အင်ဒိုနီးရှားနိုင်ငံသား ၈ဝဝ ဦး ISIS အဖွဲ့သို့ဝင်ရောက် ၅၂ ဦးသေဆုံးခဲ့ဟုဆို


အင်ဒိုနီးရှား နိုင်ငံသား ၈ဝဝ ဦးသည် ISIS အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ၄င်းတို့အနက် ၅၂ ဦးမှာ သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ ၃ဝ ရက်တွင် ပြောကြား ထားကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။

ထို့ပြင် အဆိုပါ လူ ၈ဝဝ ဦးအနက် ၂၈၄ ဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်း စုံစမ်းဖော်ထုတ် နိုင်ခဲ့ကြောင်း အင်ဒိုနီးရှား လုံခြုံရေး ဆိုင်ရာ အကြီးအကဲ လူဟတ်ပန်ဂျေတန် က ထုတ်ဖော် ပြောကြား ထားသည်။

''ကျွန်တော်တို့ အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ အတွင်းရှိ စစ်သွေးကြွ အဖွဲ့မှာ နိုင်ငံခြားသားများ ပါဝင်နေတာကို စုံစမ်းတွေ့ရှိ ခဲ့ပြီး ၄င်း အဖွဲ့ဝင်များ ကိုလည်း ဖမ်းဆီးထိန်းသိမ်း ထားပါတယ်။ ဒါ့အပြင် ISIS အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့ဟာ နိုင်ငံအတွင်း စစ်သွေးကြွ အဖွဲ့ဝင် စုဆောင်းရေး အတွက် နည်းလမ်းပေါင်းစုံ အသုံးပြုလျက် ရှိနေပါတယ်'' ဟု ပန်ဂျေတန် က ပြောကြားသည်။

ISIS အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့ဝင် အင်ဒိုနီးရှား နိုင်ငံသား ၈ဝ ဦးသည် မကြာသေးမီ ရက်ပိုင်းက နိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက် လာကြောင်း သတင်းရရှိ ထားသောကြောင့် အစိုးရ အနေဖြင့် ဖြစ်ပေါ် လာနိုင်သည့် အကြမ်းဖက် တိုက်ခိုက်မှုများ အတွက် အမြင့်ဆုံး အဆင့် လုံခြုံရေး သတိပေးချက်ကို ထုတ်ပြန် ထားကြောင်း သိရသည်။

PyiChitThar

မှတ်ချက်များ