လိင်ကွဲပြားမှု လေးစားရန် ချီလီတွင် လူ ထောင်ချီ ချီတက်တောင်းဆို


ချီလီနိုင်ငံ ဆန်တီယာဂို မြို့လမ်းတွေမှာ လိင်ကွဲပြားမှုကို လေးစားဖို့ တောင်းဆိုတဲ့ ချီတက်ပွဲကို စနေနေ့က
ပြုလုပ်တဲ့အခါ လူထောင်နဲ့ ချီပြီး ပူးပေါင်းပါဝင်ခဲ့ပါတယ်။

တချို့က ပုံမှန် အ၀တ်အစားတွေ ၀တ်ထားပေမယ့်၊ တချို့က တောက်တောက်ပြောင်ပြောင် အ၀တ်အစားတွေကို ၀တ်ပြီး ဂေးတွေရဲ့ အမှတ်အသား အလံတွေကို ကိုင်ဆောင်ပြီး ချီတက်ခဲ့ကြပါတယ်။

ထင်ရှားတဲ့ ဂေးအခွင့်အရေး တက်ကြွလှုပ်ရှားသူ လူ့ဝစ် လာရိန်း Luis Larrain လည်း ချီတက်ပွဲမှာ ပါဝင်ပြီး ချီလီအစိုးရကို အိမ်နီးချင်းနိုင်ငံတွေနည်းတူ မူဝါဒတွေ ချမှတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အာဂျင်တီးနား၊ ဘရာဇီး၊ ဥရုဂွေးတို့မှာ ဂေးတွေ ထိမ်းမြားလက်ထပ်ခွင့်ကို တန်းတူခွင့်ပြုထားတဲ့အချိန်မှာ ချီလီမှာတော့ သမဂ္ဂတွေက ဥပဒေပြဋ္ဌာန်းရေး ကိစ္စကို ဆွေးနွေးနေဆဲ အဆင့်ဖြစ်လို့ နောက်ကျနေတယ်လို့ သူက ပြောပါတယ်။

ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကလည်း ဂေး စုံတွဲတွေအပေါ် သဘောထားကို ခေတ်နဲ့ အညီပြုပြင်ဖို့လည်း သူကတိုက်တွန်းလိုက်ပါတယ်။

ဆန္ဒပြသမား ဖရန်ကို ဖူကာ Franco Fuica ကလည်း လိင်ပြောင်းထားသူတွေကို စိတ်ပိုင်း မူမမှန်သူတွေလို့ အထင်ခံရတာ ၀မ်းနည်းစရာကောင်းတယ်လို့ ပြောပါတယ်၊

ချီလီမှာ လိင်တူ စုံတွဲတွေဟာ တခြား လိင်ကွဲ စုံတွဲတွေလို ဥပဒေကြောင်းအရ တန်းတူ အခွင့်အရေး မရကြပါဘူး။

ဒီလအစောပိုင်းမှာ ချီလီ အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေမှာ လက်ထပ်ထားခြင်း မရှိတဲ့ လိင်တူစုံတွဲတွေနဲ့ လိင်ကွဲ စုံတွဲတွေရဲ့ အခွင့်အရေးကို ဥပဒေအရ အသိအမှတ်ပြုထားပါတယ်။ ဒါပေမယ့် အဲဒီ ဥပဒေကို ပြည်သူ့လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ဖို့ လိုအပ်နေပါသေးတယ်။

DVB



မှတ်ချက်များ