ရွှေဆံတော်စေတီ စွယ်တော်တိုက် အလှူခံပုံး အဖောက်ခံရ
၁၁ ရက်နေ့ နေပခင်းပိုင်းက ပြည်မြို့ ရွှေဆံတော်စေတီ စွယ်တော်တိုက်အတွင်းရှိ အလှူခံပုံး မှန်ခွဲပြီး အလှူငွေများ ခိုးယူပြေးသူကိုဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ခိုးယူသူအား နာရီဝက်အတွင်းဖမ်းဆီးရမိခဲ့ပြီး လုံခြုံရေးကင်မရာမှတ်တမ်းတွေက တဆင့် ပြန်တွေ့ရတဲ့ ခိုးယူသူလှုပ်ရှားခဲ့တဲ့ မြင်ကွင်းတွေကိုလည်း ရဲဝန်ထမ်းတဦးက ရှင်းပြပါတယ်။
“သူက ပထမ စွယ်တော်တိုက်ထဲဝင်တယ်။သူခိုးမယ့် အလှူခံပုံးရဲ့ မှန်ကို ခွဲလိုက်တယ်၊ချက်ခြင်းအလှူငွေ
တွေကို မယူသေးဘူး။အဲဒီကနေပြန်ထွက်လိုက်တယ်။သူမှန်ခွဲတာကို လူတွေ သိမသိ အရင် အခြေအနေ ကြည့်တယ်။ ပြီးမှ ပြန်ဝင်ပြီး စိမ်ပြေနပြေကို ထိုင်ခိုးနေတာ”
ရွှေဆံတော်စေတီ စွယ်တော်တိုက်အတွင်း အလှူခံ မှန်ပုံး ၁၂ ပုံး ရှိတဲ့ထဲက ၁ ပုံး မှန်ခွဲ ခိုးယူခံရခြင်းဖြစ် တယ်လို့ ပြည်မြို့မြို့မရဲစခန်း ရဲမှတ်တမ်းတွေက ဆိုပါတယ်။
မှန်ကွဲတွေမြင်လို့ အလှူခံပုံးအဖေါက်ခံရတာသိတဲ့ ဂေါပကအဖွဲ့တွေကတိုင်ကြားတဲ့အခါဘုရားပေါ်မှာ မသင်္ကာ သူကို ပိုက်စိပ်တိုက်ရှာကြပါတယ်။
ရှာဖွေမှု မအောင်မြင်လို့ ဘုရားပေါ်မှာ တပ်ဆင်ထားတဲ့ CCTV ရဲ မှတ်တမ်းတွေကို ရယူပြီးတဲ့နောက်မှာ ခိုးယူသူအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းမြို့မရဲစခန်း ယာယီစခန်းမှူး ဒုရဲအုပ်ဇင်မင်းဦးက ဧရာဝတီ ကိုပြောပါတယ်။
“ခိုးတဲ့လူရဲ့ အထင်ရှားဆုံးပုံရိပ်ကို … နယ်ထိန်းတွေဆီ ချက်ခြင်းပို့ပြီး ရှာခိုင်းတော့ ရွှေဂူရပ်ကွက် ပွဲစား တန်းမှာ တန်းမိတာပဲ။အလှူငွေကတော့ ၂ သိန်း ၄ သောင်းကျော်ပါ။အခု သူ့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ နဲ့ အရေးယူထားပါတယ်”
သီတင်းကျွတ်လပြည့်နေ့လို အခါကြီးရက်ကြီးပြီးတဲ့အခါ အလှူခံပုံးတွေမှာ လှူဒါန်းငွေတွေ အပြည့်ရှိတတ်ပါ တယ်။
အခုလို ပြည်မြို့ ရွှေဆံတော်စေတီ စွယ်တော်တိုက်အတွင်း ထားရှိတဲ့ အလှူခံပုံးမှန်ကို ခွဲပြီး ခိုးယူခြင်းဟာ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
ကောင်းမြတ်မင်း | ဧရာဝတီ

မှတ်ချက်များ