ နှင့် ပြည်နယ် (ပဏာမ)အဆင့် ၊ ပြည်ထောင်စု အဆင့် အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် အင်အားကြီး သျှမ်းလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည် ။
သျှမ်းသံတော်ဆင့်

မှတ်ချက်များ