ငွေဆောင်ကမ်းခြေ ရေကူးသူများ ဘာတွေသတိထားရမလဲ


ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က ငွေဆောင်ကမ်းခြေဟာ ယခင်ကတော့ ပြည်ပခရီးသွားတွေပဲ လာရောက် လည်ပတ်တာများပေမယ့် အခုကတော့ ပြည်တွင်းခရီးသွားတွေပါ တိုးမြင့်ဝင်ရောက်လာပါပြီ။ ဒီလိုမျိုးခရီး သွားတွေ တိုးမြင့်လာတာနဲ့အတူ ငွေဆောင်ကမ်းခြေမှာ ပင်လယ်ရေကူးရင်း ရေနစ်သေဆုံးမှုတွေလည်း
ဖြစ်ပွားလာခဲ့ပါတယ်။

မနှစ်ကဆိုရင် ရေနစ်သေဆုံးသူ ၇ ဦးရှိခဲ့တဲ့အနက် ၆ ဦးက မြန်မာနိုင်ငံသား ခရီးသွားတွေဖြစ်ကြောင်း
ငွေဆောင်ရဲစခန်း လူသေမှုမှတ်တမ်းတွေအရ သိရပါတယ်။

ရေကူးရာမှာ သတိထားရမယ့်အချက်တွေကို ဟိုတယ်တွေက ထုတ်ပြန်ပေးထားပါတယ်။ ဒါပေမယ့် မြန်မာ ဘာသာနဲ့သတိပေးချက်တွေကို မြန်မာခရီးသွားအများစုဟာလိုက်နာမှုအားနည်းတဲ့အတွက် အခုလို ကြေ ကွဲဖွယ်ဖြစ်ရပ်တွေ ပေါ်ပေါက်ရတာဖြစ်တယ်လို့ လုပ်သက် ၁၄ နှစ်ရှိပြီဖြစ်တဲ့ ယုဇနဟိုတယ် မန်နေဂျာ ဦးသိန်းစိုးက ဧရာဝတီကို ပြောပါတယ်။

“ကျနော့်လုပ်သက်တလျှောက်တော့ ငွေဆောင်မှာရေနစ်တာက ပြည်တွင်းက ပိုများပါတယ်။ရေဆင်းချိုး မယ်ဆို သတိထားရမယ့်အချက်တွေ ဟိုတယ်တာဝန်ရှိသူတွေက ထုတ်ပြန်ပေးထားပါတယ်။ဒါပေမယ့်
ပြည်တွင်းခရီးသွားတချို့ကျတော့ သတိပေးချက်တွေကို လိုက်နာမှု အားနည်းတယ်။ တချို့ဆိုငါ ရေကူး တတ်တာပဲဆိုပြီး သတိထားဖို့ ပြောနေရင်းနဲ့ကို မျက်စိရှေ့တင် ရေနစ်တာတွေ ဖြစ်ကုန်တာ။ပြည်ပခရီးသွား ကကျတော့ သတိပေးထားရင် သူတို့လိုက်နာတယ်။ အဲဒီတော့ ဘေးကင်းတာပေါ့”

ငွေဆောင်မှာ ရေနစ်မှုအဖြစ်များတာကတော့ မိုးတွင်းကာလ လှိုင်းကြီးချိန်တွေမှာဖြစ်ပြီး သတိမထားဘဲ ရေ ကူးရာကနေ လှိုင်းနဲ့အတူ ပင်လယ်ထဲပါသွားတာတွေ ဖြစ်လေ့ရှိတယ်လို့ ငွေဆောင်ရဲစခန်းမှူးရဲအုပ်ထွန်း ထွန်းစိုးက ပြောပါတယ်။

“ရေနစ်မှုအဖြစ်များတာက မိုးတွင်းလှိုင်းကြီးချိန်ပေါ့။ တချို့ကပင်လယ်မရောက်ဖူးတော့သတိပေးချိန်တောင်
မရလိုက်ဘူး။ ရောက်တယ်ဆိုတာနဲ့ ချက်ခြင်းရေဆင်းကူးတော့ ရေနစ်တာတွေ ဖြစ်ကုန်တာပေါ့။ဟိုတလော ကဆိုရင် ၀ိုင်းစုခိုင်သိန်းနဲ့ စန္ဒီမြင့်လွင်တို့ရဲ့ မိတ်ကပ်ဆရာ ၂ ယောက် ရေနစ်သေ ဆုံးမှုဖြစ် သွားတယ်။
သူတို့ဆို ဂျင်းဘောင်းဘီရှည်တွေနဲ့ ရေဆင်းကူးတာ။လှိုင်းရိုက်တော့ ရေထဲပါသွားရော”လို့သူက ပြောပါ တယ်။

ဒါကြောင့် ငွေဆောင်မှာရေကူးမယ်ဆိုရင်..

- ငွေဆောင်က ဟိုတယ်နဲ့ ဒေသခံတွေကို ဆောင်ရန်/ရှောင်ရန်တွေ ကြိုတင်မေးမြန်းပြီးမှ ရေကူးသင့်ပါတယ်။

- ရေကူးရာမှာ သတိထားဖို့ထုတ်ပြန်ချက်တွေကို အလေးထားလိုက်နာဖို့ လိုပါတယ်။

- ရာသီဥတုမကောင်းချိန်၊ လှိုင်းကြီးချိန်မှာ ရေမကူးသင့်ပါ။

- ရေကူးတတ်တယ်ဆိုပြီး အတင့်မရဲသင့်ပါ။ ပင်လယ်ပြင်မှာ ရေကူးတတ်ခြင်းက အသုံးမ၀င်တတ်ပါဘူး။

ဒါတွေကတော့ ငွေဆောင်ဟိုတယ်များနဲ့ ဒေသခံတွေပြောပြတဲ့ ငွေဆောင်မှာရေကူးမယ်ဆို သတိထားသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။

ဒါတွေလိုက်နာမယ်ဆို ငွေဆောင်မှာ ရေကူးရာမှာ ဘေးကင်းပါလိမ့်မယ်။

ဒီနှစ် ခရီးသွားရာသီမှာ ခရီးသွားတွေ ရေနစ်သေဆုံးမှုမဖြစ်ဖို့ အထူးကြပ်မတ်ဆောင်ရွက်သွားမယ်လို့ ငွေဆောင်ဟိုတယ်တွေက ပြောပါတယ်။

“ဒီနှစ်ရာသီမှာ ခရီးသွားတွေ ရေနစ်မှုတွေ မဖြစ်ဖို့ ဟိုတယ်အားလုံး တိုင်ပင်ပြီး လုံခြုံရေးတွေအပြည့်ချဖို့ စီမံထားတယ်။ ရေကူးသူ ခရီးသွားအနားမှာ အသက်ကယ်ဘောတွေ ချထားပေးမယ်၊ ရေပြင်အသက်ကယ် သင်တန်းတက် ထားသူက ကမ်းနားမှာ စောင့်နေမယ်။

အသက်ကယ်အင်္ကျီတွေထားမယ်။ ရစ်ဘီးပါတဲ့ အသက်ကယ်ကြိုးတွေ၊ ၀ီစီတွေ၊ လက်ကိုင်စပီကာတွေ ပြင် ဆင်ထားတယ်”လို့ ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။

ငွေဆောင်ကမ်းခြေဟာ ကမ်းခြေအရှည် ၄ မိုင်ခွဲရှိပြီး ပင်လယ်ရေလည်း ကြည်လင်ပြီး ချောင်းသာထက်စာ ရင် နိုင်ငံခြားသား ခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်လေ့ရှိပါတယ်။

ကမ်းခြေအရှည် ၁ မိုင်ခွဲရှိပြီး ပင်လယ်ရေနောက်ပေမယ့် ရေတိမ်တဲ့ ချောင်းသာကမ်းခြေကတော့ ပြည် တွင်းခရီးသွား အများဆုံး လာရောက်လည်ပတ်လေ့ရှိပါတယ်။

ဆလိုင်းသန့်စင်


မှတ်ချက်များ