အိန္ဒိယ အားကစားမယ် စုန်းမဟု စွပ်စွဲခံရပြီး ဖမ်းဆီးရိုက်နှက်ခံရ


ဆုတံဆိပ်များစွာ ဆွတ်ခူးထားသော အိန္ဒိယ လှံတံပစ် အားကစားမယ် တစ်ဦးသည် ၎င်းနေထိုင်ရာ အရှေ့
မြောက်ပိုင်း အာသံပြည်နယ် ကျေးရွာတွင် စုန်းမဟု စွပ်စွဲခံခဲ့ရပြီး ကြိုးတုပ်ကာ ဝိုင်းဝန်းရိုက်နှက်ခြင်းကိုခံခဲ့ ရကြောင်း လူသိထင်ရှား ထုတ်ဖော် ပြောကြားလိုက်သည်ဟု BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရွှေတံဆိပ် ဆုပေါင်းများစွာ ရရှိထားသော လှံတံပစ် အားကစားမယ် အန်ဒက် ဂျာနီဘိုရာသည် ယင်းကိစ္စ
ကြောင့်ဒဏ်ရာများ ရသွားခဲ့သဖြင့် လာမည့် အာရှအားကစားပွဲတော်နှင့် လွဲချော်မည်ကို စိုးရိမ်လျက်ရှိသည်။

မစ်စ်ဘိုရာကို ဝိုင်းဝန်းရိုက်နှက်အောင် လူအုပ်ကို ပြောဆိုခဲ့သည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီး အရေးယူ ထားသည်။

အမျိုးသမီးများကို ပစ်မှတ်ထားသော စုန်းမဖမ်းပွဲများ အိန္ဒိယနိုင်ငံအနှံ့ နှစ်စဉ် ဖြစ်ပွားလေ့ရှိပြီး စွပ်စွဲခံရသူ များထဲမှ အချို့ နှစ်စဉ် သေဆုံးရလေ့ ရှိသည်။

ရိုးရာအယူအဆ အစွဲအလမ်းများကြောင့် ယင်းသို့ ပြုလုပ်လေ့ရှိပြီး တစ်ခါတစ်ရံ အမျိုးသမီးများ အထူးသဖြင့် ခိုကိုးရာမဲ့ မုဆိုးမများ၏ ခြံနှင့်ပိုင်ဆိုင်မှုများကို လိုချင်သဖြင့် ယင်းသို့ လုပ်ဆောင်မှုများ ရှိသည်ဟု လေ့လာ သူများက ပြောကြားကြသည်။

လှံတံပစ် အားကစားမယ် ဘိုရာသည် ဝေးလံခေါင်ဖျားသော တောင်ပေါ်ရွာလေး တစ်ရွာတွင် ခင်ပွန်းသည် ကလေးသုံးဦးနှင့်အတူ နေထိုင်ပြီး ယာလုပ်ငန်း လုပ်ကိုင်လျက်ရှိကာ စုန်းမဟု စွပ်စွဲခံရမှုသည် ယခုသီတင်း ပတ် အစောပိုင်းတွင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ရွာထဲတွင် အမျိုးသားတစ်ဦး သေကြောင်းကြံစည်သွားခြင်း အပါအဝင် လူလေးဦး သေဆုံးသွားပြီးနောက် သူမကို စုန်းမဟု စွပ်စွဲကာ ဝိုင်းဝန်းတိုက်ခိုက်ကြခြင်း ဖြစ်သည်။

ရွာသူရွာသားများက အားကစားမယ်ကို တရွတ်တိုက် ဆွဲခေါ်သွားကာ ရွာဝတ်ပြု ကိုးကွယ်ရာ နေရာတွင် လူစုလူဝေးဖြင့် စုန်းမဟု ဝိုင်းဝန်းစွပ်စွဲကြကာ ရိုက်နှက်ကြခြင်း ဖြစ်သည်။

မစ်စ်ဘိုရာက သတင်းစာဆရာများကို ယင်းကိစ္စအား ပြန်လည်ဖွင့်ဟ ပြောကြားခြင်း ဖြစ်သည်။

“ဘာကြောင့် သေဆုံးမှုတွေ ဖြစ်ရသလဲ ဆိုတာကို မဖော်ထုတ်ဘဲနဲ့ အချို့ရွာထဲက လူကြီးတွေက စုန်းမပြု စားလို့ လူတွေ သေနေရတယ်လို့ ယူဆလိုက်ကြပြီး ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ကြတယ်။ ရွာသားများက ဘုရားစာများ ရွတ်နေစဉ်မှာ အဘွားတစ်ယောက်က ကျွန်မဟာ စုန်းမပါလို့ ထပြီးအော်ခဲ့ပါတယ်” ဟု ဘိုရာ က ပြောပြသည်။

The Voice Weekly

မှတ်ချက်များ