နွားနို့တစ်ခွက်
တစ်နေ့မှာပေါ့… အလွန်ဆင်းရဲတဲ့ကောင်လေးတစ်ယောက်ဟာ ကျောင်းစရိတ်ရဖို့အတွက် တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ ကုန်ပစ္စည်းတွေလိုက်ရောင်းနေခဲ့ပါတယ်… သူ့လက်ထဲမှာ ပစ္စည်းတစ်ခုပဲ ကျန်ပြီး ဗိုက်ကလည်း အရမ်းဆာနေပါတယ်… နောက်တစ်အိမ်ရောက်ရင် တစ်ခုခုတောင်းစားဖို့ သူဆုံးဖြတ်ထားပါတယ်…
ဒါပေမဲ့ တံခါးဖွင့်လာတဲ့ ချစ်စရာမိန်းမပျိုလေးကို မြင်လိုက်တဲ့အခါမှာတော့ သူရှက်သွားပါတယ်… ဒါကြောင့် စားစရာတောင်းစားမယ့်အစား ရေတစ်ခွက်ပဲ သူတောင်းသောက်လိုက်ပါတယ်… သူ့ပုံစံက အရမ်းဆာနေမှန်းသိသာတော့ မိန်းကလေးက နွားနို့ခွက်ကြီးတစ်ခွက်ယူလာပြီး တိုက်ပါတယ်…
သူက ဖြည်းဖြည်းချင်းသောက်ပြီးမေးလိုက်တယ်… “ကျွန်တော် ခင်ဗျားအပေါ် ဘယ်လောက် အကြွေးတင်သွားပြီလဲ…”
“ရှင်ဘာမှ ပြန်ပေးစရာမလိုပါဘူး…” မိန်းကလေးက ပြန်ပြောတယ်… “မေမေက ကျွန်မတို့ကို မေတ္တာနဲ့ကူညီပြီးရင် ဘာမှပြန်မယူရဘူးလို့ သင်ထားတယ်ရှင့်…”
သူကပြောတယ်… “ဒီလိုဆိုရင်လည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ဗျာ…”
နှစ်ပေါင်းများစွာကြာတဲ့တစ်နေ့မှာ မိန်းကလေးဟာ အသည်းအသန်နေမကောင်းဖြစ်ပါတော့တယ်… သူမတို့မြို့ကဆရာဝန်တွေဟာ သူမကိုဘယ်လိုကုရမှန်းမသိလောက်အောင် အခြေအနေဆိုးလာခဲ့ပါတယ်… နောက်ဆုံးတော့ တွေ့ရခဲတဲ့ သူမရောဂါကို အထူးပြုကုသနိုင်တယ့် အထူးကုဆရာဝန်ကြီးတွေရှိတဲ့ မြို့ကြီးကို ပို့လိုက်ကြပါတယ်…
အထူးကုဆရာဝန်ကြီးဟာ လူနာရောဂါကုသဖို့အတွက် ဆွေးနွေး တိုင်ပင်တဲ့ နေရာကို ရောက်ရှိလာပါတယ်… သူမလာခဲ့တဲ့ မြို့နာမည်ကိုကြားလိုက်တဲ့အခါ သူ့မျက်လုံးတွေမှာ ထူးခြားတဲ့အရိပ်အရောင်တွေ ပြည့်နှက်သွားတယ်…
သူကချက်ချင်းထရပ်လိုက်ပြီး ဆေးရုံခန်းမကြီးထဲကနေ သူမရဲ့အခန်းဆီကို ထွက်သွားတယ်… သူမကိုကြည့်ဖို့အတွက် ဆရာဝန်ဝတ်ရုံကို ကောက်ဝတ်ပြီး အခန်းထဲဝင်လိုက်တယ်…
သူမကိုမြင်တာနဲ့ သူချက်ချင်းမှတ်မိလိုက်တယ်… သူမအသက်ကို ကယ်နိုင်ဖို့ အကောင်းဆုံးကြိုးစားမယ်လို့ သူဆုံးဖြတ်လိုက်တယ်… အဲ့ဒီနေ့ကစပြီး သူမရဲ့ရောဂါကို အစွမ်းကုန်ကြိုးစားကုသပါတော့တယ်…
အချိန်ကာလအတန်ကြာ ရုန်းကန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့တိုက်ပွဲ အောင်မြင်သွားခဲ့ပါတယ်… ဆေးရုံရုံးခန်းကနေ လူနာအတွက်ကုန်ကျငွေစာရင်းကို အထူးကုဆရာဝန်ကြီးက တောင်းယူ လိုက်တယ်… ငွေစာရင်းကိုတစ်ချက်ကြည့်ကာ စာရွက်ထောင့်မှာ တစ်စုံတစ်ခုကိုချရေးပြီး သူမအခန်းကို သွားပို့ခိုင်းလိုက်တယ်…
သူမက ငွေစာရင်းကို ဖွင့်မကြည့်ရဲဘူး… ဒီလောက်ငွေပမာဏကို ပြန်ပေးဆပ်နိုင်ဖို့ သူမရဲ့ ကျန်တဲ့သက်တမ်းတစ်လျှောက်လုံး ကြိုးစားသွားရမယ်ဆိုတာကို သူမသိနေခဲ့တယ်လေ…
နောက်ဆုံးတော့ သူမဖွင့်ကြည့်လိုက်တယ်… ငွေစာရင်းစာရွက်ရဲ့ ထောင့်တစ်နေရာက တစ်စုံတစ်ခုဟာ သူမကို ဖမ်းစားသွားခဲ့ပါတယ်… စာလုံးလေးတွေကို သူမ စပြီး ဖတ်လိုက်တယ်…
“နွားနို့တစ်ခွက်ဖြင့် အပြည့်အဝပေးချေပြီး”

မှတ်ချက်များ