ISIS တိုက်ခိုက်ရေးသမားတွေဟာ အဖက်တမင်း ပါဝင်တဲ့ WY ကဲ့သို့သော စိတ်ကြွ ဆေးပြားတွေ သုံးစွဲနေကြ
ISIS လက်နက်ကိုင် တိုက်ခိုက်ရေးသမားတွေဟာ ရက်ပေါင်းများစွာ နိုးကြားတက်ကြွနေဖို့ အတွက် ဈေးပေါပြီး လုပ်ရလွယ်ကူတဲ့ အဖက်တမင်းဆေးပြားတွေကို သုံးနေကြတယ်လို့ သိရပါတယ်။
Captagon လို့ ခေါ်တဲ့ အလွန်အမင်းစွဲလန်းစေတဲ့ ဒီဆေးပြားတွေကို ဆီးရီးယားနိုင်ငံမှာတင် ထုတ်လုပ်နေပြီး အရှေ့ အလယ်ပိုင်းဒေသတစ်လျှောက်မှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။ ဒီ တရားမ၀င်မူးယစ်ဆေး ရောင်းချရမှုက စစ်ကြောင့်ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့ ဆီးရီးယားနိုင်ငံကို ဒေါ်လာသန်းပေါင်းများစွာ ရှာပေးနေပြီး ဒီငွေအများစုကို လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ၀ယ်ယူရာမှာ ပြန်လည်အသုံးပြုနေတယ်လို့  သိရပါတယ်။
ဒီ့အပြင် နှစ်ဖက်လုံးက တိုက်ပွဲဝင်စစ်သားတွေဟာ မရပ်မနားတိုက်ခိုက်နိုင်ဖို့ အတွက် ဒီစိတ်ကြွရူးသွပ်ဆေးကို သုံးစွဲနေကြတယ်လို့ Reuters နဲ့ Time မဂ္ဂဇင်းတို့ ရဲ့ စုံစမ်းလေ့လာမှုတွေအရ သိရပါတယ်။
ဒီမူးယစ်ဆေးကို ၁၉၆၀ ခုနှစ်မှာ အနောက်နိုင်ငံတွေမှာ စတင်ထုတ်လုပ်ခဲ့ပြီး ဂနာမငြိမ်ခြင်း၊ narcolepsy ခေါ် အအိပ်လွန်ရောဂါ နဲ့ စိတ်ကြွရောဂါတွေကို တိုက်ဖျက်တဲ့နေရာမှာ သုံးခဲ့ကြတယ်။ ဒါပေမယ့် ၁၉၈၀ ပြည့်နှစ် တွေမှာတော့၊ ဆေးရဲ့ စွဲလမ်းမှုမြင့်မားခြင်းကြောင်း နိုင်ငံအများအပြားမှာ ပိတ်ပင်လိုက်ပြီး တရားဝင် ဆေးဘက်ဆိုင်ရာသုံးမူးယစ်ဆေးအဖြစ် မသုံးကြတော့ဘူးလို့ သိရပါတယ်။
“ဒီဆေးမှာအဓိကပါဝင်တဲ့ fenethylline ဆိုတဲ့ဓာတုဒြပ်ပေါင်း ခန္ဓာကိုယ်က ဓာတ်ပြုတဲ့အခါ amphetamine နဲ့ theophylline ဆိုတဲ့ စိတ်ကိုတက်ကြွစေတဲ့ဓာတ်နှစ်မျိုးအဖြစ် ခန္ဓာကိုယ်အတွင်းမှာပြောင်းသွားတယ်။ ဒီဆေးဟာ စိတ်ကြွဆေး တွေရဲ့ လက္ခဏာမျိုးတွေရှိပြီး စိတ်ကအလိုလိုရွှင်လန်းနေတာ၊ စကားတွေများလာတာ၊ မအိပ်၊မစားနေတာ၊ အားပြည့်လန်းဆန်းနေတာ စတဲ့ ခံစားမှုတွေပေးတယ်” လို့ လက်ဘနွန်လူမျိုးစိတ်ရောဂါအထူးကုဆရာဝန် Ramzi Haddad က ရှင်းပြပါတယ်။
ဒီဆေးတွေဟာ ထုတ်လုပ်ရလွယ်ကူကာ အခြေခံဓာတုဗေဒအသိရှိတာနဲ့ ရပြီး ဆီးရီးယားမှာ ၅ ဒေါ်လာကနေ ဒေါ်လာ ၂၀ ကြား ရောင်းချလျက်ရှိပါတယ်။
Ye Wint - သစ်ထူးလွင်
Ref: Dailymail

မှတ်ချက်များ