ယောက်ျား မဟုတ်လည်း ချစ်ပါတယ်



ယောက်ျားပီသပြီး ဆွဲဆောင်မှု ရှိလှတဲ့ အမျိုးသား တစ်ယောက်ကို ချစ်သူအဖြစ် ရရှိထားပြီးမှ ဒီအမျိုးသား ဟာ ယောက်ျား စစ်စစ်မဟုတ်ခဲ့ဘူး ဆိုတာကိုသိရတဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ ဘယ်လိုများခံစား ရ နိုင်ပါသလဲ။

လန်ဒန်မြို့က အသက် ၂၀ အရွယ် ရှားလော့ယူရီဆိုတဲ့ မိန်းကလေးဟာ သူ့ရည်းစား အသက် ၂၃ နှစ်ရှိ ကီရန် မိုလိုနီက မိန်းမ တစ်ဦးအဖြစ် မွေးဖွားလာပြီး ထူး ထူးခြားခြား ယောက်ျား တစ်ဦးအဖြစ် ပြောင်းလဲ ထားတယ် ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာတော့ အတော်လေးကို တုန်လှုပ်သွားခဲ့ တာပါ။ ဒါပေမဲ့ လည်း စစ်မှန်တဲ့ မေတ္တာတရားရဲ့ ဆွဲဆောင်မှုကို လွန်ဆန်နိုင်ဖို့ ခဲယဉ်းတာကြောင့် လက်ရှိ အချိန်မှာတော့ ချစ် သူရဲ့ အတိတ် ဇာတ်ကြောင်းကို လက်ခံလိုက်ပြီး ဘ၀တစ် ခု တည်ဆောက်ဖို့ အထိ ရည်ရွယ်လျှက် ရှိနေ ပါတယ်။

"ကျွန်မအနေနဲ့ ကီရန်က မိန်းမတစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာ ဘယ်လိုလုပ် ထင်မှာလဲ။ ချက်ချင်းကြီး သိလိုက်ရတော့ တော်တော်ကို တုန်လှုပ် အံ့သြရ တာပေါ့။ ဒါပေမဲ့ ကျွန်မသူ့ ကို တကယ်ချစ်တယ်။ ဒါကြောင့် သူနဲ့ မိသားစုဘဝ တည်ဆောက်မှာ ဖြစ်တယ်"လို့  ယူရီက ပြောပါတယ်။

ကီရန်ဟာ မိန်းကလေး အဖြစ်ကနေပြီး လိင်ပြောင်းထားသူ ယောက်ျားတစ်ဦး ဖြစ်တာကြောင့် ကလေး ရအောင် စွမ်းဆောင်နိုင်စွမ်း ဘယ်လိုမှ မရှိတာကြောင့် ကလေးယူဖို့ ကိစ္စကိုလည်း တစ်ခြားနည်းလမ်း တစ်ခုနဲ့ ဖြေရှင်းဖို့ ကြံရွယ်ထားပါတယ်။ ဒါကတော့ ကီရန်ရဲ့ သူငယ်ချင်း တစ်ဦးဆီက သုတ်ပိုး လှုဒါန်းမှု အကူ အညီနဲ့ အိမ်ထောင်တည်ထောင် မိသားစု သိုက်မြုံ တည်ဆောက်ဖို့ ယူရီနဲ့ ကီရန်တို့ နှစ်ဦးက ရည်စူး ထားကြခြင်း ဖြစ်ပါတယ်။

"ကာရန်းက သိပ်ကို ယောက်ျား ပီသတဲ့သူပါ။ ကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်းလည်း ဖြစ်တယ်။ လိင်ပြောင်းထားသူ ဖြစ်လို့ ဆိုတဲ့ အတွေး ကျွန်မအတွက် မရှိတော့ဘူး" လို့ ယူရီက ပြောခဲ့ပါတယ်။

အရင်က နယူးဇီလန်မှာ နေထိုင်ခဲ့ပြီး လက်ရှိမှာ လန်ဒန်မြို့ သို့ ပြောင်းလာကာ နေထိုင်နေတဲ့ ကီရန် ကလည်း "ယူရီကို တွေ့ စမှာပဲ သူ့ အလှမှာ နစ်မျော ခဲ့ရ တာပါ။ ဒါပေမဲ့ ကျွန်တော်ကို ဘယ်လို တုံ့ ပြန်မ လဲ ဆိုတာအတွက် ကြောက်လန့် နေခဲ့တယ်။ ကျွန်တော်ရဲ့ လျို့ ဝှက်ချက်ကို ထုတ်မပြောခင် ကျွန်တော်နဲ့ 
ယူရီ တို့ နားလည်မှု ရှိထားဖို့ အချိန်လည်း လိုတယ် မဟုတ်လား"လို့ ကာရန်းက ပြောပြပါတယ်။

"ကျွန်တော်အရင် ရည်းစားတွေတုန်း ကဆို ကျွန်တော်အဖြစ်ကို သိသွားတဲ့ အခါ ရှက်ကြတယ်။ ဒါပေမယ့် ယူရီကျတော့ ကျွန်တော်ကို လက်ခံပေး တယ်။"လို့  လည်း ကီရန်က ပြောပါတယ်။ မိန်းကလေး ဘဝက ကာရီလို့ ခေါ်တဲ့ကီရန်က ငယ်စဉ်ကစပြီး မိန်းကလေး အဖြစ်ကို မလိုချင်ဘဲ ယောက်ျားလေး တစ်ဦးသာဖြစ် ချင်ခဲ့သူပါ။ ဒါကြောင့် ယောက်ျားလေးတွေရဲ့ ဘဝကို အားကျ ခဲ့တယ်။ မိန်းကလေး ဖြစ်လို့ သဘာဝကြောင့် ဆူဖြိုးလာတဲ့ ရင်သားတွေ ကိုလည်း အားကစား ဝတ်စုံ ကျပ်ကျပ်တွေ ဝတ်ပြီး ဖုံးဖိခဲ့သူပါ။ ဒါပေမဲ့ သူ ၁၄ နှစ်သမီး အရွယ်မှာ ယောက်ကျားလေး တစ်ဦးနဲ့ လိင်ဆက်ဆံပြီး အပျိုရည် ပျက်ခဲ့ပါတယ်။ ဒီလို လိင် ဆက်ဆံမိ တာကိုလည်း မှားယွင်းတဲ့ ခံစားမှုအဖြစ် ထင်ခဲ့ပါတယ်။

ထိုအချိန်က စပြီး ကာရန်းဟာ ဟိုမုန်းဆေးတွေကို သောက်သုံး ခဲ့ပါတယ်။ အကြံပေးသူ တစ်ဦးရဲ့ လမ်းညွန် မှုနဲ့ ဟိုမုန်းဆေး တွေကို သောက်ခဲ့ခြင်း ဖြစ်ပြီး ဟို မုန်းဆေး တွေကြောင့် မုတ်ဆိတ် ပါးသိုင်းမွေးတွေ
ပေါက်လာတယ်။ ကိုယ်ကာယ ကြံ့ခိုင်ရေးလည်း လုပ်ခဲ့တယ်။ ကီရန်ရဲ့ မိခင်ဖြစ်သူ ဘရိုနက်မိုလိုနေး ကိုယ် တိုင်လည်း သားအဖြစ် ဆက်ဆံပြီး ကီရန်လို့ စတင်ခေါ်တော့ တာပါ။

နောက်ဆုံးမှာ မိခင်ဖြစ်သူက ငွေကြေး အကုန်ခံပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ သားမြတ်တွေ ကို ဖြတ်ထုတ် ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း မှာ ကီရန်ဟာ ယူရီနဲ့ တွေ့ ဆုံခဲ့ပြီး ချစ်သူများ ဖြစ် ခဲ့ကြခြင်း ဖြစ်ပါတယ်။ ချစ်သူ ဖြစ်ပြီး တစ်လ အကြာမှာ လိင်ပြောင်းထားသူ ဖြစ်ကြောင်း အမှန်အတိုင်း ချစ် သူယူရီကို သိစေ ခဲ့တာပါ။

လက်ရှိအချိန် မှာတော့ ၎င်းတို့ နှစ်ဦးဟာ အတူ နေထိုင်လျက်ရှိပြီး သားသမီး တွေနဲ့အတူ မိသားစုဘဝ တည်ထောင်ဖို့ ပြင်ဆင် နေပါတယ်။ "ကီရန်ကကျွန်မရဲ့  စိတ်တူကိုယ်တူ ဘဝအဖော်ပါ။ ကျွန်မတို့ နှစ် ဦးလုံး အကောင်းဆုံး မိဘတွေ ဖြစ်ရမယ်။ သားသမီးတွေ အရွယ်ရောက် ကြီးပြင်းလာချိန်၊ မိဘတွေကို နားလည် ချစ်ခင်တယ် ဆိုရင် ကီရန်ရဲ့ ဘဝမှန်ဖြစ်တဲ့ မိန်းကလေး အဖြစ် မွေးဖွားလာတယ် ဆိုတာကို ဖွင့်ပြော အသိပေးသွား မှာပဲ ဖြစ်ပါတယ်"လို့ ယူရီက ပြောသွား ခဲ့ပါတယ်။

mizzima

မှတ်ချက်များ