ပထမအကြိမ်ကဲ့သို့ပင် ချယ်ရီဦးမှ တင်သွင်းလာသည့် နာရီအလုံး ၂၀၀၀ ကျော်မှာ ထုတ်လုပ်သည့်နိုင်ငံ မပါသည့်အတွက် ထုတ်ယူခွင့်မပြု
ပထမအကြိမ်ကဲ့သို့ပင် ချယ်ရီဦးမှ တင်သွင်းလာသည့် နာရီအလုံး ၂ဝဝဝ ကျော်မှာ ထုတ်လုပ်သည့်နိုင်ငံ အသားတံဆိပ်များ မပါရှိသည့်အတွက် ထုတ်ယူခွင့်မပြုသေးကြောင်း Mobile Team အပြည်ပြည်ဆိုင်ရာ
လေဆိပ်တာဝန်ခံ ဦးလန်းဆန်းဦးက ပြောကြားသည်။
ဦးလန်းဆန်းဦးက “အခုက စီအိုလွဲနေတာပေါ့။ နိုင်ငံသတ်မှတ်ချက်ပေါ့။ သူတို့ တင်ပြထားတာက တရုတ်
နိုင်ငံထုတ်တွေကို တင်သွင်းမယ်ဆိုတာပဲ။ ဒါပေမဲ့ အခုက ဘယ်နိုင်ငံထုတ်မှ ပါမလာဘူး။ နောက်တစ်ခုက သူတို့သွင်းဖို့ တင်ပြထားတာက အလုံးပေါင်း ၂၆၈၈ လုံးပေါ့။ ဒါပေမဲ့ နည်းပြီးတင်သွင်းလာတယ်။ ဒါကတော့ ပြဿနာသိပ်မရှိဘူး။ ပထမဖြစ်စဉ် တစ်ခုကလည်း စစ်ဆေးနေဆဲဆိုတော့ အခုကိစ္စတစ်ခု ထပ်ပြီးဖြစ်ပွားလာတဲ့အတွက် သိမ်းဆည်းထားပါတယ်” ဟု ပြောကြားသည်။
နာရီထုတ်လုပ်သည့်နိုင်ငံများ မပါဝင်လာခြင်းမှာ စားသုံးသူများကို အခက်အခဲ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ယင်း အတွက်လည်း သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားမှုများ ပြုလုပ်ထားပြီး စစ်ဆေးမှုလုပ်ငန်းများကို
ဆောင်ရွက်နေကြောင်း၊ ပစ္စည်းထုတ်ယူခွင့်ကိုလည်း မပြုသေးသည့်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်ရှိ သိုလှောင်ရုံတွင် သိမ်းဆည်းမှုများ ပြုလုပ်ထားကြောင်း ဦးလန်းဆန်းဦးက ပြောကြားသည်။
ပထမဖြစ်စဉ်မှာလည်း ယခုလ ၃ ရက်က ဖြစ်ပွားခဲ့ပြီး သွင်းကုန်လိုင်စင်အမှတ် IL 23111 (၂၁.၈.၂ဝ၁၄)၊ ID - 525623 (၁.၉.၂ဝ၁၄)၊ Air way Bil ဖြင့် ကိုရီးယားနိုင်ငံထုတ် Quartz အမျိုးအစား Romanson Brand Assorted Gents&Ladies Watch (with Accessories ) Stainless & Leather နာရီ ၉၃၇ လုံးအား တင်သွင်း လာခဲ့ပြီး Mobile Team အဖွဲ့နှင့် အကောင်ခွန်ထံသို့ ပြသစစ်ဆေးခံခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာအဖွဲ့များမှ ပူးပေါင်းစစ်ဆေးရာတွင် နာရီ ၉၃၇ လုံးမှာအရေအတွက် ကိုက်ညီမှုရှိခဲ့သော်လည်း ထုတ်လုပ်သည့်နိုင်ငံ မပါသည့် နာရီအလုံးပေါင်း ၈ဝဝ နှင့် Swiss Made (Swiss Quartz) အသားတံဆိပ်ပါရှိ သည့် နာရီ ၁၃၇ လုံး ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
၎င်းဖြစ်စဉ်တွင် Mobile Team မှ စစ်ဆေးပြီး သင့်လျော်သည့်တန်ဖိုးများဖြင့် ပြန်လည်ပြင်ဆင်သတ်မှတ်ရန်၊ အဆိုပါတန်ဖိုးအပေါ် အခွန်ပေးဆောင်ပြီးမှသာ ပစ္စည်းထုတ်ယူခွင့်ပြုရန် စီစဉ်ခဲ့သော်လည်း အကောက်ခွန် ဌာနမှ နာရီတစ်လုံးဒေါ်လာ ၄ဝ တန်ဖိုးဖြင့် ထုတ်ယူခွင့်ပေးလိုက်မှု ဖြစ်ပေါ်ခဲ့သည်။
ယင်းသို့ ထုတ်ယူခွင့်ပြုလုပ်မှုအပေါ်တွင် ပြန်လည်စိစစ်သွားမည်ဖြစ်သည့်အပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ လည်း အချက်အလက်များဖြင့် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
EMG

မှတ်ချက်များ