ပုဂံမြို့ဟောင်းအား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ရေးအတွက် စတင် လုပ်ဆောင်နေ


ပုဂံ ၊မြောက်ဦး ၊အင်းဝ စသော ရှေးဟောင်း မြို့တော်များ အနက် ပုဂံမြို့ဟောင်းကို ကမ္ဘာ့ အမွေအနှစ် စာ ရင်းဝင် ဖြစ်ရေး အတွက် ယခု နှစ်အတွင်း စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ပြောသည်။

ယမန်နေ့က ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ သပိတ်ကျင်း မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညွန့် က မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တကောင်း၊ ပုဂံ၊ အင်းဝ၊ မိုင်းမော၊ ပျူ မြို့ဟောင်း များနှင့် ရခိုင်ပြည်နယ် မြောက်ဦး ဒေသများကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် ဆောင် ရွက်ရန် ရှိမရှိ မေးမြန်းမှုကို ဒေါ်စန္ဒာခင်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ သပိတ်ကျင်း မြို့နယ်က တကောင်း၊ ပင်လယ် (ခေါ်) မိုင်းမော၊ ပျူ မြို့ဟောင်းများနဲ့ ပတ်သက်၍ တင်သွင်း သွားနိုင်ရေး ဆောင်ရွက် သွားပါမယ်။

ပျူ မြို့ဟောင်းများကို ဆီရီယာ နော်မီနေးရှင်း အနေနဲ့ တွဲဆက် ရပ်တည်နေတဲ့ မြို့ဟောင်းများ အဖြစ် တင်သွင်းခဲ့တာ ဖြစ်လို့ နောက်ထပ် ပျူခေတ် နဲ့ ပတ်သက်တဲ့ မြို့ဟောင်းများ ကိုလည်း လုံလောက်တဲ့ အထောက်အထားများနဲ့ management တွေကို ခိုင်လုံအောင် ဆောင်ရွက်နိုင်ရင် တစ်ဆက်တည်း တင် သွင်းသွားနိုင် မှာပါ ဟု ယဉ်ကျေးမှု ဒုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ အမွေနှစ် စာရင်း တင်သွင်းနိုင်ရေး အတွက် World Heritage Convention သဘော တူညီချက်အား ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ပြဒါးလင်းဂူ၊ ပုဂံ၊ ပျူ မြို့ဟောင်း များ၊ မြောက်ဦး စသည်တို့ အပါအ၀င် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် ရှစ်ခုကို ယူနက်စကိုသို့ စာရင်း တင်းသွင်းခဲ့သည်။ ယင်းနောက် ဗိဿနိုး မြို့ဟောင်းနှင့် သရေခေတ္တရာ မြို့ဟောင်း၊ ဟန်လင်း မြို့ဟောင်း တို့ကို ယူနက်စကိုမှ လာရောက် စစ်ဆေးကာ ၂၀၁၄ခုနှစ် ဇွန်လတွင် ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင်များ အဖြစ် သတ်မှတ်ခဲ့ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန မှသိရသည်။

အခု တကောင်း ပင်လယ် (ခေါ်) မိုင်းမောတို့ အတွက် အချက်အလက် ပြည့်ပြည့်စုံစုံ မရှိသေးလို့ အမည် မသွင်းနိုင်သေး ပါဘူး။ပုဂံ၊ အင်းဝ၊ မြောက်ဦးတို့ အနက် ပုဂံကိုတော့ ယဉ်ကျေးမှု အမွေအနှစ် အတွက် ယခုနှစ်အတွင်းမှာ စတင် ပြင်ဆင်နေပါပြီ ဟု ဒေါ်စန္ဒာခင် က ပြောသည်။

ရှေးဟောင်းမြို့များကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်နိုင်ရေး အတွက် ဆောင်ရွက်ရာတွင် စီမံ ခန့်ခွဲရေး အပိုင်း၊ နယ်နိမိတ် သတ်မှတ်မှု၊ ထိန်းသိမ်းမှု၊ ကာကွယ်မှု အပါအ၀င် သတ်မှတ် စည်းမျဉ်း စည်းကမ်းများ ကိုက်ညီစေရန် ဆောင်ရွက်ရာ၌ အချိန် သုံးနှစ်မှ လေးနှစ်အထိ ကြာမြင့်ပြီး ၀န်ထမ်း အင်အား၊ ဒေသခံများ၏ အင်အား၊ ငွေကြေး ရန်ပုံငွေနှင့် စွမ်းဆောင်မှုများ သာမက အစိုးရ များ ၊လုပ်ငန်းရှင် များ ၀ိုင်းဝန်း ကူညီ ဆောင်ရွက်မှုများ မှာလည်း အဓိက လိုအပ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာနမှ သိရသည်။

messenger

မှတ်ချက်များ