အစ္စရေးကို အရေးယူ ပိတ်ဆို့ပေးရန် ကုလသမဂ္ဂကို ဆီးရီးယားတိုင်ကြား

အစ္စရေးအပေါ် အရေးယူ ပိတ်ဆို့မှုများ သတ်မှတ် ပြဋ္ဌာန်းပေးပါရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ဆီးရီးယား အစိုးရက တိုက်တွန်း တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က အစ္စရေး လေတပ် တိုက်လေယာဉ်များက ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက်မြို့
တော် လေဆိပ်ရှိ လက်နက်သိုလှောင်ရုံကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားဘက်က စွပ်စွဲခဲ့ပြီးနောက် ယခုကဲ့သို့ တောင်းဆိုမှု ပြုလုပ်လာခြင်း ဖြစ်သည်။

မျက်မြင်များက အစ္စရေး လေတပ်မှဟု ယူဆရသည့် တိုက်လေယာဉ်များသည် ဒမတ်စကက် အပြည်ပြည် ဆိုင်ရာ လေဆိပ်အနီးရှိ လက်နက်သိုလှောင်ရုံများကို ဒီဇင်ဘာ ၇ ရက်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း
ပြောကြားခဲ့သည်။ အဆိုပါ လက်နက်ရုံများတွင် ရုရှားလုပ် S-300 ဝေဟင်ပစ် ဒုံးကျည်လက်နက်များ သိုလှောင်ထားကြောင်း သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။ ဆီးရီးယား၏ စွပ်စွဲမှုနှင့် ပတ်သက်၍ အစ္စရေးက တစ်စုံတစ်ရာ တုံ့ပြန် မှတ်ချက်ပေးမှု မပြုလုပ်ခဲ့ချေ။

အစ္စရေးသည် ဆီးရီးယား ပြည်တွင်းစစ် ဖြစ်ပွားနေသည့် (၃)နှစ်တာ အတောအတွင်း အိမ်နီးချင်း နိုင်ငံ အတွင်းသို့ ဝင်ရောက်ကာ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးပြီး အထူးသဖြင့် လက်နက်များကို ပစ်ခတ် ဖျက်ဆီးလေ့ရှိသည်။ ယင်းလက်နက်များသည် မိမိတို့၏ ရန်သူတော်ဖြစ်သည့် လက်ဘနွန်
ပြောက်ကျားတပ်ဖွဲ့ ဟစ်ဇ်ဘိုလာတို့ထံ ရောက်ရှိသွားနိုင်ကြောင်း အစ္စရေးက အကြောင်းပြလေ့ ရှိသည်။

ဒီဇင်ဘာ ၈ ရက်တွင်မူ ဆီးရီးယား အစိုးရသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းနှင့် ဒီဇင်ဘာလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆိုင်ရာ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ချတ်ဒ်နိုင်ငံတို့ထံ လိပ်မူပြီး တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့သည်။

အဆိုပါ စာထဲတွင် အစ္စရေး၏ ကျူးကျော်မှုမျိုးသည် အကြမ်းဖက်မှုများကို တိုက်ဖျက်ရန် သက်ရောက်မှု မရှိဘဲ မိမိတို့ နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးရာရောက်ကြောင်း စွပ်စွဲ ဖော်ပြထားသလို ဆီးရီးယား အနေဖြင့် အစ္စရေး၏ လုပ်ရပ်အပေါ် လုံခြုံရေးကောင်စီက ချဉ်းကပ် အရေးယူပေးရန် တောင်းဆိုကြောင်း
ဖော်ပြထားသည်။

အစ္စရေးသည် သူပုန်တပ်များနှင့် ဆီးရီးယား အစိုးရတို့ကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ်တွင် မည်သည့် ဘက်ကမျှ မပါဝင်ဘဲ လက်ရှောင်နေသလို မိမိတို့၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း လူသိရှင်ကြား မရှိခဲ့ချေ။

လတ်တလောတွင် အမေရိကန် ဦးဆောင်သည့် မဟာမိတ် ပူးပေါင်းလေတပ်များသည်လည်း ဆီးရီးယား ပိုင်နက်ထဲ ဝင်ရောက်ကာ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့ကို ထိုးစစ်ဆင် ဗုံးကြဲမှုများ
ပြုလုပ်လျက်ရှိသည်။

7day


မှတ်ချက်များ