တိုက်ပေါ်မှ ခုန်ချရန်ကြံစည်သူ အင်တာနာကြိုးကြောင့် တွဲလောင်းကျ

တာမွေမြို့နယ် ကျားကွက်သစ် ရပ်ကွက် စိတ္တသုခ လမ်းရှိ ခြောက်လွှာတိုက်တွင် နိုဝင်ဘာလ ၂၁ ရက် နံနက် ၁ နာရီခန့်က အသက် ၃၃ နှစ် အရွယ်ရှိ အမျိုး သားတစ်ဦမှာ နှစ်လွှာတိုက်ခန်းရှိ ဆန်းရှိတ်ပေါ် တက် ကာ ခုန်ချရန် ကြံစည်နေစဉ် ဟန်ချက်ပျက် ပြုတ်ကျခဲ့ ရာမှ ပထမထပ်ရှိ ဝရန်တာနှစ်ခုအကြား တွဲလောင်း ကျနေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေး
ဆောင်ရွက်ပေးခဲ့ရကြောင်း တာမွေမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ခြောက်လွှာတိုက်ရှိ သုံးလွှာ တိုက်ခန်းတွင် နေသူ ကိုဇော်မိုးနိုင်မှာ နေအိမ်တံခါးများကို ပိတ်ကာ ဝရန်တာမှတစ်ဆင့် နှစ်လွှာတိုက်ခန်းမှ ဆန်းရှိတ်ပေါ်ဆင်းကာ ခုန်ချသတ်သေမည်ဟု အော်ဟစ်ပြောဆိုပြီး ပထမထပ် ဝရန်တာဘက်သို့ တွယ်ဆင်းခဲ့ကြောင်း၊ ယင်းနောက် ဝရန်တာဘောင်ပေါ်ရှိ ပန်းအိုးနှင့် ခလုတ် တိုက်ကာ အောက်သို့ ပြုတ်ကျခဲ့ရာမှ အနီးရှိ အင်တာနာကြိုးကို ဆွဲကိုင်မိကာ တွဲလောင်းဖြစ်နေသော
ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များက မြေပြင်သို့ ချီချပေးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“မီးခံသေတ္တာသော့ တောင်းတာကို မိသားစုက ထုတ်မပေးလို့ ဓားကိုင်ပြီး အိမ်ထဲမှာ ပတ်သောင်းကျန်းနေ တာ။ မိသားစုက မနေရဲလို့ ရဲစခန်းလာ အကြောင်းကြားတုန်း သူက တံခါးတွေ ပိတ်ပြီး တိုက်ပေါ်က ခုန်ချဖို့ လုပ်နေတာ။ ကံကောင်းတာက ဟန်ချက်ပျက်ပြီး ပြုတ်ကျချိန်မှာ အင်တာနာကြိုးကို သွားဆွဲမိလို့” ဟု တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါ တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အမျိုးသားမှာ အရက်သေစာ အလွန်အကျွံ သောက်စားထား
ကြောင်း၊ ၎င်းတိုက်ပေါ်မှ ခုန်ချရန် ဆန်းရှိတ်အပေါ်မှ အော်ဟစ်နေစဉ် ရပ်ကွက်နေသူများနှင့် ၎င်း၏ မိသားစုဝင်များက မခုန်ချရန် ဝိုင်းဝန်းတောင်းပန်မှုကြောင့် ပထမထပ် ဝရန်တာဘက်သို့ ကူးစဉ် ပြုတ် ကျချိန် အင်တာနာကြိုး ကိုင်ကာ ၁၅ မိနစ်ခန့် လေထဲတွင် တွဲလောင်းဖြစ်နေခဲ့ကြောင်း ကျားကွက်သစ်ရပ် ကွက် အုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

တိုက်ပေါ်မှခုန်ချရန် ကြံစည်ခဲ့သူ ကိုဇော်မိုးနိုင်ကို တာမွေမြို့မ ရဲစခန်းက ထိန်းသိမ်းထားပြီး ၎င်းမှာ စိတ်ဝေဒနာ ခံစားနေရသူ ဟုတ်မဟုတ် စစ်ဆေးမည် ဖြစ်ပြီး စိတ်ကျန်းမာရေး မချို့တဲ့ပါက မိမိကိုယ် ကို သေကြောင်းကြံစည်မှုဖြင့် အမှုဖွင့်မည် ဖြစ်ကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice


မှတ်ချက်များ