တနှစ်တိတိ ချစ်သူကို နေ့တိုင်း လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား


ကိုယ်ရဲ့ချစ်သူမိန်းကလေးကို လက်ထပ်ခွင့်တောင်းတဲ့ ဖြစ်ရပ်တွေ အများကြီးဖြစ်ပါတယ်။ ဒီအထဲက မှ ဒန်စမစ်သ် ဆိုသူအမျိုးသားရဲ့ လက်ထပ်ခွင့်တောင်းနည်းကတော့ ထူးခြားပါတယ်။ တစ်နှစ်တာလုံးလုံး နေ့စဉ်ရက်ဆက် သူ့ရဲ့ချစ်သူကို လက်ထပ်ခွင့်တောင်းတဲ့ ပုံစံအမျိုးမျိုးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကို ၃၆၅ ရက်လုံးလုံး နေ့စဉ်ဗီဒီယိုမှတ်တမ်းတင်ထားခဲ့ပြီး သူ့ချစ်မိန်းကလေးဟာ လုံးဝမသိခဲ့ပါဘူး။

White board ပေါ်မှာ ‘‘ မင်းငါ့ကို လက်ထပ်နိုင်မလား ’’ ဆိုတဲ့ စာသားကို ကိုင်ဆောင်ပြီး နေ့စဉ်အမူအရာ အမျိုးမျိုးနဲ့ သရုပ်ဆောင်ထားတာကို ဗီဒီယိုမှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။ မနက်စာစားတဲ့အချိန်တွေ၊ အလုပ်လုပ်တဲ့အချိန်တွေ၊ ခွေးနဲ့ လမ်းလျှောက်ထွက်တဲ့အချိန်တွေမှာသာမက ရေချိုးနေတဲ့အချိန်နဲ့ သွားတိုက်တဲ့ အချိန်တွေမှာတောင် အမူအရာ အမျိုးမျိုးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ ‘‘ ဂျနီဖာက YouYube ပေါ်မှာ စုံတွဲတွေ လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုတွေကြည့်ပြီး သဘောကျနေတာလေ။ အမြဲတမ်းလည်း ဒါတွေကြည့်ပြီး မျက်ရည်ကျတယ်’’ လို့ စမစ်သ်က သူ့ချစ်သူအကြောင်းကို ပြောပြပါတယ်။

သူ့ရဲ့ချစ်သူဂျနီဖာဟာ ဒီလိုရိုမန့်တစ်ဆန်တဲ့ လက်ထပ်ခွင့်တောင်းတာကို နှစ်သက်တဲ့သူဖြစ်တာကြောင့် ဒီလို လက်ထပ်ခွင့်တောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ စမစ်သ်က ပြောပါတယ်။ ဂျနီဖာရဲ့ အသက် ၂၆ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၈ ရက်၊ ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုဖိုင်ကို ပြသခဲ့တာဖြစ်ပါတယ်။ စမစ်သ် လျှို့ဝှက်ကြံစည်ထားတဲ့ ဒီအစီအစဉ်မှာ တစ်နှစ်တာလုံး သူ့ချစ်သူရဲ့ မိသားစုက ပါဝင်ကူညီပေးခဲ့တာပါ။ ‘‘ ဗီဒီိယိုကကြည့်ပြီး ဒန်စမစ်သ်ဘက်ကို ကျွန်မလှည့်လိုက်တော့ နှစ်ယောက်စလုံး မျက်ရည်တွေက သူ့အလိုလို စီးကျလာတော့တာပါပဲ’’ လို့ မိန်းကလေး ဂျနီဖာကပြောပါတယ်။

Planet Myanmar

မှတ်ချက်များ